သတိပြုဖို့ လိုအပ်နေပြီ ဖြစ်တဲ့ ရခိုင်ရိုးမ ကာကွယ်ဖို့ အရေး

By မိုးအောင် | Posted on August 26, 2016 | Also posted in Burma Affair, Feature | | Tagged , , , |

456 Views

%e1%80%99%e1%80%99%e1%80%99

 

untitled-1

 

မိုးအောင် ရေးသည်။

ဇူလိုင်လ ၁၅ ရက်နေ့က ဂွမြို့နယ်၊ ငသိုင်းချောင်း၊ ကားလမ်းနံဘေး မိုင်တိုင် ၃၈ မိုင် ၃ ဖာလုံ ငထွေချောင်းဖျားအနီးက ရခိုင်ရိုးမတောမှာ အစွယ်ဖြတ်ပြီး အရေခွံဆုတ် ခံထားရတဲ့ ဆင်တစ်ကောင်ကို ဒေသခံတွေက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက ဇူလိုင် ၂၉ ရက်နေ့မှာ ကျူးလွန် သူ (၄) ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူတို့တွေရဲ့  ထွက်ဆိုချက်အရ အဲဒီ ဂိုဏ်းဟာ ယခင်ကလည်း ဆင်တွေကို ဖမ်းဆီးဖြတ်ခဲ့ကြောင်း သိရပါတယ်။

“ဒေသခံ အမဲလိုက်မုဆိုး တချို့ပါနေတယ်။ ဒီကိစ္စဟာ ရခိုင်ရိုးမတောအတွက် စိုးရိမ်ရတဲ့ အရာပါပဲ” ဟု သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးမောင်မောင်ကြည်က ပြောပါတယ်။

သြဂုတ် ၁၉ ရက်နေ့မှာ သဘာဝပိုက်လိုင်းနဲ့ ဆက်စပ်ပြီး မြေ ယာလျော်ကြေး အတွက် စစ်ဆေးရေး အဖွဲ့တွေဟာ အမ်းတောင် အုပ်စုမှာ စုပုံထားတဲ့ ကျွန်းသစ်တွေကို တွေ့ရှိခဲ့ရသလို၊ သြဂုတ် ၂၂ ရက်နေ့မှာ တောင်ကုတ်မြို့နယ် စလူးကျေးရွာက သစ်တန်ချိန် ၇ ဒဿမ ၄၈၅ တန်ကို တရားမ၀င် သယ်ဆောင်လာတဲ့ ယာဉ် (၂) စီးကို လည်း ဖမ်းမိခဲ့ပါတယ်။

ခုလို ရခိုင်ရိုးမတော တလျှောက် သဘာဝ တောရိုင်းတိရစ္စာန်တွေ သတ်ဖြတ် ခံနေရမှု၊ သစ်တွေကို ခိုးထုတ်ယူမှုတွေ မြင့်တက်လာ မှုဟာ စိုးရိမ်ဖွယ်ရာ အနေထားကို ရောက်ရှိလာပါတယ်။

ဆင်တွေကို သတ်ဖြတ်မှုဟာ အရင်တုန်းက ဆိုရင် အစွယ်ရရုံအတွက်ပဲ ရည်ရွယ်ခဲ့ကြပေမယ့် တိုင်းရင်းဆေး ဖော်စပ်ရန်ဆိုပြီး ယူဆမှုတွေနဲ့ ဆင်သားရေ၊ နှမောင်းစတဲ့ အစိတ် အပိုင်းတွေဟာ ဈေးကွက်ထဲမှာ တွင်ကျယ် လာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ကြိုးဝိုင်းတော ၁၃ ခု ရှိပြီး ဧရိယာ ၅ သိန်း ၂ သောင်းကျော်၊ ကြိုးပြင်တော ၂၁ ခုမှာ ဧရိယာ ၁၁ သိန်းကျော်နဲ့ သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၁ ခုမှာ ဧရိယာ ၄ သိန်း ၃ သောင်းကျော် ရှိပြီး သစ်ထုတ်လုပ်မှု ကိုတော့ ပြည်ထောင်စု အစိုးရကပဲ တိုက်ရိုက် စီမံခန့်ခွဲတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ သစ်မှောင်ခိုလောက

ရခိုင်ပြည်နယ်ရဲ့ သစ်ခိုးထုတ်လုပ်မှု လမ်းကြောင်းဟာ ၂၀၁၅ မတိုင် မည် ကာလများက ပင်လယ်ရေ လမ်းကြောင်းများမှ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ သစ် ခိုးထုတ်မှုတွေနဲ့ နယ်စပ် စီးပွားရေး လမ်းကြောင်းမှာ အခိုင်အမှာ တည်ရှိနေခဲ့ပါတယ်။

ရခိုင်ရိုးမနှင့် ပဲခူးရိုးမ အနောက်ခြမ်းတို့မှ ကျွန်းသစ်တွေကို  မလေးရှားနိုင်ငံ ပီနံသို့ တောင်ကုတ် တောင်ကြားလမ်းမှ တဆင့် ခိုး ထုတ်ကြပြီး၊ ပျဉ်းကတိုး၊ စကားဝါ၊ ကညင်၊ ကညောင်း စတဲ့ သစ်တွေကို အဓိက ထုတ်ယူနေကြတာ ဖြစ်ပါတယ်။

အနောက်ဘက် ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံကို မှောင်ခိုပို့ဆောင်တဲ့အခါမှာတော့ အဓိက လမ်းကြောင်းဟာ တောင်ကုတ်မြို့နယ်က တဆင့် ရေလမ်းကြောင်းကို အားထား သယ်ယူ ပို့ဆောင်မှုတွေပြုနေကြတာ ဖြစ်ပါတယ်။

Root Investigative Agency ရဲ့ မေးမြန်းစုံစမ်းမှုတွေအရ သစ်မှောင်ခိုတွေဟာ ရခိုင်ရိုးမကနေ၊ တောင်ကုတ်မြို့  သင်္ဘော ဆိပ်ကမ်းထိ (၁၀) ဘီး ကားကြီးတွေနဲ့ သယ်ဆောင်ပြီး ဆိပ်ကမ်းက သစ်တွေကို စက်လှေတွေနဲ့ တဆင့် သယ်ယူပြီး မော်တော်ကြီးတွေကို  တိုက်ရိုက် တင်ဆောင်ကြ သလို၊ ပြည်ပကို သယ်ယူ ပို့ဆောင်ဖို့ မလုံလောက်သေးဘူး ဆိုရင် ကလိန်တောင် မြစ်ကမ်းနံဘေးက ဆားကွင်းနေ ရာတွေမှာ စုဆောင်း ထားလေ့ရှိပြီး လိုအပ်တဲ့ ပမာဏ ရရှိတဲ့အခါ မလေးရှား ဘက်တွေကို ပို့ဆောင်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းက ကျွန်းသစ်တွေကိုလည်း ကြံခင်း၊ ပန်းတောင်း၊ မင်းတုန်း၊ ကံမ မြို့နယ်တို့က တောင်ကုတ်ကို တဆင့် ၊ ပြီးရင် မလေးရှားနိုင်ငံ၊ ပီနံဘက်ကို ဆယ်စုနှစ် တစ်ခုမက တင်ပို့မှုတွေ ပြုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ကနေ ပျဉ်းကတိုး၊ စကားဝါ၊ ကညင်၊ ကညောင်း စတဲ့ သစ်တွေကို မအီချောင်း၊ လမူးချောင်း၊ တန်းလွဲချောင်း စတဲ့ သစ်မာ ထွက်ရာ ဒေသကနေ ဆင်၊ ကျွဲ၊ နွားလှည်း၊ စက်လှေငယ်တို့နဲ့ ထုတ်ယူပြီး မော်တော်ကြီးတွေကို လွဲပြောင်းကာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ကို ပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

သစ်မှောင်ခို သမားတွေဟာ ဆယ်စုနှစ်နဲ့ချီပြီး ခိုးထုတ်မှုတွေ ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်ရဲ့  သစ်တောပြုန်းတီးမှုနဲ့ ပါတ်သက်ပြီး အသေးစိတ် မသိရှိ ရသေးပေမယ့် ၂၀၁၀ ခုနှစ် ကနေ ၂၀၁၅ မှာတော့ မြန်မာနိုင်ငံရဲ့ သစ်ထုတ်လုပ်မှုဟာ ၅၄၆၀၀၀ ဟတ်တာ အထိ ရှိခဲ့တာ ဆိုတာကို  သဘာဝ ပတ်ဝန်းကျင် စုံစမ်းဖော် ထုတ်ရေးအေဂျင်စီ (EIA) ရဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ ထုတ်ပြန်ချက် မှာ ဖော်ပြ ထားပါတယ်။

သစ်ထုတ်လုပ် သူတွေဟာ ထုံးစံအတိုင်း အကျင့်ပျက် အာဏာပိုင် တချို့နဲ့ ပူးပေါင်းဆောင်ရွက်ကြတာ ရှိသလို၊ သစ်မှောင်ခိုလောက သမားကြားထဲ မှာလည်း လောကသား အချင်းချင်းပဋိပက္ခဖြစ်မှု ဖြစ်စဉ်တွေလည်း ရှိနေကြပါတယ်။

အကြမ်းဖက်မှုတွေရှိနေတဲ့ မှောင်ခိုလောက

၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၂ရ၊ ၂၈) မှာ တောင်ကုတ်မြို့နယ် တန်းလွဲ၊ ရွာမကျေးရွာ၊ မော်လှမော်အနီး ချောင်းထဲက သစ်ခိုးသူ (၇) ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ရေထဲမှာ မျောပါနေခဲ့တာကို ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေက အခိုင်အမာပြောပေမယ့် ဒေသအာဏာပိုင် များက အမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

RiA ရဲ့ သတင်းရင်းမြစ်တွေကတော့ သတ်ဖြတ်ခံရခဲ့သူ (၇) ဦးဟာ ပြည်ပကို ခိုးထုတ်ရန် စုပုံထားတဲ့ သစ်တွေကို ခိုးယူပြီး ပြန်လည် ရောင်းချခဲ့တဲ့ သူတွေဖြစ်တာကြောင့် သစ်မှောင်ခို ရာဇာတွေရဲ့ စီရင်ခြင်းကို ခံခဲ့ရတာလို့ ဆိုကြပါတယ်။

သစ်မှောင်ခို သမားတွေဟာ တရားမဝင် လုပ်ငန်းကို လုပ်ကိုင်နေတဲ့ သူတွေဖြစ်တဲ့အတွက် လက်နက် ကိုင်ဆောင်မှုတွေလည်း ရှိကြပါတယ်။

သစ်မှောင်ခို သမားတွေဟာ ရေလမ်း ခရီးတွေကိုပါ အသုံးကြတာဖြစ်ပြီး သစ်တော ဝန်ထမ်းတွေအနေနဲ့ သတင်းအရ ဖမ်းဆီး ရရင်တောာင်မှ အသက်ကို အန္တရာယ် ပြုနိုင်တဲ့ အခြေအနေတွေ ရှိတာကြောင့် စိုးရိမ်မှုတွေ ရှိပါတယ်။

“အဲ့ဒီလို တရားမ၀င်ဖြစ်တဲ့ အတွက် တရားမ၀င် ထုတ်လုပ်တဲ့ ပုဂ္ဂိုလ်များဟာ သူ့ရဲ့လုံခြုံရေး အတွက်သော် လည်းကောင်း၊ သူ့ရဲ့ ကိုယ့်အကျိုး စီးပွား အတွက်သော် လည်းကောင်း၊ နည်းမျိုးစုံနဲ့ လာရောက် ဖျက်ဆီးမယ့် သူများကို နည်းမျိုးစုံနဲ့ ကာကွယ်သွားမှာပါ။ ဒါကို ကျနော်တို့ သတိထား ဆောင်ရွက်ကြရမှာပါ။ ဆိုကြပါစို့ ပင်လယ်ပြင်ကနေ ဒီသစ်တွေကို သယ်ပြီးတော့ သွားမယ်ဆိုရင် သစ်တော ၀န်ထမ်းတွေက အသက်စွန့်ပီးတော့ ပင်လယ်ထဲ ဆင်းလို့ လုပ်လို့ မရပါဘူး။ အဲ့ဒါကြောင့် ပင်လယ်ပြင်ထဲကို မရောက်ခင်မှာ ကြိုတင် ဟန့်တားနိုင်မဲ့ နည်း၊ ကြိုတင် သတင်းထောက်လှိုင်းတွေကို သုံးရမှာဖြစ်ပါတယ်။ အဲ့ဒီလို နည်းတွေကို ရဖို့အတွက်က သက်ဆိုင်ရာ ဒေသခံပြည်သူတွေ များရဲ့ ပူးပေါင်း ပါဝင်မှုအား ရာနှုန်းပြည့် လိုပါတယ်။ သူတို့ လှုပ်ရှားမှုတွေကို လည်း ဒေသခံပြည်သူတွေ အားလုံး ဘယ်သူ ဘယ်ဝါဆိုတာ အားလုံး သိပါတယ်။ သစ်တော ၀န်ထမ်းတွေက အသေးစိတ် မသိနိုင်ပါဘူး။ အဲ့ဒါကြောင့် ဒေသခံပြည်သူတွေ ကသာ သတင်း ကြိုပေးမယ် ဆိုလို့ရှိရင် ကျနော်တို့ အန္တရာယ်ကြားထဲ မရောက်ခင် ကြိုတင် ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲ ရောက်သွားပီး မှတော့ အခက်အခဲတွေ အန္တရာယ်တွေများတဲ့ အတွက် ကျနော်တို့ လုပ်ကိုင်ရတာ အဆင်မပြေပါဘူး။”  လို့ ရခိုင်ပြည်နယ် သစ်တော ဦးစီးညွန်ကြားရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

သတင်းရရှိရန်ခက်ခဲဆဲ

သစ်မှောင်ခို ထုတ်လုပ်မှုတွေကို ဖော်ထုတ်နိုင်ဖို့ အတွက် မြေပြင်အခြေအနေထိ စုံစမ်းမှုတွေ ပြုရာမှာ အသက်အန္တရာယ် ရန်ပြုခံရမှာ စိုးတာကြောင့် သစ်တော ၀န်ထမ်းတွေနဲ့ ဒေသလုံခြုံရေး အဖွဲ့များအနေနဲ့လည်း လျော့တိလျော့ရဲ လွှတ်ပေးထားရတဲ့ အနေအထားမှာ ရှိနေပါတယ်။

တရားမ၀င် သစ်ထုတ်လုပ်မှုတွေအတွက် ဖမ်းဆီးရရှိမှု မှတ်တမ်း စာရင်းများမှ အပ ကျန် ဆုံးရှုံးမှု စာရင်းများဟာ အတည်ပြုရန် ခက်ခဲပါတယ်။

သမ္မတ ဦးထင်ကျော် အစိုးရအဖွဲ့ တာဝန်ယူပြီးနောက်မှာ သစ်တောနဲ့ ပတ်သက်ပြီး ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပြီး သစ် ထုတ်လုပ်မှုကို မြန်မာနိုင်ငံ တစ်ဝှမ်း ၁ နှစ် ရပ်တန့်စေခဲ့သလို၊ ပဲခူးရိုးမ အတွက် သစ်ထုတ်လုပ်မှုကို ၁၀ နှစ် ရပ်တန့်စေခဲ့ပေမယ့် ရခိုင်ရိုးမ အနီးမှာ သစ်ခိုး ထုတ်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း ပြည်နယ် လယ်ယာ သားငါးသစ်တောမြေယာကော်မတီ ဥက္ကဌ ဦးအောင်ဝင်းက ပြောပါတယ်။

“အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ မထိရောက်လို့ ဖြစ်တာပါ။  အဲ့တာကို ကျနော်တို့ ရှင်းရှင်း လင်းလင်းပြောရမယ်။အစိုးရ အဖွဲ့အစည်းဟာ ကိုယ် ထုတ်ပြန် ထားတဲ့ အမိန့်၊ ကိုယ် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များကို အသက်ဝင်အောင် အလုပ်လုပ်ပါ။ မဟုတ်ရင် ကျနော်တို့ ဘာမှ အဓိပ္ပါယ် မရှိဘူး။ အခုလုပ်ထားတယ် ဒါပေမယ့် အဲ့တာကို စီစစ်ဆောင်ရွက်မှု မရှိဘူး။ ဒေသမှာ ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းများက လည်း အလေးမထားဘူး။ သစ် မခုတ်ရဘူး ထုတ်တော့ ထုတ်ထားတယ်။ ဒါပေမယ့် အဲ့တာကို မတားဆီးဘူး အရေးမယူဘူး ဆိုရင် ခုတ်တဲ့သူကတော့ ခုတ်နေမှာပဲ”

သမ္မတ ဦးထင်ကျော် အစိုးရအနေနဲ့ သစ် ထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေဟာ သစ်တောဌာန အတွင်းက လာဘ် စားမှုတွေကို တိုက်ဖျက်ဖို့ အတွက် ရည်ရွယ်ချက်တွေ ရှိနေကြောင်း သြဂုတ် ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ EIA ရဲ့ သစ်တောဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အသင်းခေါင်းဆောင် Falth Doherty က ပြောပါတယ်။

“ လက်ရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော ပေါ်လစီမရှိဘူး။ လုပ်ဆောင်စရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာလဲ အမှန်ပါ။ ဒါပေမယ့်  အစိုးရသစ်ရဲ့  အခုဆုံးဖြတ်ချက်ဟာ အားတက်စရာပါ။ ရှေ့လုပ်ငန်းတွေ အတွက် အပြုသဘောင်ဆောင်တဲ့ ခြေလှမ်း သစ်ပါပဲ”

သစ်တောဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမျိုးမင်းရဲ့ ပြောကြားချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မေလအထိ သစ်မှောင်ခို တန်ချိန် ၁၀၀၀၀ ကျော် ဖမ်းမိခဲ့ပြီး သစ်မှောင်ခို ထုတ်လုပ်မှုတွေ ဆက်လက်ရှိနေပေမယ့် ယခင် ဘဏ္ဍာနှစ်တွေက ထက် လျော့နည်းသွားကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာတော့ သစ်ခိုး ထုတ်လုပ်မှုတွေရှိပေမယ့် လေ့လာစုံစမ်းချက်အရ ဖမ်းဆီးမှု အများစုဟာ မင်းဘူးမြို့နယ်၊ ပဲခူးတိုင်း စတဲ့နယ်မြေ အတွင်းမှာ ဖြစ်တာကြောင့် သစ်ခိုး ထုတ်လုပ်မှု စာရင်း အချက်လက်တွေဟာ ရယူရန် ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဘယ်လိုထိန်းသိမ်းကြမလဲ

၂ဝဝ၁ ခုနှစ် နဲ့ ၂ဝ၁၃ ခုနှစ် အတွင်း သစ်တော ဟက်တာ ၁ ဒဿမ ၇ သန်း (ဧက ၄ ဒသမ ၂ သန်း) ဆုံးရှုံး ခဲ့ရတယ်လို့  ဗြိတိန်အခြေစိုက် သဘာဝ ပတ်ဝန်းကျင် စုံစမ်းဖော် ထုတ်ရေးအေဂျင်စီ (Environmental Investigation Agency) ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာ တစ်စောင်မှာ  ဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံဟာ   အရှေ့တောင်အာရှမှာ သစ်တော ဖုံးလွှမ်းမှု အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပေမယ့် တစ်ဖက်မှာ လည်း နှစ်စဉ်သစ်တော ပြုန်းတီးမှုနှုန်း ၂ ရာခိုင်နှုန်းရှိတဲ့ အတွက် တောပြုန်းနှုန်းအမြင့်ဆုံး နိုင်ငံတစ်ခုလည်းဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

အခြားတစ်ဖက်မှာ သစ်တောပြုန်းတီးမှုတွေနဲ့ အတူ တောရိုင်း တိရိစ္ဆာန်တွေပါ ဆုံးရှုံးလာတာကြောင့် ဆင်ဘေးမဲ့တော တစ်ခုကိုလည်း မောင်တော ခရိုင်အတွင်းမှာ ဖော်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဒီလို ဘေးမဲ့တော ဧရိယာတွေပါတဲ့ အနေထားမှာလည်း ဒေသခံတွေရဲ့ စားဝတ်နေရေးရှာဖွေမှု အခြေနေကိုလည်း သတိပြုသင့်တယ်လို့ သဘာဝ ပါတ်ဝန်းကျင် ပညာရှင် ဦးမောင်မောင်ကြည်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ ဆင်ကောင်ရေ အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၀၁ -၂၀၀၃ ခုနှစ်မှာ စာရင်းကောက်ယူမှုများ အရ တောဆင်ရိုင်း ခန့်မှန်းကောင်ရေ ၅,၀၀၀ ခန့်ရှိပြီး ယင်းနောက်ပိုင်း ကောက်ယူခဲ့ခြင်း မရှိတဲ့အတွက် တော ဆင်ရိုင်းများတွေဟာ လျော့နည်းလျက် ရှိနေကြောင်း သိရပါတယ်။

သစ်တောဦးစီးဌာနရဲ့  မှတ်ပုံတင်ထားတဲ့ စာရင်းတွေအရတော့ မြန်မာနိုင်ငံမှာ ဌာနပိုင်ဆင်များအပါအဝင် အိမ်မွေးဆင်စုစုပေါင်း ၄,၄၅၆ ကောင် ရှိကြောင်း သိရပါတယ်။

“မြန်မာ တစ်နိုင်ငံလုံးမှာတောင် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော တခုပဲရှိတာပေါ့။ အခု ရခိုင်မြောက်ပိုင်း မင်းယုံတောင်နားမှာ ဆင်ဘေးမဲ့တောတခု ထူထောင်ဖို့ အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီး။ ဒါပေမယ့် အဲ့ဒီလို သက်မှတ်တဲ့ နယ်မြေမှာ ဒေသခံ ပြည်သူတွေရဲ့ တရားဝင် ပိုင်ဆိုင်တဲ့ မြေယာတွေကို တရားဥပဒေနဲ့ ဖြစ်စေ၊ သစ်တော ဦးစီးဌာနရဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့ ဖြေလျော့ပြီးတော့ သူတို့နဲ့ အဆင်ပြေအောင် လုပ်ဆောင်နေပါတယ်။ ဒါတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ တဆင့် သက်ဆိုင်ရာ သစ်တောဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်မယ်ဆိုရင် အားလုံး ပြေလည်သွားမယ်ထင်ပါတယ်”

ရခိုင်ရိုးမတောကြီးကတော့ ပဲခူးရိုးမလို သစ်ထုပ်လုပ်မှု ရပ်တန့်ဖို လိုအပ်တယ်ဆိုတာကို ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းသင့်ကြောင်း ရခိုင်ပြည်နယ် လယ်ယာသားငါးသစ်တောမြေယာကော်မတီ ဥက္ကဌ ဦးအောင်ဝင်းက ပြောပါတယ်။

“မြန်မာနိုင်ငံတရဲ့ တစ်ခုတည်းသော ဆင်းဘေးမဲ့တော တည်ရှိရာ ရခိုင်ရိုးမတောဟာ သစ်တောပြုန်းတီးမှုတွေနဲ့အတူ တောရိုင်းတိရိစ္ဆာန်တွေ သတ်ဖြတ်ဖမ်းဆီးခံနေရမှုတွေ ရင်ဆိုင်နေရပါတယ်။ ဒါကို အမြန်ဆုံး တားဆီးဖို့ လိုအပ်နေပါတယ်”

mm
မိုးအောင်သည် ရခိုင်ပြည်နယ်အခြေစိုက် Development News Journal တွင် အကြံပေး၊ သတင်းအယ်ဒီတာ တာဝန်များ ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံရေး၊ ပထဝီရေးရာတို့ကို ရေးသားလျက်ရှိကာ RiA ၏ တည်ထောင်သူ တစ်ဦး ဖြစ်သည့် ကျော်စိုးဦး၏ ကလောင်ခွဲ ဖြစ်သည်။

Comments

comments

Root Agency