မောင်တော စစ်ဆင်ရေးနယ်မြေကို သတင်း သွားယူခဲ့တဲ့ ဦးစိုးမြင့်နှင့် ဆက်သွယ်မေးမြန်းချက်

By Admin | Posted on December 24, 2016 | Also posted in Interview | | Tagged , , |

446 Views

u-soe-myint

စစ်တွေ၊ ဒီဇင်ဘာ ၂၄ ရက်။
အောက်တိုဘာ (၉) ရခိုင်နယ်စပ် လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်မှ စစ်ဆင်ရေးများ ဆောင်ရွက်လျက် ရှိသည့် မောင်တောခရိုင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အပြစ်မဲ့ ပြည်သူများကို ညှင်းပမ်း နှိပ်စက်မှုများ ရှိနေ ကြောင်း နိုင်ငံတကာ မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲမှုများကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရ၏ အစီ အစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သည့် သတင်းမီဒီယာ (၁၃) ခုကို ၎င်းဒေသသို့ သွားရောက် သတင်းရယူခွင့် ပြုခဲ့သည်။
အဆိုပါ (၁၃) ဖွဲ့တွင် ပါဝင်သည့် မဇ္ဈိမ သတင်းမီဒီယာမှ ဦးစိုးမြင့်ကို RiA သတင်းထောက် မိုးအောင်မှ ဆက်သွယ်မေးမြန်း ခဲ့ခြင်း ဖြစ်သည်။

RiA ။    ။ ဦးစိုးမြင့်ရယ် . . မောင်တော စစ်ဆင်ရေးနယ်မြေထိ သတင်းသွားရောက် ရယူခဲ့တော့ ဘာတွေကို တွေ့မြင်ခဲ့ရသလဲ ပေါ့ အရင်ဦးဆုံး အကျဉ်းချုံးပြီး ပြောပြပါလား။

USM ။    ။ မောင်တောကို တို့က ဟိုဟာ ဘူးသီးတောင်ကို အရင်ဝင်တယ်။ ဘူးသီးတောင်ကနေ မောင်တော ဟိုဟာ ဖြစ်ခဲ့တဲ့ နေရာတွေပေါ့နော်။ အောက်တိုဘာ ၉ ရက် ဖြစ်ခဲ့တဲ့နေရာတွေကိုသွားတယ်။ ပြီးတော့ ရွာတွေပေါ့နော် အဲဒီနဲ့ ဆက်စပ်နေတဲ့ ရွာတွေ၊ ပြီးတော့ အဲဒီက ရွာသူရွာသားတွေနဲ့ မေးတယ်။ ရပ်မိရပ်ဖတွေနဲ့ ခေါင်းဆောင်တွေပေါ့ သူတို့ကို မေးတယ်မြန်းတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ တွေ့တယ် မေးမြန်းတယ်ပေါ့။

RiA ။    ။ ဆိုတော့ ဦးစိုးမြင့်တို့ သတင်းအဖွဲ့က ဘယ်နေရာတွေကို အဓိကထား သွားရောက်ခဲ့တာပါလဲ။ နိုင်ငံတကာက စွပ်စွဲနေတဲ့ လူ့ခွင့်ရေးချိုးဖောက်ခံနေရတဲ့ နေရာတွေကို ရောက်ခဲ့သလားပေါ့။ ဘာတွေ တွေ့ရှိခဲ့လဲ အဲဒါတွေ ပြောပြပါလား။

USM ။    ။ အဓိကတော့ နံပတ် (၁) ကပေါ့နော် တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေပေါ့။ ဥပမာ အမှတ် (၁) နယ်ခြားစောင့်ရဲဌာနချူပ် ကျီးကန်းပြင်စခန်းဌာနချူပ်ပေါ့နော်။ အဲဒါမျိုးတွေ ပြီးတော့ ငါးခူရစခန်းလိုဟာမျိုး၊ ပြီးတော့ ရသေ့တောင်က ကိုးတန်ကောက် စခန်းလိုဟာမျိုး အဲဒီလိုမျိုး တိုက်ခိုက်ခံရတဲ့နေရာတွေကို သွားကြည့်တယ်။ ပြီးတော့ တိုက်ခိုက်ခံရတဲ့နေရာတွေနဲ့ တိုက်ရိုက် မပတ်သက်ဘဲ အဲဒီနား တဝိုက်က ရွာတွေပေါ့ အထူးသဖြင့်တော့ အတူယှဉ်တွဲနေထိုင်တဲ့ ရွာတွေပေါ့ ဥပမာ အလယ်သံကျော် ရွာ။ ငါးခူရရွာတော့ တိုက်တော့ အတိုက်ခံရတယ်။ ဒါပေမယ့် အဲဒီမှာ ရခိုင်တိုင်းရင်းသားတို့လည်း ရှိတယ်။ အစ္စလမ်ဘာသာဝင် တွေလည်း ရှိတယ်။ ဟိန္ဒူတွေလည်းရှိတယ်။ အဲဒီလိုမျိုးပေါ့နော်။ အဲဒီကိုသွားကြည့်တယ်။ ဒါကတော့ တိုက်ခိုက်ခံရတဲ့ နေရာနဲ့ တိုက်ရိုက်မပတ်သက်ပေမဲ့လည်း ဆက်စပ်နေတဲ့ နေရာတွေမှာ သူတို့တွေ ဘယ်လိုစားသောက်နေထိုင်တယ်။ ဘယ်လိုအခြေ အနေတွေ ရှိတယ်ဆိုတာပေါ့နော်။ နောက်တစ်ချက်ကတော့ အဲဒီ ရခိုင်ပြည်နယ်၊ အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမှာလည်း နဲနဲတော့ သွားကြည့်တယ်ပေါ့နော်။ ဖြစ်ပျက်နေတဲ့ အနေထားတွေပေါ့ ဘာတွေ ဘယ်လိုဖြစ်နေတယ်။ ဘယ်လိုအနေထားတွေနဲ့ လုပ်ကိုင်စားသောက်ကြရတယ်။ ဘာတွေ အခက်အခဲတွေရှိတယ်။ အဲဒါတွေကို သွားပြီးကြည့်တယ်။

RiA ။    ။ ဟုတ်ကဲ့ ဦးစိုးမြင့်တို့ သတင်းအဖွဲ့ သွားရောက်ခဲ့တဲ့ နေရာတွေကလည်း အများကြီးပါ။ ဆိုတော့ ရခိုင်ပြည်နယ်ရဲ့ ကိစ္စရပ်တွေအပေါ် နိုင်ငံတကာ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ အစိုးရ သတင်းထုတ်ပြန်ချက်တွေကြား ဘာတွေက ကွာခြားနေသလဲ။ ဘာတွေကို ထူးခြားပြီးတွေ့ခဲ့ပါသလဲ ခင်ဗျား။

USM ။    ။ ဘာတွေကို တွေ့ရှိခဲ့သလဲဆိုတော့ ခုနကပြောခဲ့သလို တိုက်ခိုက်ခံရတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလာရ တယ်ပေါ့။  ဘာဖြစ်လို့လဲဆိုတော့ တာဝန်ရှိတဲ့သူတွေကလည်း အသေးစိပ်ရှင်းပြသလို ရပ်သူရွာသားတွေကလည်း တော်တော် များများ ပြောပြကြတယ်ပေါ့။ နောက်တစ်ချက်ကတော့ ဟိုဟာပေါ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ဆင်ရေးကာလပေါ့နော် စစ်ဆင် ရေးတွေလုပ်တဲ့အခါမှာ အဲလိုပေါ့ ရွာတစ်ချို့က  ရွာသူရွာသားတွေက စွပ်စွဲတဲ့ဟာတွေပေါ့။ ဟို အဓမ္မပြုကျင့်ခံရတဲ့ ဟာလို မျိုးတွေ၊ ပြီးတော့ ခုနက သူတို့အိမ်မီးရှို့ခံရတာတွေစတဲ့ စွပ်စွဲမှုတွေ ရှိတာပေါ့။ ဒါပေမဲ့လည်း အဲဒီတစ်ချိန်တည်းမှာပဲ သက်ဆိုင် ရာ တာဝန်ရှိတဲ့သူတွေက ကျေးရွာအုပ်စုမှူးတွေ၊ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက အဲဒီလိုဟာ မျိုးတွေက မဟုတ်ဘူး ဆိုတာ အဲဒီလို ငြင်းဆိုမှုတွေပေါ့နော်။ စွပ်စွဲမှုတွေနဲ့ ငြင်းဆိုမှုတွေ အဲလိုမျိုးတွေ ရှိတယ်။ ဒါပေမဲ့ နေရာတိုင်း မဟုတ်ဘူး။ တစ်ချို့နေရာတွေမှာပါ။ တစ်ချို့ရွာတွေမှာပဲ။ အဲ နောက်တစ်ချက်ကတော့ ကြာလာတာနဲ့အမျှ ၄၅ ရက် ဝန်းကျင် ရောက်လာပြီ။ အဲဒီမှာ သွားလာမှုတွေမရတာ။ မရတာဆိုတာ နှစ်မျိုးရှိတယ်။ တစ်မျိုးက ကြောက်လို့မသွားတာ။ နောက်တစ်မျိုးက သွားချင်ပေ မယ့် သွားလို့မရတာပေါ့နော်။ ဘာကြောင့်ဆိုတော့ စစ်ဆင်ရေးဆောင်ရွက်နေတာကို။ အဲဒီလို သွားလာမှုမရတာ၊ နောက်ပြီး တော့ ဒီ လုပ်ကိုင်စားသောက်ရတာတွေ၊ အထူးသဖြင့်တော့ ငါးဖမ်းလှေတွေ မထွက်ရတာ၊ အဲဒီလိုမျိုး စားဝတ် နေရေးတွေပေါ့။ နောက်ပြီးတော့ စီးပွားရေးတွေ ထိခိုက်လာတယ်ဆိုတဲ့ဟာကိုတော့ အားလုံးက ပြောကြတာပေါ့နော်။ အဲဒီမှာ ရခိုင်တိုင်းရင်းသား လည်း ပြောတယ်။ ဘင်္ဂလီတွေလည်း ပြောတယ်။ တခြားဘာသာဝင်တွေလည်း ပြောတယ်။ ဆိုတော့ တိုက်ခိုက်ခံရတဲ့ နောက်ပိုင်း ရက်ကြာလာတာနဲ့အမျှ သူတို့အတွက် ခက်ခဲလာတယ်ပေါ့နော်။ ဒါပေမဲ့ တစ်ဘက်မှာလည်း ဟို ဆေးရုံ၊ ကျောင်းတွေကတော့ ပုံမှန်လည်ပတ်တဲ့ အနေထားရှိလာပြီ။

RiA ။    ။ ဟုတ်ကဲ့ပါ ဦးစိုးမြင့်။ ကျနော်အဓိက မေးလိုတာက ရခိုင်ပြည်နယ်အပေါ် နိုင်ငံတကာ သတင်းမီဒီယာတွေက ရေးသား ဖော်ပြချက်တွေနဲ့ ဆရာတို့ သတင်းအဖွဲ့ သွားရောက်ပြီး တွေ့ရှိခဲ့တာတွေနဲ့ ကွာခြားမှု ရှိသလားဆိုတာပါ။ တွေ့တာကတော့ တွေ့တာပဲ။ ထူးခြားမှုကို ပြောတာပါ။ နိုင်ငံတကာ စွပ်စွဲချက်တွေ တကယ်ပဲ မှန်နေတာလား။ အစိုးရထုတ်ပြန်ချက်တွေကပဲ မှန်နေတာလား။ ဘယ်ဟာက အမှန်ဆိုတာ ဦးစိုးမြင့်တို့ သတင်းအဖွဲ့က တွေ့ရှိခဲ့ပါသလား။

USM ။    ။ အဓိက ကွာခြားတာကတော့ ခုနကလိုပေါ့နော် တကယ့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုထဲမှာ တစ်ခုဖြစ်နေတာက လူမျိုးတုန်း သတ်ဖြတ်မှု၊ သတ်ဖြတ်နေတွေ ဖြစ်နေသလား ဆိုတဲ့ အသံတွေပေါ့။ စိုးရိမ်မှုတွေနဲ့ ပြောဆိုသံတွေပေါ့နော်။ အဲဒီလိုမျိုးဟာ ကတော့ လုံးဝမတွေ့ရဘူး။ မရှိဘူးပေါ့နော်။ လုံးဝ ဘာမှမဖြစ်ဘူး၊ ပုံမှန်ပဲ အဲလိုမျိုးလည်း မဟုတ်ပြန်ဘူး။ ဖြစ်နေတဲ့ပုံစံမျိုးကပေါ့ ဟို၊ ခုနကလို တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းကာလ၊ အစောပိုင်းကာလမှာ ဒီ ဟိုဟာပေါ့။ ဒီ စစ်ဆင်းရေး လုပ်တဲ့အခါမှာ ဟို အလွန်အကျွံများ ရှိသလားဆိုတဲ့ မေးခွန်းပဲရှိတယ်။ ခုနကလို လူမျိုးတုန်းသတ်ဖြတ်တာတို့၊ တကယ့် အကျယ် တဝင့်ပေါ့နော် အဲဒါမျိုးကတော့ ကျနော်တို့ သွားတဲ့၊ တွေ့တဲ့ ကာလတွေမှာတော့ မတွေ့ရဘူးပေါ့နော်။ ဒါပေမဲ့လည်း ခုနကလိုပေါ့ ကွန်မြူနတီ နှစ်ခုကြားမှာ ခွဲထားတာပေါ့နော်။ ရွာထဲမှာပဲ။ ဒါပေမဲ့ ဟိုဘက်က သက်သက်၊ ဒီဘက်က သက်သက်ပေါ့။ အခုလို ဖြစ်တဲ့ အခါကျတော့ သံသယတွေ၊ စောင့်ကြည့်တာတွေကတော့ ခုနကလို ကြီးထွားလာပုံရတယ်။ နောက်တစ်ခုက အခုဟာက လုံခြုံရေးက ယူနေရတဲ့အခါကျတော့ ဟို ဘာတွေများ စိုးရိမ်စရာများ ဖြစ်လာမလဲပေါ့။ ဒါမှမဟုတ် တစ်ခုခုများ ဖြစ်မလားပေါ့။ အဲလိုမျိုးတွေကတော့ တွေ့ရတာပေါ့နော်။ ဒါပေမဲ့လည်း သိပ်ပြီး ဆိုးဝါးနေသလား။ သတ်ဖြတ်နေကြသလား အကြီးအကျယ်ပေါ့။ အဲလိုမျိုးလည်း မဟုတ်ပါဘူး။ ကောင်းပြီလားဆိုတော့ ပုံမှန်အခြေအနေလည်း မဟုတ်သေးဘူး။ စစ်ဆင်ရေးကာလ ဆောင်ရွက်မှု အနေအထားတွေကြောင့် အခက်အခဲတွေက ကြာလာတာနဲ့အမျှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အစောပိုင်းကာလက ဖြစ်ခဲ့တဲ့ အငြင်းပွားမှု တွေပေါ့နော်။ ဒါပေမဲ့လည်း နောက်တစ်ချက်တွေ့တာက ဒါကလည်း နိုင်ငံတကာက ပြောတာပေါ့နော်။ ပြောရင်တော့ ဘာလဲ ဆိုရင် ဒီအခြေနေပေါ့နော်။ အထူးသဖြင့်တော့ ဘင်္ဂလီအရေးကိစ္စပေါ့နော်။ အဲဒီဟာက အခုမှ ဒီဟာက လတ်တလောဖြစ်လာ တာ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ အမြင်တွေအပေါ်မှာ ထပ်ဆင့်ထပ်ဆင့်ဖြစ်လာတဲ့ ယူဆရတယ်။ မြင်ရတယ်။ အထူး သဖြင့်တော့ ဒီ မူဝါဒ၊ ပေါ်လစီလွဲချော်မှုတွေပေါ့။ ဒါကတော့ ကျနော့်ရဲ့ တသီးပုဂ္ဂလအမြင်လို့ပဲ ပြောပါရစေ။ မူဝါဒ ချွတ်ချော်မှု တွေရဲ့ အကျိုးဆက်တွေလို့ပဲ ကျနော် မြင်တယ်။ အဲဒီဟာကိုတော့ နိုင်ငံတကာမီဒီယာတွေမှာလည်း တွေ့ရတာပေါ့နော်။ အဲဒီ ဟာကို ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်သုံးသပ်မလဲ။ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကတော့ မေးခွန်းပေါ့။ နောက်ဆုံးတချက်က ဘာလဲဆိုတော့ ကိုယ့်အမျိုးကိုယ့်ဘာသာ။ မြန်မာပြည်မှာလည်း မဖွံ့ဖြိုးသေးတဲ့ ဒေသတွေရှိတယ်။ များလည်း များပါတယ်။ ဒါပေမဲ့ ဒီဒေသကတော့ အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်ကတော့ မဖွံ့ဖြိုးဘူးဆိုတာထက်ကို ပိုပါတယ်။ မဖွံ့ဖြိုးတာ၊ ပညာရေးနဲ့ပဲ ပြောပြော၊ လမ်းပန်းဆက်သွယ်ရေးနဲ့ပဲ ပြောပြော အဲဒီကလူတွေ နိမ့်ကျတာကတော့ မြန်မာပြည်နဲ့ လုံးဝကို အဆက်အစပ် ပြတ်တောက်ခံနေရတဲ့ အနေထားမှာ ရှိတယ်။ ပြတ်တောက်တယ်ဆိုတာက ဆက်သွယ်ရေးတို့၊ ဖွံ့ဖြိုးမှုတို့ထက် ပိုပါတယ်။ ဥပမာအားဖြင့် ကျန်တဲ့ဒေသတွေနဲ့ ကူးလူးဆက်ဆံမှု၊ ပေါင်းကူးမှု၊ အုပ်ချူပ်မှုကအစ တချို့ရွာတွေမှာ အုပ်ချူပ်ရေးမှူး ရဲ့ သြဇာအာဏာသက်ရောက်မှု မရှိတဲ့ပုံစံမျိုးက များပါတယ်။  ဆိုတော့ နိုင်ငံအတွင်းမှာတော့ ဒီဒေသက ရှိနေတယ်။ ဒါပေမဲ့ ဒီဒေသထဲမှာရှိတဲ့ နေရာတော်တော်များများ ကတော့ ပြတ်တောက်နေတယ်ဆိုတဲ့ဟာပေါ့နော်။ သူဟာနဲ့သူ နေနေတဲ့ အနေထား တောင် ရှိတယ်ဆိုတာ တွေ့ရပါတယ်။

RiA ။    ။ ဟုတ်ကဲ့ပါ ဦးစိုးမြင့် ခင်ဗျား။ အစောပိုင်းတွေက ဒီ မောင်တော စစ်ဆင်ရေးနယ်မြေမှာ လွတ်လပ်စွာ သတင်းရယူခွင့် အတွက် အဟန့်အတားတွေ ရှိတယ်ဆိုပြီး ပြစ်တင်စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ဦးစိုးမြင့်တို့ သတင်းအဖွဲ့အနေနဲ့ ယခု မောင်တော သတင်းရယူမှုအတောအတွင်းမှာ လွတ်လပ်စွာ သတင်းရယူခွင့်ရှိတယ်လို့ ခံစားရပါသလား။

USM ။    ။ နံပတ် (၁) ကတော့ ဒီဟာကို စီစဉ်တာကတော့ ပြန်ကြားရေးဝန်ကြီးဌာနပေါ့။ နိုင်ငံတော်အစိုးရက စီစဉ်တယ်။ ရခိုင် ပြည်နယ်အစိုးရက အကုန်လုံးကို ဆောင်ရွက်ပေးတယ်ပေါ့။ အဲဒီဟာကတော့ ဟိုဟာ ဒါ နံပတ်တစ်အချက်ပေါ့နော်။ ပြည်နယ် အစိုးရကလည်း တော်တော်လေးကို ကူညီလုပ်ဆောင်ပေးတယ်။ သတင်းယူခွင့်ရအောင်ပေါ့။ နံပတ် နှစ်အချက်ကတော့ စီစဉ်တဲ့ အခါကျတော့ ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုတာကတော့ အစိုးရ သင့်တော်သလိုပေါ့နော်။ ဒါကတော့ ဖြစ်တဲ့နေရာတွေလည်း ကြည့်ရအောင်၊ ပြီးတော့ ဖြစ်ပျက်နေတဲ့ဟာ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ဟာကိုလည်း  တွေ့ရအောင် နေရာတွေ စီစဉ်ပေးပြီး ရတဲ့အချိန်အတွင်းမှာ စီစဉ်ပေးရတာပေါ့။ အဲဒီတော့ ကိုယ်တောင် ဘယ်သွားမယ်ဆိုတဲ့ဟာ ကိုယ့်ပေါ်မှာ မူမတည်ဘူးပေါ့နော်။ ဘာကြောင့်ဆိုတော့ လုံခြုံရေးအပေါ်မှာ စီစဉ်တာလည်း ပါသလို၊ အချိန်တိုအတွင်းမှာ အကောင်းဆုံးဖြစ်အောင် စီစဉ်တဲ့သဘော ပါ။ ဒါပေမဲ့ ရောက်တဲ့နေရာတိုင်းမှာတော့ ကျနော်တို့ မေးတယ်၊ မြန်းတယ်။ အဲဒါကတော့ လွတ်လွတ်လပ်လပ်ပဲ မေးတာ။ သွားတဲ့လူတွေကတော့ ရောက်တဲ့နေရာတိုင်းမှာ မေးချင်တဲ့သူကို မေးတာပါပဲ။ အာဏာပိုင်လည်းမေးတယ်။ ရွာသူရွာသားတွေ လည်း မေးတယ်။ တွေ့တဲ့လူကို မေးတယ်။ သတင်းမေးမြန်းခွင့်နဲ့ ရယူခွင့်ကိုတော့ လွတ်လွတ်လပ်လပ်ရခဲ့ပါတယ်။ နောက်ပြီး တော့ တစ်ခုက အာဏာပိုင်တွေဘက်ကလည်း သူတို့ တတ်နိုင်သမျှပေါ့နော် သူတို့ အစွမ်းကုန် ဖြေရှင်းပေးပါတယ်။ တပ်မတော် ဘက်ကတော့ တာဝန်ရှိတဲ့သူဘက်ကတော့ ကျနော်တို့ဘက်ကတော့ တိုက်ရိုက် မတွေ့ခဲ့ရဘူးပေါ့။ ဒါပေမဲ့ အစိုးရရဲ့ နယ်စပ်ရေး ရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့လို တစ်ဦးကတော့ တာဝန်ခံပြီး ဖြေရှင်းပေးတာ ရှိပါတယ်။ နစကလိုမျိုးက လည်း တာဝန်ယူပြီး ရှင်းလင်းပေးပါတယ်။

RiA ။    ။ ဟုတ်ကဲ့ပါ ခင်ဗျား။ နောက်ဆုံး မေးခွန်းတစ်ခုကတော့ တကယ်ပဲ စိတ်မကောင်းစရာ မေးခွန်းဖြစ်နေပါတယ်။ သတင်း မီဒီယာလောက တစ်ခုလုံးကို ခြိမ်းခြောက်ရာ ရောက်နေတယ်လို့တောင် ဝေဖန်မှုတွေမြင့်တက်လာတဲ့ကိစ္စပါ။ ဒါကဘာလဲ ဆိုတော့ ဦးစိုးမြင့်တို့ သတင်းအဖွဲ့တွေ သွားရောက်ပြီးမှ လွတ်လပ်စွာ သတင်းရယူခွင့်တွေ ရရှိခဲ့တယ်လို့ ပြောခဲ့တာကတော့ ကျေနပ်စရာမှန်ပေမဲ့ ဖြေကြားခဲ့သူတွေထဲက မူဆလင် တစ်ဦး ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စပါ။ တဘက်မှာ သတင်းမှန်ဖြေကြားလို့ အသတ်ခံရတဲ့ဆိုတဲ့ စွပ်စွဲချက်က ထိတ်လန့်စရာ ဖြစ်နေပါတယ်။ ဒီကိစ္စအပေါ် ဦးစိုးမြင့်တို့ ဘက်က မှတ်ချက် တစ်ခုခု ပြုပေးစေချင်ပါတယ်။

USM ။    ။ ဒီကိစ္စကတော့ ဟုတ်တယ်။ ကျနော်တို့ ငါးခူရ ရွာမှာပေါ့နော်။ သက်ဆိုင်ရာ အာဏာပိုင်တွေကနေ သူတို့ စိစစ်မေးမြန်းဖို့ ပေါ့နော်။ အဲဒီ ဒေသမှာနေတဲ့ ကွန်မြူနတီတွေရဲ့ တာဝန်ရှိတဲ့သူတွေကို မေးမြန်းဖို့ဆိုပြီး စီစဉ်တယ်။ စီစဉ်တော့ မေးတယ်။ ကျနော်တို့ မီဒီယာတွေလည်း မေးတယ်ပေါ့နော်။ အဲဒီတစ်ယောက်က ခု အဲဒီ မေးပြီးတော့ ညမှာပဲ အသတ်ခံရတယ် ဆိုပြီး ကြားတယ်။ ပြီးတော့ မကြာသေးခင်ကပဲ နိုင်ငံတော် အတိုင်ပင်ခံရုံးကနေ သတင်းထုတ်ပြန်ပြီးတော့ အဲဒီတစ်ယောက် အသတ်ခံရတယ်ဆိုတာကို သတင်းထဲမှာအတည်ပြုပြီးတော့ ထုတ်ပြန်တယ်ပေါ့နော်။ ဆိုတော့ အဓိက ဘယ်လိုအခြေအနေ တွေ၊ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ သတင်းမီဒီယာတွေကို ပြောတော့၊ ပြောတဲ့အခါမှာ လူတွေက ကြောက်သွားလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ်၊ ဘယ်ကိုပဲ ပြောပြော မပြောရဲမှာဖြစ်ပြီး သတင်းရယူဖို့ အခက်အခဲကတော့ ရှိလာမယ်။ အစကလည်း မရှိဘူးလား ဆိုတော့ရှိတယ်။ ခြိမ်းခြောက်မှုတွေဘာတွေရှိတယ်ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ရတယ်။ အခုဟာက ဒါကို သက်သေပြလိုက် တာပဲ။ ခြိမ်းခြောက်မှုတောင် မဟုတ်တော့ဘူး။ တကယ့်သတ်ဖြတ်ခံရတဲ့ကိစ္စဖြစ်လာတယ်။ ဆိုတော့ သတင်း ရယူမှုမှာတော့ တော်တော်အခက်အခဲရှိတဲ့ အနေထားမှာ ရှိလာမယ်။ အဓိကကတော့ သတင်းမီဒီယာတွေကို သတင်း အမှန်ကို ပြောဖို့၊ ပြောတဲ့ လူတွေအတွက် အန္တရာယ်များတာပေါ့နော်။ အဲဒါကတော့ ဒီ သတင်းရယူမှုအတွက် စိန်ခေါ်မှု ဖြစ်လာတယ်။

RiA ။    ။ ကျေးဇူးတင်ပါတယ် ဦးစိုးမြင့် ခင်ဗျား။

Related Post

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency