ရခိုင်ပင်လယ်ပြင်နှင့် ငါးပြဿနာ

By မင်းမင်း | Posted on February 1, 2017 | Also posted in Opinion | | Tagged , , |

907 Views

Cover Rakhine seas Problem

 

ရခိုင်ပင်လယ်ပြင်က ငါးတွေကို စည်းကမ်းမဲ့ ဖမ်းဆီးနေတာ တားဆီးနိုင်ဖို့ ပြည်ထောင်စု တပ်မတော် (ရေ) အကူအညီ လိုအပ်နေပြီလို့ ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

“ကျွန်တော်တို့မှာ ပြည့်စုံလုံလောက်တဲ့ အထောက်အကူပြုပစ္စည်းတွေ မရှိဘူး ဖြစ်နေတယ်။ ပြည်ထောင်စု အဆင့် တပ်မတော် (ရေ) နဲ့ ပူးပေါင်းမှသာ ဒါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရ တစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး”

ဦးကျော်လွင်ရဲ့ ပြောကြားချက်ထဲမှာ ပြည်ထောင်စုအဆင့် တပ်မတော်(ရေ) အကူအညီကို တောင်းဆို ထားတာဟာ ပြည်နယ်အစိုးရအပါအဝင် ယခုလက်ရှိ ရခိုင်ပင်လယ်ပြင်မှာ တာဝန်ယူထားကြတဲ့ ရေတပ်ကို အားမလိုအားမရတဲ့ သဘောရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့  အမျိုးသားလွှတ်တော်အစည်းအဝေးမှာလည်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က  “မြန်မာ့ ပင်လယ်ပြင်မှာ ခိုးဝင်ပြီး ငါးဖမ်းတာတွေ၊ ငါးဝယ်တာတွေ လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် စက်လှေတွေကို တားဆီးပေးဖို့ရှိ၊ မရှိ” မေးမြန်းခဲ့ပါသေးတယ်။

ဒီလိုတောင်းဆိုမှုတွေ မြင့်တက်လာတာဟာ ရခိုင်ပင်လယ်ပြင်နဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အစီရင်ခံစာ တစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာကို နော်ဝေနိုင်ငံက လာရောက်ပြုစုခဲ့တာဖြစ်ပြီး ရခိုင်ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှု ပမာဏဟာ တစ်နှစ်မှာ တန်ချိန် တစ်သန်းထိ ရှိနေကြောင်းနှင့် ဆက်လက် ခွင့်ပြုထားမယ်ဆိုရင် လာမယ့် ငါးနှစ်အတွင်း ငါးပြုန်းတီးသွားနိုင်တာကြောင့် ဖမ်းဆီးမှု ပမာဏကို တစ်နှစ်မှာ တန်ချိန် တစ်သိန်းထိ လျော့ချ ဖမ်းဆီးသင့်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ရခိုင်ပင်လယ်ပြင်အတွင်း ရေပေါ် ငါး ၁၀ ရာခိုင်နှုန်းနဲ့ ရေအောက်ငါး ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီလို့ အစီရင်ခံစာက ဖော်ပြထားပါသေးတယ်။

၂၀၁၆ ခုနှစ် အစိုးရသစ်တက်လာချိန် ပြည်နယ်လွှတ်တော် အစည်းအဝေးတွေ ပြန်လည် စတင်ကျင်းပတော့ စစ်တွေမဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ဒီအစီရင်ခံစာကို ကိုးကားပြီး အဆိုတင်သွင်းခဲ့တာပါ။

အဆိုထဲမှာ ပြီးခဲ့တဲ့ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်က ပြဌာန်းခဲ့တဲ့ ရေချိုငါးလုပ်ငန်းဥပဒေကို နည်းဥပဒေ ဆက်လက်ပြဌာန်းနိုင်ဖို့နဲ့ ဆက်လက်အကောင်ထည်ဖော်ဖို့ လက်ရှိအစိုးရကို တိုက်တွန်းကြောင်း အပါအဝင် ရခိုင် ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလှေတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ စတာတွေ ပါရှိပါတယ်။

ရခိုင်ပင်လယ်ပြင်မှာ လာမယ့် ငါးနှစ်အတွင်း ငါးပြုန်းတီးနိုင်ဆိုတဲ့ အစီရင်ခံစာက စိုးရိမ်ဖွယ်ရာ တွေ့ရှိချက် တစ်ခုပါ။ ဒါကြောင့်မို့ ပင်လယ်ပြင်အတွင်း တရားမဝင်တဲ့ ငါးဖမ်းစက်လှေတွေ၊ ကမ်းဝေးကမ်းနီး ဥပဒေနဲ့ မညီဘဲ ဖမ်းဆီးနေသူတွေကို အရေးယူဖို့ အဆိုတွေ တင်သွင်းလာတာ ဖြစ်ပါတယ်။

 

တကယ်တော့ ပင်လယ်ပြင်အတွင်း ဥပဒေစိုးမိုးမှု မရှိတာဟာ ငါးဖမ်းစက်လှေတွေတင်မကဘဲ မူးယစ်ဆေးဝါးနဲ့ တခြား မှောင်ခိုစက်လှေတွေ အများအပြားကပါ နိုင်ငံရေပိုင်နက်ထဲ အလွယ်တကူ ဝင်ထွက်သွားလာခွင့်တွေ ရရှိစေပါတယ်။

 

အငူမော်ကမ်းခြေမှာ သိန်းနဲ့ချီတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ မျောပါလာတဲ့ကိစ္စအပါအဝင် ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း တပ်မတော် (ရေ) က ရခိုင်ပင်လယ်ပြင်မှာ ဖမ်းဆီးနိုင်ခဲ့တဲ့ တရားမဝင် စက်လှေတွေထဲ မူးယစ်ဆေးဝါးသယ်လှေနဲ့ မှောင်ခိုလှေတွေက အများဆုံးဖြစ်နေတာဟာ မြန်မာ့ပင်လယ်ပြင် ဥပဒေစိုးမိုးမှု အားနည်းကြောင်း ထင်ရှားစေပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူရဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားချက်အရ သစ်ခိုးလှေ (၁၇) စင်း၊ ကျွဲနွား မှောင်ခိုလှေ ၁၆ စင်း၊ မူးယစ်ဆေးဝါး သယ်လှေ (၁၂) စင်း၊ တရားမဝင် ကုန်တင်လှေ (၆) စင်း၊ လူမှောင်ခိုလှေ (၆) စင်းနဲ့ တရားမ၀င် နိုင်ငံခြား ငါးဖမ်းလှေ (၃) စင်း စုစုပေါင်း အစင်း (၆၀) ကာလတန်ဖိုး မြန်မာကျပ်ငွေ ၂ ဒသမ ၂၄ ဘီလျံ (၂,၂၄၄,၈၇၀,၀၀၀ ကျပ်) ကို ၂၀၁၃ ခုနှစ် ဧပြီလကနေ ၂၀၁၆ သြဂုတ်လအတွင်း ရခိုင်ပင်လယ်ပြင်ကနေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ အောင်သူရဲ့ ပြောကြားချက်အရဆိုရင် ရခိုင်ပင်လယ်ပြင်အတွင်း ၃ နှစ်တာကာလမှာ တပ်မတော် (ရေ) က ဖမ်းဆီးနိုင်ခဲ့တဲ့ တရားမဝင် စက်လှေတွေထဲ ငါးရာခိုင်နှုန်းကသာ ခိုးဝင် ငါးဖမ်းစက်လှေတွေဖြစ်ပြီး ကျန် ၉၅ % က မှောင်ခိုလှေတွေ ဖြစ်နေတာပါ။

တဘက်မှာ နော်ဝေနိုင်ငံရဲ့ အစီရင်ခံစာအရ ရခိုင်ပင်လယ်ပြင်မှာ တစ်နှစ်ကို တန်ချိန် တစ်သန်းအထိ ငါးဖမ်းဆီးမှု ရှိနေပြီး ဒီအတိုင်း ဆက်သွားမယ်ဆိုရင် လာမယ့် (၅) နှစ်အတွင်း ငါးပြုန်းတီးမှုနဲ့ ရင်ဆိုင်ရမယ်လို့ ထောက်ပြထားသလို ဒေါက်တာ အောင်သူ ရဲ့ ပြောကြားချက် အရ (၃) နှစ်တာကာလ ဖမ်းဆီးရရှိခဲ့တဲ့ စက်လှေ အစင်းပေါင်း (၆၀) မှာ ငါးဖမ်းစက်လှေက (၃) စင်းတည်း ပါဝင်ပြီး ကျန် (၅၇) စီးက မှောင်ခိုလှေတွေ ဖြစ်နေတာကြောင့် ရခိုင်ပင်လယ်ပြင် လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး ကိစ္စရပ်ကို နိုင်ငံတော်အစိုးရ အနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပါတယ်။

ယခုဖော်ပြပါ သတင်းသုံးသပ်ချက်မှာ The Root Magazine ၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် အတွဲ (၁) ၊ အမှတ် (၂) တွင် ပုံနှိပ်ပြီး ဖြစ်ပါသည်။

mm
မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Related Post

Comments

comments

Root Agency