ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ စက်မှုရပ်ကွက် ထူထောင်ရေး

By မင်းမျိုးနွယ် | Posted on February 2, 2017 | Also posted in Feature, News, North Rakhine, Politics | | Tagged , , |

621 Views

Report by Min Myo Nwe

၂၀၁၅ ခုနှစ် အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၀ အစိုးရလက်ထက် ရခိုင်ပြည်နယ်အတွင်းက မြေယာတွေ သိမ်းယူထားခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါ တယ်။  အဲဒီနောက်မှာ  မြေသိမ်းထားသူတွေရဲ့ အမည်စာရင်း ပေါက်ကြားလာခဲ့ပြီး ရခိုင်ပြည် နယ်အစိုးရ အဖွဲ့ဝင်ဟောင်းနဲ့ ပတ်သက်သူ ၆၀ ကျော် ပါဝင်နေပါတယ်။

သိမ်းဆည်းခံ မြေတွေဟာ စစ်တွေမြို့နယ် ဆတ်ရိုးကျ တစ်ဘက်ကမ်း စက်မှုရပ်ကွက် မြေတွေဖြစ်ပြီး အစိုးရ အဖွဲ့ဝင်ဟောင်းတွေ ပါတ်သက်နေမှုကို စစ်ဆေးဖော်ထုတ်နိုင်ဖို့ ပြည်နယ်လွှတ်တော်မှာ စုံစမ်းရေးကော်မရှင် ဖွဲ့ရတဲ့ အဆင့်ထိ ဖြစ်လာပါတော့တယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေ အပါအ၀င် ပြည်နယ် အတွင်း ထင်ရှားသူတွေ၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေလည်း မြေယာသိမ်းဆည်ထားမှုမှာ ပါတ်သက်နေကြောင်း  ပေါက်ကြားလာတဲ့ အမည်စာရင်းအရ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပေမယ့် ကာယကံရှင် တစ်ဦး တစ်ယောက်မှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ စက်မှုရပ်ကွက်အတွက်

သိမ်းဆည်းထားတဲ့ မြေအားလုံးကတော့ ဧကပေါင်း ၅၀၀ ကျော် ရှိတယ်လို့ မြေယာသိမ်းဆည်း ခံထားရသူတွေက ဆိုပါတယ်။
သိမ်းဆည်းမြေထဲက ဧက ၄၀ ကျော်ကို အစိုးရအဖွဲ့ဝင်ဟောင်းနဲ့ ပါတ်သက်နေသူ ၆၀ ကျော်က ခွဲဝေယူခဲ့တာဖြစ်ပြီး ဒါဟာ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ထား ခြင်းသာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဦးမြအောင်က ဆိုပါတယ်။

“ အဲဒီနေရာမှာ ရုံးတွေ၊ အဆောက် အဦးတွေလည်းဖြစ်လာပြီ။ မြို့ကိုလည်း တိုးချဲ့ လာမှာဖြစ်တဲ့အတွက် အဲဒီနေရာမှာ စည်စည် ကားကားဖြစ်အောင် စက်မှုလက်မှုလုပ်ငန်း တွေ ချပေးထားသလို လူနေရပ်ကွက် အနေနဲ့လည်း ကျွန်တ်ာတို့ အစိုးရလက်ထက်မှာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ဘောင်ထဲက လုပ်ခဲ့တာ ဖြစ်ပါတယ်။”

အစိုးရအဖွဲ့ဝင်တွေ ခွဲဝေယူခဲ့တဲ့ မြေ ဧက ၄၀ ကျော်ဟာ တပ်မတော်အစိုးရ လက်ထက် ၁၉၉၂ ခုနှစ်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် စက်မှုရပ်ကွက်ထူထောင်ဖို့ သိမ်းဆည်းခဲ့မြေ ဧက ၅၀၀ ကျော်ထဲက ဖြစ်ပါတယ်။

အဲဒီမြေနေရာတွေကို  လယ်မြေကနေ အခြားမြေ အမျိုးအစားအဖြစ် ပြောင်းလဲ အသုံးချနိုင်ဖို့အတွက် ဥပဒေအရ ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်။ ယခင်ချပေးထားတဲ့ လုပ်ငန်းရှင်တွေဟာ  စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိတဲ့အတွက် ၂၀၁၀ အစိုးရသစ်လက်ထက်မှာ စီမံကိန်းကို ထပ်မံ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တာလဲ ဖြစ်ပါတယ်။

အဲဒါကြောင့် မြေနေရာ တော်တော်များများ ကို စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲ အပ်နှံခဲ့ရတာပါလို့ ဦးမြအောင်က ဆိုပါတယ်။
စက်မှုရပ်ကွက်အတွက် သိမ်းဆည်းထား တဲ့ မြေနေရာတွေထဲက တစ်ချို့ကို အစိုးရ အဖွဲ့ဝင်ဟောင်းတွေက ထပ်မံသိမ်းဆည်း ယူ လိုက်ကြပြီး ရယူထားသူတွေထဲက တချို့ဟာ ဝေစုရရှိတဲ့မြေတွေကို လက်ပြောင်း လက်လွှဲ ရောင်းဝယ်ပြုလုပ်ပြီးဖြစ်ကြောင်း စုံစမ်းတွေ့ရှိ ရပါတယ်။

ပြန်လည်ရယူဖို့ကြိုးပမ်းခြင်း

ဆတ်ရိုးကျရပ်ကွက်က လယ်သမား အများစု ပိုင်ဆိုင်တဲ့ မြေတွေကို စက်မှုရပ်ကွက် ထူထောင်ဖို့အတွက် သိမ်းဆည်း သွားတာကြောင့်  မြေယာမဲ့သူတွေမှာ ဘ၀တွေကိုပါ ဆုံးရှုံးသွား တာဖြစ်တယ်လို့ လက်ရှိအချိန်မှာ မြေယာ ပိုင်ဆိုင်ခွင့် မရှိတော့တဲ့ ဦးမောင်ထွန်းသိန်း က ဆိုပါတယ်။

ဆတ်ရိုးကျမြေတွေကို စပြီးသိမ်းယူသွား တာဟာ ၁၉၉၂ မှာ ဖြစ်ပြီး၊ သိမ်းယူခဲ့ချိန်က သူတို့ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ လယ်မြေ တွေကို မြေစာရင်းက လာပြီး တိုင်းတာမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိမ်းဆည်းခံတွေက ပြောပါ တယ်။

“ မြေတွေကို သိမ်းဆည်းဖို့အတွက် ကျွန်တော်တို့ လယ်သမားတွေကို အကြောင်း ကြား အသိပေးခဲ့တာ မရှိဘူး။ ဘာကြောင့် သိမ်းဆည်းတယ်ဆိုတာလဲ မပြောဘူး။ မြေ စာရင်းဌာနက မြေလာတိုင်းတဲ့အခါမှပဲ သိခဲ့ ရတာပါ။ အဲဒီအချိန်ကနေ သိမ်းဆည်းထားခဲ့ တာဟာ ဒီနေ့အထိ အကောင်အထည်ဖော် တာတစ်ခုမှ မရှိသေးပါဘူး။” မြေသိမ်းခံလိုက် ရတဲ့ တောင်သူတွေက ဆိုပါတယ်။

သိမ်းဆည်းခံထားရတဲ့ မြေတွေကို ပြန် လည် လုပ်ကိုင်စားသောက်ခွင့် ရရှိဖို့ ၂၀၁၃ ခုနှစ်မှာ လယ်သမားတွေက ထပ်မံ တောင်းဆို ခဲ့ပေမယ့် ဒီမြေတွေဟာ လ/န ၃၉ နဲ့ သိမ်း ဆည်းထားတဲ့အတွက် ပြန်မစွန့်နိုင်ကြောင်း အကြောင်းကြား လာတယ်လို့ မြေရယူဖို့ ကြိုးစားခဲ့ရပုံကို ဦးမောင်ထွန်းသိန်းက ပြောပြပါ တယ်။

လယ်သမားတွေအနေနဲ့ မြေပြန်လည် ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့အချိန်မှာ ပြည် နယ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ ချထားပေး ခဲ့တဲ့သူတွေက ခြံစည်းရိုးတွေကာရံပြီး အိမ်ရာ မြေကွက်တွေအဖြစ် ပုံဖော်လာတာဖြစ်ပါတယ်။ ဒီအခြေနေကို ဥပဒေအရ မဆောင်ရွက်နိုင် မှာကို  မူလမြေပိုင်ရှင်တွေက စိုးရိမ်နေကြပါ တယ်။

အငြင်းပွားနေတဲ့ သိမ်းဆည်းခံမြေတွေ ပေါ် ခြံစည်းရိုးကာရံမှုတွေ ဆက်လက်မပြုလုပ် ဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သတိပေးထားပြီး ဒီကိစ္စအပေါ် ပွင့်လင်းမြင်သာစွာ ဖြေရှင်းဖို့နဲ့ ကိုယ်ကျိုးအတွက်  အသုံးပြုသူ တွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ် ကြောင်း သြဂုတ်လ (၁၆) ရက်နေ့က မြေသိမ်း ဆည်းခံရသူတွေနဲ့ တွေ့ဆုံတဲ့အခါ ပြောဆိုခဲ့ပါ တယ်။

“ ခြံစည်းရိုးတွေလာထိုးရင် ထိုးတဲ့သူကို တားနိုင်ပါတယ်။ ထိုးပြီးသား ခြံစည်းရိုးတွေ ကိုလည်း ကျေးဇူးပြုပြီး ဖျက်ဆီးတာမျိုး မလုပ် ပါနဲ့။ ကျွန်တော်တို့ ဒီကိစ္စကို အမြန်ဆုံးဆောင် ရွက်ပေးပါ့မယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ကို ယုံကြည်ပါ။” ပြည်နယ် ၀န်ကြီးချူပ် ဦးညီပုက ပြောပါတယ်။

၁၉၉၂ ခုနှစ်မှာ စက်မှုရပ်ကွက် ဖော်ဆောင်ဖို့ စီမံကိန်းတည်နေရာ ရွေးချယ်ခြင်း ခံခဲ့ရတဲ့ ဆတ်ရိုးကျရပ်ကွက်အတွင်းက လယ် ဧက ငါးရာကျော်ကို အမှီပြုနေကြတဲ့ ရွာသား တွေဟာ သူတို့မြေတွေ သိမ်းဆည်းခံခဲ့ရတဲ့ နောက် အခက်ခဲတွေနဲ့ ရုန်းကန်ခဲ့ရတာ ဒီနေ့ထိပါ။

စားဝတ်နေရေး အဆင်မပြေမှုက တမှောင့်၊ သားသမီးတွေကို ပညာမသင်ကြားနိုင်ဘဲ ကျောင်း ထုတ်ပစ်လိုက်ရတာတွေ၊ ပညာသင် ကျောင်း သားတွေ နေ့စားအလုပ်သမားများအဖြစ် ၀င် ရောက်လုပ်ကိုင်ရင်း လုံခြုံမှုမရှိတဲ့ ဘ၀တွေ ထဲ ၂၄ နှစ် တိုင်တိုင် ကျော်ဖြတ်ခဲ့ရတာပါ။

“သူတို့က ၀န်ကြီးချုပ်ပြောတာကို လည်း ဂရုမစိုက်ဘူး။ မြို့နယ်ထွေအုပ်က ထုတ်တဲ့ တားမြစ်စာကိုလည်း အလေးမထား ဘူး။  ငွေကြေးချမ်းသာတဲ့  ဓနရှင်တွေကတော့ သူတို့ လုပ်စရာရှိတာကို ဆက်လုပ်နေကြ တယ်။ တိုင်ကြားတဲ့သူတွေကို ဖမ်းချုပ်ပစ်ဖို့ တောင် ပြောနေတာတွေ ရှိပါတယ်။” လို့ ခြိမ်းခြောက်ခံနေရတဲ့ ဘ၀တူ မူလမြေပိုင်ရှင် တွေရဲ့ အခြေအနေ တွေကို ဦးမောင်ထွန်းသိန်းက ပြောပါတယ်။

ချောင်းတစ်ဘက်ကမ်းကို ၂၀၁၃ ခု နှစ်မှာ တံတားထိုးလိုက်တာကြောင့် စစ်တွေ မြို့နဲ့ ဆတ်ရိုးကျရပ်ကွက် ကားလမ်း ပေါက် သွားခဲ့ပြီး အဲဒီရပ်ကွက်က အိမ်ခြံမြေ ဈေးနှုန်း တွေ ထိုးတက်လာပါတယ်။

အဲဒီနောက်မှာ ဆတ်ရိုးကျ ရပ်ကွက် အတွင်းက စက်မှုရပ်ကွက် မဖော်ဆောင် နိုင်တဲ့ သိမ်းဆည်းမြေတွေရဲ့ ပိုင်ရှင်များအနေ နဲ့ လာရောက်အကြောင်းကြားဖို့ ရခိုင်ပြည်နယ် အစိုးရက ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်စီ သတင်းစာက ကြေညာခဲ့ပါတယ်။

အဖြေရှာနေတဲ့ စိစစ်ရေးကော်မတီ

မိမိတို့ ပိုင်ဆိုင်ခဲ့တဲ့ မြေကွက်တွေကို စက်မှုရပ်ကွက် ပြုလုပ်ဖို့အတွက် သိမ်းဆည်း ခဲ့တာဖြစ်တယ်လို့ လက်ခံထားတဲ့ အချိန်မှာ စီမံကိန်းနဲ့မသက်ဆိုင်တဲ့ ပုဂ္ဂလိကပိုင် အိမ် ရာတွေအဖြစ် ပြောင်းလဲနေတာကို သိလိုက် ရတဲ့အချိန်မှာ ဥသြော် သောင်းနင်း ဖြစ်လာခဲ့ တယ်။ အဲဒီပြဿနာကို  ဖြေရှင်းပေးဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်း မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

နစ်နာမှုတွေနဲ့ ရင်ဆိုင်ကြရတဲ့ ဒေသခံ တောင်သူတွေရဲ့ ဆုံးရှုံးမှုတွေကို ကူညီအဖြေ ရှာပေးဖို့ စစ်တွေမြို့နယ် အမှတ် ၁ မဲဆန္ဒ နယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက (၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း အာဏာ မလွှဲပြောင်းမီ ကာလ အတွင်း သက်တမ်း ကုန်ခါနီးဆဲဆဲ အစိုးရ အနေဖြင့် စစ်တွေမြို့နယ် အပါအ၀င် ရခိုင် ပြည်နယ် အတွင်း ပုဂ္ဂလိကများသို့ ကျယ်ကျယ် ပြန့်ပြန့် မြေနေရာချထားခဲ့မှုများကို စိစစ်၍ မျှတစွာဖြင့် ပြန်လည် ဆောင်ရွက်ပေးရန်) အဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

အဲဒီနောက် သိမ်းဆည်းခံမြေတွေနဲ့ ပါတ် သက်ပြီးတော့ နှစ်လအတွင်းမှာ လွှတ်တော် ကို အစီရင်ခံတင်ပြနိုင်မယ့် လွှတ်တော်ကိုယ် စားလှယ်တွေပါဝင်တဲ့ စုံစမ်းဖော်ထုတ်ရေး ကော်မတီတစ်ရပ်ကို ၂၀၁၆ ခုနှစ်၊ စက်တင် ဘာလ ၂၂ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ကလဲ သြဂုတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် (၁၁၃/၂၀၁၆) ကို ထုတ်ပြန်ခဲ့ပြီး စက်မှု ရပ်ကွက် ပြန်လည်စိစစ်ရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်း ခဲ့သေးပါတယ်။ အဲဒီကော်မတီ မှာတော့ စိုက်ပျိုး ရေး၊မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်လွင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် ပြီး အဖွဲ့ဝင် ၁၀ ဦး ပါဝင်တယ်လို့ သိရပါ တယ်။

ဆတ်ရိုးကျမြေယာ  သိမ်းဆည်းမှုဖြစ်စဉ် ဟာ အစိုးရဟောင်း သက်တမ်းကုန်ခါနီး လုပ် ဆောင်သွားခဲ့တာဖြစ်ပြီး သူတို့တွေနဲ့ ဆက် နွယ်နေတယ် ဆိုပေမယ့် ပြည်နယ်ဝန်ကြီး ချူပ်ဟောင်းလည်းဖြစ်၊ လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်အုန်းက “ အခုလည်း ဒါနဲ့ ပါတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးတွေ လုပ် နေပါတယ်။ သူ့ဟာသူ အဖြေ ပေါ်လာမှာပါ။ကျွန်တော်က ပါဝင်ပါတ်သက်မှု မရှိခဲ့တော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး ဘာမှတ်ချက်မှ မပေး ချင်ပါဘူး။ ကျွန်တော်လုပ်တာလည်း မဟုတ် ပါဘူး။” လို့ ငြင်းဆိုထားပါတယ်။

ပေါက်ကြားလာတဲ့ အမည်စာရင်း မှာ တော့ ပြည်နယ်ဝန်ကြီးချူပ်ဟောင်း အမည် ကနေ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟောင်း တစ်ခုလုံးရဲ့ ထိပ်သီးတွေ ပါဝင်နေသလို၊ စစ်တွေမြို့က ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေပါ ပါဝင်နေပေမယ့်
“ အဲဒီလို ဌာနဆိုင်ရာတွေ ပါဝင်နေ တယ် ဆိုတာကိုတော့ ကျွန်တော်တို့ အစိုးရ အဖွဲ့ အစည်းအဝေး (ဃဘေငညနအ) က ထုတ်ပြန် ခွင့်ပြုမှသာ ကျွန်တော်တို့ ပြောဆိုထုတ်ပြန် လို့ရမယ်။” စက်မှုရပ်ကွက် ပြန်လည်စိစစ် ရေး နှင့်  အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ၀န်ကြီး ဦးကျော်လွင်ရဲ့ ပြော ကြားချက်ကို ပြည်နယ်အစိုးရအဖွဲ့ပိုင် ရခိုင် ဂေဇက် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချူပ်ဟောင်း ဦးမြအောင် ကတော့ – ၁၉၉၂ ခုနှစ်ကတည်းက စက်မှု ရပ်ကွက်ထူထောင်ဖို့ နိုင်ငံတော် ပြန်တမ်း ထုတ်ပြီး သိမ်းဆည်းခဲ့တာ ဖြစ်ပေမယ့် လုပ် ကိုင်မယ့်သူ မရှိတာကြောင့် သူ့လက်ထက် မှာ အသစ်လျှောက်ထား သူတွေကို ပြန်ချ ပေးခဲ့တာဖြစ်သလို  အစိုးရအဖွဲ့ဟောင်းအနေ နဲ့ လုပ်ငန်းအတူ လုပ်ဆောင်ခဲ့ကြတဲ့ အစိုးရ ၀န်ထမ်းတွေအပြင်၊ လုံခြုံရေးလုပ်ငန်း၊ လူမှု ရေး လုပ်ငန်းတွေ၊ ဘာသာရေး လုပ်ငန်းတွေ၊ အထူးသဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ သူတွေကိုပါ ချပေးခဲ့တာဖြစ် ကြောင်း The Root ကို ပြောပါတယ်။

“ တကယ်လို့ ဆုံးရှုံးနစ်နာသူတွေ အနေနဲ့ ဥပဒေအတိုင်း တင်ပြတောင်းဆိုမယ် ဆိုရင်တော့ လျော်ကြေးတွေလည်း ရရှိနိုင်ပါ တယ်။ ကျွန်တော်တို့ ရယူထားတဲ့ မြေတွေကို ပြန်လည် ပေးအပ်ရမယ်ဆိုရင်လည်း စွန့် လွှတ်ပေးဖို့ အဆင်သင့် ရှိပါတယ်။”

ပြည်နယ်ဝန်ကြီးချူပ် ဦးမြအောင်က စစ်တွေမြေ အရှုပ်တော်ပုံကိစ္စမှာ အစိုးရ အဖွဲ့ဝင်ဟောင်းတွေ ခွဲဝေယူထားခဲ့သလို လက် ပြောင်း လက်လွှဲတွေ လုပ်ခဲ့ကြောင်း ၀န်ခံခဲ့ တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေယာသိမ်း ဆည်းမှုများအတွက် ၂၀၁၀ ခုနှစ် ရခိုင်ပြည် နယ် လွှတ်တော်၊ သိမ်းဆည်းခံ လယ်ယာမြေ များ စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အစီရင် ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီအစီရင်ခံစာ ဟာ ဌာနဆိုင်ရာအရာရှိတွေနဲ့ အစိုးရအဖွဲ့ ၀င်တွေအတွက် စားကွက်သစ် (စားပေါက်/ဂွင်) တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်နေတယ်လို့ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ သိမ်း ဆည်းခံလယ်ယာမြေများ စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဌ ဦးအောင်ဝင်းက ၂၀၁၄ နှစ် ကုန်ပိုင်းက ဝေဖန်ပြောကြားခဲ့ပါသေးတယ်။

အဆိုပါ အစီရင်ခံစာအရ ရခိုင်ပြည် နယ်အတွင်း သိမ်းဆည်းခံထားခဲ့ရတဲ့ မြေ တွေထဲက ဧက သုံးသောင်းကျော်ကို စစ်ဆေး တွေ့ရှိခဲ့ပေမယ့် နှစ်သောင်းကျော်ကိုသာ ပြန် လည်ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိမြေတွေဟာ ယခု အချိန်ထိ မူလပိုင်ရှင်များထံ မရောက်ရှိသေး ပါ။

စွန့်လွှတ်မြေ ဧက နှစ်သောင်းကျော်ကို ပြန်လည် ပေးအပ်ရာမှာလည်း တချို့မြေ တွေဟာ မူလမြေပိုင်ရှင်တွေ လက်ထဲကို တိုက် ရိုက်မရောက်ရှိခဲ့ဘဲ စီပွားရေးလုပ်ငန်းရှင်တွေ လက်ထဲကို ရောက်ရှိသွားမှုတွေ ရှိနေတာ ကြောင့် မူလမြေပိုင်ရှင်နဲ့ လုပ်ငန်းရှင်တွေ ကြားမှာ အပြန်အလှန်အငြင်းပွားမှုတွေ၊ ဆန္ဒ ဖော်ထုတ်မှုတွေနဲ့ တရားစွဲဆိုမှုတွေ ရှိနေပါ တယ်။

ပြည်နယ်ဝန်ကြီးချူပ်ဟောင်း ဦးမြအောင် ကိုယ်တိုင် ၀န်ခံထားတဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဟောင်း ထိပ်သီးတွေနဲ့ နိုင်ငံရေး သမားတွေ ပါဝင်နေတဲ့ စစ်တွေမြေယာများ ခွဲဝေမှုကိစ္စမှာ ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်း ဖော်ထုတ်ရေးကော်မတီ အစီရင်ခံစာ ထွက် ပေါ်မလာသေးပေမယ့် အရေးယူဆောင်ရွက် ခြင်းအဖြစ် “မူလသိမ်းဆည်းစဉ်က ရည် ရွယ်ချက်နဲ့မညီဘဲ ရယူထားတဲ့ မြေကွက်တွေ ကို ဥပဒေနဲ့အညီ ပြန်လည် သိမ်းဆည်းရန် (သို့မဟုတ်) မိမိဂုဏ်သိက္ခာနဲ့အညီ ပြန် လည်စွန့်လွှတ်ရန် (သို့မဟုတ်) မူလပိုင်ရှင် လယ်သမားတွေရဲ့ သဘောထားအတိုင်း လျော်ကြေးငွေပေးဖို့” ကိုသာ ဆောင်ရွက်မှာ ဖြစ်ကြောင်း စက်မှုရပ်ကွက် ပြန်လည်စိစစ် ရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးကျော်လွင်က ပြောပါတယ်။

အစိုးရ အဖွဲ့ဝင်ဟောင်းတွေ ခွဲဝေရယူ ထားတဲ့ အိမ်ယာမြေတစ်ကွက်ရဲ့ ကာလ တန်ဖိုးကတော့ ယခုအချိန်မှာ ကျပ်သိန်း ၁၅၀ အနည်းဆုံးရှိနေပါတယ်။ ဒီငွေပမာဏ ဟာ နှစ်ပေါင်း ၂၄ နှစ်ကြာ ဘ၀အာမခံချက် တစ်စုံတရာမရှိဘဲ နေထိုင်လာခဲ့ရတဲ့ သိမ်း ဆည်းခံမြေပိုင်ရှင်တွေအတွက် မျှတမှုတစ်ခု လား ဆိုတာ ထည့်သွင်းစဉ်စားဖို့ ကောင်းပါ တယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ မျှတမှု ကို အမှန်တကယ် ဖော်ဆောင်မယ်ဆိုရင် လည်း ကိုယ်ကျိုးအတွက် သိမ်းဆည်းထားတဲ့ မြေဧက ၄၀ ကျော်ကိုသာ ထည့်သွင်းစဉ်းစား ခြင်းမဟုတ်ဘဲ သိမ်းဆည်းမြေအားလုံး အတွက် ကို မူလမြေပိုင်ရှင်တွေ နစ်နာမှု မရှိစေဖို့ စဉ်းစားပေးဖို့ လိုပါတယ်။

၂၀၁၂ ခုနှစ် မြေယာဥပဒေမှာ လျော် ကြေးပေးတယ်ဆိုရင် ဘာအကြောင်းပြချက် နဲ့ပဲ သိမ်းဆည်းတာဖြစ်ဖြစ် ကာလတန်ဖိုး ထက် မနည်းသော လျော်ကြေးကို ပေးရမှာ ဖြစ်ကြောင်း ပြဌာန်းထားပါတယ်။ စစ်တွေ ဆတ်ရိုးကျစက်မှုရပ်ကွက် စီမံကိန်းကို ထပ်မံ အကောင်ထည် ဖော်လာခြင်းမှာလည်း ၂၀၁၄ ခုနှစ်အတွင်းမှာ ဖြစ်တာကြောင့် နိုင်ငံတော် က ပြဌာန်းထားတဲ့ ၂၀၁၂ ခုနှစ် မြေယာ ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးခဲ့ခြင်း မရှိတာဟာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဟောင်းအနေနဲ့ ဥပဒေကို ချိုးဖောက်ရာ ရောက်နေပါတယ်။       ။

______

ယခုဖော်ပြပါ အထူးသတင်းပေးပို့ချက်မှာ The Root Magazine ၏ ၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် အတွဲ (၁)၊ အမှတ် (၁) တွင် ပုံနှိပ်ပြီး ဖြစ်ပါသည်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Comments

comments

Root Agency