မွေးစားဒုက္ခသည်

By မင်းမျိုးနွယ် | Posted on February 4, 2017 | Also posted in Opinion, Society | | Tagged , |

314 Views

for Today

အခြေအနေတစ်ခုကို ထိထိမိမိကိုင်တွယ် နိုင်ခြင်းမရှိတဲ့အတွက် ဒုက္ခသည် အမြောက် အမြားကို မွေးစားလိုက်သလို ဖြစ်သွားခဲ့တယ်။

ရခိုင်ပြည်နယ်ဟာ အချိန်အတိုင်းအတာအားဖြင့် လေးနှစ်တာ ကာလအတွင်းမှာ ဒုက္ခသည် တော်တော်များများကို ပိုင်ဆိုင်ခဲ့ရတယ်။ ယခင်က ရခိုင်ပြည်နယ်မှာ ဒုက္ခသည်ဆိုတာ မရှိ။ ပဋိပက္ခမရှိ။ စစ်ပွဲမရှိ။ ဆင်းရဲကျပ်တည်း ကြပေမယ့် တည်ငြိမ်အေးဆေးစွာ လုပ်ကိုင် စားသောက်မှု အဆင်မပြေတဲ့ အနေအထား ရှိခဲ့တယ်။ နောက်ပိုင်းမှာ ပဋိပက္ခတွေဖြစ်လာ ခဲ့တယ်။ မျှော်လင့်မထားတဲ့ ပြဿနာတွေ ပေါ်ပေါက်ခဲ့တယ်။ အဲဒီပြဿနာတွေကြောင့် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတဲ့အပြင် မြင်မကောင်း ကြားမကောင်းတဲ့ ဒုက္ခသည်တွေအဖြစ်သို့ ရောက် ရှိသွားခဲ့ကြတာကိုလည်း ဒီနေ့ထိမြင်နေရဆဲပါပဲ။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးအခင်းမှာ နေအိမ်မီးရှို့ခံရမှု၊ ကျေးရွာများ ပျက်စီးသွားမှု၊ နှစ်ဖက် လူ့အဖွဲ့အစည်းတွေ အတူတကွနေထိုင်ဖို့ အခြေအနေမပေးတော့တဲ့အတွက် တစ်ချို့ လူအုပ်စုတွေကို နေရာပြောင်းပစ် လိုက်ရတယ်။

ဒုက္ခသည်စခန်းတွေမှာ စုပုံနေထိုင်နေကြတဲ့ ဒုက္ခသည်တွေရဲ့ မြင်ကွင်းများစွာဟာ ကမ္ဘာ့စာမျက်နှာတွေမှာ မကောင်းသတင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဖြေရှင်းရခက်ခဲနေဆဲပါပဲ။ ရခိုင်အရေးအခင်းကို မသိနားမလည်တဲ့ သူတွေက ရခိုင်တွေ မကောင်းပြောကြတယ်။ မြန်မာအစိုးရကို မကောင်းပြောကြတယ်။ နောက်ဆုံးအားလုံး ဂုဏ်သိက္ခာ ညိုးနွမ်းခဲ့ရတယ်။

 

for today 1

 

အရေးအခင်းကြောင့် ထွက်ပေါ်လာခဲ့တဲ့ ဒုက္ခသည်တွေရဲ့ပုံရိပ်ဟာ ရခိုင်မြေပေါ်မှာ ရှိနေခဲ့ရတာကတော့ ဖျောက်ဖျက်လို့ မရတဲ့ အနေအထားရှိတယ်။ ဖြစ်သင့်လို့ ဖြစ်ရတဲ့ ကိစ္စတစ်ခုလို့ပဲ ပြောပါရစေ။ နိုင်ငံတကာကလည်း သူတို့ကို စောင့်ကြည့် နေကြတယ်။ ထောက်ပံ့ကူညီနေကြတယ်။ ဘာပဲပြောပြော သူတို့အတွက် အဆင်ပြေတဲ့ အနေအထားရှိတယ်။

ပြီးတော့ အဲဒီကိစ္စကြောင့် သတင်းစာမျက်နှာတွေမှာရော နိုင်ငံတကာ အသိုက်အ၀န်းကြားမှာပါ နိုင်ငံရေးအရ လှည့်ပြောင်းကစားလို့ အဆင်ပြေတဲ့သဘော ရှိနေတာကို တွေ့ရတယ်။ အန်ဂျီအိုတွေကို  ပြည်တွင်းထဲကို ၀င်ခွင့်ပေးထားနိုင်လို့ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ဆက်ဆံရေး ပြေလည်နေတယ်။ အစိုးရအနေနဲ့ မျက်နှာပန်းလှတယ်လို့ ပြောရမှာပါ။

မကောင်းတာကတော့ ဒုတိယအကြိမ် မွေးစားလိုက်တဲ့ ဒုက္ခသည်တွေ ကိစ္စပါ။ ၂၀၁၅ ခုနှစ်အတွင်းကစပြီး ရခိုင်ပြည်နယ် ထဲမှာ ရခိုင်လက်နက်ကိုင် (AA) နဲ့ မြန်မာ အစိုးရတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပေါ်လာခဲ့တဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာက တစ်နှစ်ကျော်ရုံလေး ကာလပါပဲ။ တိုက်ပွဲက အရေအတွက်အားဖြင့်လည်း သုံးကြိမ်သာ ဖြစ်ပွားခဲ့တာပါ။

ဒုက္ခသည်စခန်းက ဆယ်ခုလောက်ရှိနေပြီ။ ရွာတွေလည်း ပျက်သွားတာရှိတယ်။ ရွာသားတွေရဲ့ လူမှုဘ၀တွေလည်း ပျက်စီးသွားကြတယ်။ စီးပွားရေး အလုပ်အကိုင်တွေလည်း ပျက်ကြတယ်။ အားလုံး အလုပ်လက်မဲ့တွေ ဖြစ်ခဲ့ရတယ်။

လူဦးရေ နှစ်ထောင်ကျော်ဟာ ဒုက္ခ ရောက်သွားခဲ့တယ်။ နိုင်ငံသားတွေက ကိုယ့် နိုင်ငံအထဲမှာ ဒုက္ခသည် ဖြစ်နေရတာဟာ အမြင်မကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ ဒုက္ခသည်တွေဘက်က ကြည့်ရင်လည်း လူ့အခွင့်ရေး ချိုးဖောက်ခံနေရသလို ဖြစ်ပါတယ်။ နိုင်ငံသားအချင်းချင်းတော့ တန်းတူ အခွင့်အရေး ရှိသင့်တယ်လို့ မြင်ပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။

 

for today 3

 

ဒေသခံတွေဟာ တိုက်ပွဲတွေကို မကြုံဖူး ကြပါဘူး။ ကိုယ်နေတဲ့ ဒေသတွင်းမှာ ဒီလိုမျိုး တိုက်ပွဲတွေဖြစ်လာမယ်လို့လဲ သူတို့ မယုံကြည် ထားပါဘူး။ ကိုယ်မှီခို လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေ၊ တောတွေမှာ အခုလိုမျိုး အနိဌာရုံ မြင်ကွင်းမျိုးကို မြင်တွေ့ဖို့လည်း သူတို့ စိတ်မကူးဖူးကြသူတွေ ဖြစ်ပါတယ်။ ရုတ်တရက်တိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။ တစ်ခါမှ မကြားဖူးတဲ့ သေနပ်သံတွေ လက်နက်ကြီး ပစ်ခတ်သံတွေကို ကြားလိုက်မြင်လိုက်ရတော့ ကြောက်ပြီး ထွက်ပြေးလာခဲ့ကြတယ်။

စထွက်ပြေး ခဲ့စဉ်က သူတို့ဟာ ကိုယ့်ရွာကို ကိုယ်ပြန်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လာခဲ့ကြတာပါ။ တကယ်လည်း ပြန်ကြမှာဖြစ်ပါတယ်။ တခြား ဘာရည်ရွယ်ချက်နဲ့မှ ဒီနေရာကို လာခဲ့ကြတာ မဟုတ်ပါဘူး။ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် ကြောင့်သာပါပဲ။

လက်တွေ့မှာ သူတို့ဟာ နေရပ်ကို ပြန်ခွင့်မရှိကြတဲ့အပြင် အိုးအိမ် စည်းစိမ်တွေကိုပါ ဆုံရှုံးလိုက်ကြရတယ်။ သူ တို့ လုပ်ကိုင်စားသောက်တဲ့ မြေတွေ။ သူတို့ မှီခိုနေကြတဲ့ တောတွေ။ မြစ်ချောင်းတွေ။ ဥယျာဉ်တွေကို သူတို့ မပိုင်ကြတော့ပါ။

အလုပ်လက်မဲ့ဖြစ်သွားကြပါပြီ။  အလုပ်မရှိတော့ ဘယ်မှာလဲ သူတို့အတွက် ငွေကြေး။ အစစ အရာရာမှာ လိုအပ်ချက်တွေနဲ့။ သူတို့ဘ၀ဟာ လူဖြစ်ရကျိုး မနပ်သလို ဖြစ်သွားခဲ့တယ်။ လူ့ အခွင့်အရေးဟာ သူတို့နဲ့ မဆိုင်တော့သလိုပါပဲ။ နိုင်ငံသား အခွင့်အရေးဆိုတာလည်း သူတို့ အတွက် မဟုတ်သလို ဖြစ်သွားခဲ့တယ်။ ဒါ တောင် ဒီခောတ်မို့ လူတွေ သိခွင့်ရသွားခဲ့ တာ။

တစ်ချိန်ကဆိုရင် ဘယ်ရောက်လို့ ဘယ် ပျောက်သွားမှန်းတောင် သိလိုက်မှာ မဟုတ် ပါဘူး။

 

for today 4

 

ရွာတွေက ဝေးပင်ဝေးသော်ငြားလည်း ဖုန်းဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကဖြစ်ဖြစ်၊ ကုန်းလမ်းရေးလမ်းတို့နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်း ကို အသုံးပြုပြီးတော့ အဆက်အသွယ်ရနေလို့ အလွယ်တကူ  ကျွန်တော်တို့ သိခွင့်ရရှိခဲ့တယ်။ ဒီလူတွေ ဘယ်ကလာတယ်။ ဘာဖြစ်လာကြ တယ်ဆိုတာကို အားလုံးက သိနေတော့ ဘယ် နေရာကို လူဘယ်လောက်ရောက်နေ ပြီ။ ဘာတွေ လိုအပ်တယ်။ လူဘယ်လောက် ပါလာတယ်ဆိုတာကို သိနေခဲ့ရတယ်။ အရင် အချိန်တွေကဆိုရင် အဲလိုကိစ္စမျိုးကို ကြားလိုက်ရုံနဲ့ မဆိုင်သူဆိုင်သူ အကုန်လုံး ထွက်ပြေးကြရမှာ သေချာတယ်။ အကူအညီသွားပေးရဲတဲ့ သူလည်းရှိမှာ မဟုတ်ပါဘူး။

အဆက်အသွယ် ကောင်းမွန်လာတဲ့ ကာလ မို့လို့ အချိန်ပိုင်း ရက်ပိုင်းအတွင်း အားလုံး သိလိုက်ရတယ်။ ကူညီကြတယ်။

ဒုက္ခရောက်လာတဲ့ သူတွေဆီကိုလည်းသွားကြတယ်။ အစိုးရ ဘာမလုပ် ညာမလုပ်လည်း ပြောလို့ရတယ်။ ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးဟိုးဟိုး ကျော် သွားခဲ့တယ်။ ရခိုင်မှာတိုက်ပွဲဖြစ်တဲ့ သတင်း တွေ ကြားလာရတယ်။ နောက်ပိုင်း အသံတွေ ကျယ်လာခဲ့တယ်။ ဒုက္ခသည်တွေ အတွက် အလှူတွေရောက်လာတယ်။ နိုင်ငံတကာသတင်း ဌာနတွေ ၀င်ရောက်လာတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေ လာတယ်။ စာမျက်နှာတိုင်းမှာ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေအကြောင်းကို မြင်တွေ့နေရတယ်။ အခြေအနေက အေးစက်မသွားဘဲ အမြဲတမ်း အသစ်တွေပြန်ဖြစ် နေခဲ့တယ်။ လက်နက်ကိုင် တပ်ဖက်က လှုပ် ရှားမှုတွေကို ကြားနေရသလို အစိုးရဖက်က လှုပ်ရှားမှုတွေကိုလည်း မြင်နေရတယ်။ ဖမ်းဆီးမှုတွေကလည်း အမြဲတမ်းရှိနေတယ်။

ဒုက္ခသည်တွေအနေနဲ့လည်း ရွာကို ပြန်သွားဖို့ အခက်ခဲရှိနေဆဲပါပဲ။

အလှူရှင်တွေကလည်း လှူကြတယ်။ ပြည်ပရောက် မြန်မာတွေကလည်း ငွေတွေ လှူကြတယ်။ လူမှုအဖွဲ့အစည်းတွေ ကလည်း အစိုးရ မလုပ်တာကို ငါတို့ လုပ်တယ်ဆိုတဲ့ သဘောနဲ့ လုပ်ကြကိုင်ကြတယ်။ နှစ်ပေါင်း များစွာ တားဆီး ပိတ်ပင်ခံထားခဲ့ရတဲ့ အသင်း အဖွဲ့တွေ စုပေါင်းလုပ်ကိုင်တဲ့ အခွင့်အရေးကို ခုမှပြန်ရတာဆိုတော့ အားလုံးက လုပ်ချင်ကြ တယ်။ တစ်ချိန်က အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မှ မရခဲ့ကြတာကိုး။ အလှူရှင်တွေ လှူနေတန်းနေတဲ့အချိန်မှာ အစိုးရက ဒုက္ခသည်တွေ အတွက် အိမ်တွေ ဆောက်ပေးလိုက်တယ်။

ပြီးတော့ရွာကို ပြန်သွားခွင့် မပြုတော့ဘူး။ အဲဒီရွာတွေကို တပ်စွဲထားလိုက်ကြတယ်။ ရွာ သားတွေက အလိုလို ဒုက္ခသည် ဖြစ်သွားခဲ့ရ တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ အနီး တ၀ိုက်ကို ဘယ်သူမှမသွားလာဝံ့အောင် လုပ် ထားတယ်။ ဒါတွေဟာ တမင် ဖန်တီးထားသလို ဖြစ်နေတယ်။

 

for today 5

 

တိုက်ပွဲ တတိယအကြိမ် ဖြစ်ကြတယ်။ သြရမတောင်တန်းနဲ့ အနီးတ၀ိုက်မှာနေကြတဲ့ ရွာသားတွေ။ အလုပ်လုပ်နေတဲ့ တဲသမားတွေဟာ အစုလိုက်အပြုံလိုက် ထွက်ပြေးလာ ခဲ့ရတယ်။ ကျေးရွာတွေ တော်တော်များများပျက်စီးသွားခဲ့တယ်။

ထွက်ပြေးလာခဲ့ရတဲ့ ကျေး ရွာသားတွေဟာ အုပ်စုတွေကွဲပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့ မြို့နယ်တွေကို ရောက်သွားခဲ့ကြတယ်။ ဒီတစ်ခေါက်လည်း ပထမအတိုင်းပါပဲ။ ရွာသား တွေ ထွက်ပြေးလာတဲ့နေ့မှာ ချက်ချင်း လူတွေ သိလိုက်ရတယ်။ လူမှုအဖွဲ့အစည်းတွေ။ နိုင်ငံရေး ပါတီတွေ ကူညီကယ်ဆယ်ရေး လုပ်ကြတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ ဘယ်သူမှ မနေရဲတော့ဘူး။ ကျေးရွာတော်တော်များများ ထွက်ပြေးလာခဲ့ကြတယ်။

လွှတ်တော်ထဲမှာလည်း ထွက်ပြေးလာခဲ့ကြတဲ့ သူတွေအတွက် ပြောကြဆိုကြတယ်။ နောက်ပိုင်းရက်တွေ ကြာလာခဲ့တယ်။ မိုးနဲ့လည်း နီးလာတော့  ထွက်ပြေးလာခဲ့ကြသူတွေ မိုးတွင်း ကာလအတွက် ဘယ်လိုစားသောက်မလဲ၊ နေထိုင်မလဲ ဆိုတာကို စဉ်းစားလာကြတယ်။ သူတို့နေထိုင်ဖို့အတွက် အဆောင်တွေ လိုလာတယ်။ ပရဟိတအဖွဲ့တွေက ကလေးတွေ ပညာရေးအတွက် တောင်းဆိုကြတယ်။ လွှတ် တော်ထဲမှာ အဆိုတွေတင်ကြတယ်။ စစ်တပ် က လက်မခံဘူး။ ရက်တစ်ရာ စီမံချက်အကြောင်း သတင်းစာရှင်းလင်းပွဲမှာလည်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒုက္ခသည်တွေကိစ္စကို ပြောသွားခဲ့တယ်။

“စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ လက် ရှိမှာ မြို့နယ်သုံးမြို့နယ်မှာ ရောက်ရှိနေတာ ကို တွေ့ရပါတယ်။ ကျောက်တော်ရယ်၊ ရသေ့ တောင်ရယ်၊ ဘူးသီးတောင်ရယ် ဒီမြို့နယ်သုံးခု မှာပါ။ ကျွန်တော်တို့ တပ်မတော်က စစ်ဆင်ရေး ကိစ္စကို ဆောင်ရွက်နေတဲ့အချိန်မှာ အကြောင်း အမျိုးမျိုးနဲ့ နေရပ်ကို စိုးရွံ့ပြီးတော့ စွန့်ခွာလာတာ ဖြစ်ပါတယ်။ သူတို့မူလကျေးရွာတွေ၊ အိမ်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ အခြေအနေ ကောင်းမွန်သွား တဲ့အခါမျိုးမှာ သူတို့ရဲ့ မူလနေရာမှာ နေရာ ချထားပေးရမှာဖြစ်ပါတယ်။ ယခင်ကျောက် တော်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့တော့ မတူပါဘူးဗျာ။ ကျောက်တော်ဘက် မှာ ဖြစ်ပွားခဲ့တုန်းက  စစ်ဘေးရှောင် မိသားစု တွေ ၆၄ စု တောင်ရှိတယ်။ အဲဒီနေရာတွေဟာ ယခင်တုန်းက ကျေးရွာတွေ မဟုတ်ဘဲ အကြောင်းအမျိုးမျိုးနဲ့ လုပ်ကိုင်-လုပ်ကိုင်ရင်း ယာယီနေတဲ့ တဲစုလေးတွေ။ အိမ်စုလေးတွေ ဖြစ်တဲ့ အတွက် မူရင်းရွာတွေမှာ ပြန်ပြီးတော့ နေရာချထားပေးတဲ့ သဘောပါပဲခင်ဗျား။ အခု လာတဲ့ သူတွေကတော့ သူတို့မှာရွာတွေ ရှိတယ်။ လယ်တွေ၊ ယာတွေ၊ အိမ်တွေ အလုပ် အကိုင်တွေရှိတဲ့အတွက် မူလရွာပဲ ပြန်သွား ကြရမှာဖြစ်ပါတယ်။” လို့ပြောခဲ့ပါတယ်။

အဲဒီစကားအပေါ်မှာ သုံးသပ်ကြည့်မယ် ဆိုရင် လွှတ်တော်ထဲမှာ စစ်ဘေးရှောင်ဒုက္ခ သည်တွေ နေဖို့ထိုင်ဖို့အတွက်ကို အစိုးရအဖွဲ့ က အမြန်ဆုံးအကူအညီပေးဖို့ အဆိုကို မေးမြန်း တုန်းကလည်း ဒုက္ခသည်တွေဟာ အခြေအနေ ကောင်းသွားတဲ့အခါမှာ မိမိကျေးရွာကိုပြန်ရ မှာ ဖြစ်တယ်လို့ ပြောခဲ့တယ်။ ပြီးတော့ အဆို ကိုလည်း မှတ်တမ်းအနေနဲ့ပဲ ထားဖို့အတွက် အကြံပြုခဲ့တယ်။

ရက်တစ်ရာ စီမံချက် သတင်းစာ ရှင်းလင်းပွဲမှာလည်းပဲ ရွာသားတွေကို  ရွာပြန် ပို့ပေးဖို့ ဆိုတဲ့စကားကို ပြောခဲ့တယ်။ ခြုံငုံ ကြည့်လိုက်တော့ စစ်တပ်ဘက်က အဲဒီလူ တွေကို  ရွာပြန်စေချင်တဲ့  သဘောရပါတယ်။ ရခိုင်ပြည်သူတွေနဲ့ လူမှုအဖွဲ့စည်းတွေက တော့ ဒီလူတွေကို ရွာမပြန်စေချင်တဲ့ သဘော ရပါတယ်။ အဖွဲ့အစည်းတွေက ရွာသားတွေ ရွာကို အမြန်ဆုံးပြန်နိုင်ဖို့ အရေးကို ဘယ်သူမှ မပြောကြဘူး။ မိုးမကျမီ အမိုးအကာအောက်ကို ရောက်ရှိရေးနဲ့ ဒုက္ခသည်တွေ မိုးခိုနိုင်ဖို့အရေး အတွက် အမြန်ဆုံး အကူအညီပေးရေးကိုပဲ ပြောခဲ့ကြတယ်။ အဲဒီဘက်ကိုပဲ ဦးတည်ခဲ့ကြ တာကို  တွေ့ရပါတယ်။  နောက်ဆုံးတော့ လည်း လူမှုအဖွဲ့အစည်းတွေရဲ့ရည်ရွယ်ချက်အတိုင်း အောင်မြင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ရွာသားတွေကို အခက်အခဲတွေ မတွေ့ချင် တဲ့ သဘောနဲ့ နေရာချပေးတာကိုလည်း နား လည်ပါတယ်။ တည်ငြိမ်တဲ့ အချိန်မှာ သူတို့ တွေကို ရွာပြန်ဖို့အတွက် ဘယ်သူမှမစဉ်းစား ကြတော့ပါဘူး။

အခု တိုက်ပွဲတွေလဲ ရပ်တန့်သွားပြီး တော့ ဒေသအခြေအနေလဲ ကောင်းမွန်တဲ့ အနေအထားရှိနေပါပြီ။ ဒါပေမယ့် သူတို့ဟာ မူလ နေထိုင်ခဲ့ကြတဲ့ ရွာတွေကိုပြန်သွားခွင့်မရရှိသေးတာကြောင့် ယာယီစခန်းတွေမှာပဲ ရှိနေကြပါသေးတယ်။

အစပိုင်းကတော့ ထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေကနေ တစ်ဆင့် အကူအညီတွေ ရနေတာကြောင့် တစ်စုံတစ်ရာ အဆင်ပြေနေခဲ့တာကို တွေ့ရ တယ်။ တဖြေးဖြေးနဲ့ အလှူရှင်တွေလဲ မရှိ တော့ စားရေးသောက်ရေး အကျပ်အတည်း ဖြစ်လာခဲ့တယ်။

အလုပ်အကိုင် စီးပွားရေး တွေလဲ မရှိတော့ ငတ်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေကြရပြီ။ ရွာသားတွေကို ဒုက္ခသည် အဖြစ် မွေးစားခဲ့တဲ့ သူတွေလဲ သူတို့လက်ထဲ မှာ ပေးစရာ၊ ကူညီစရာတွေမရှိတော့ မကယ် နိုင်တော့ပါဘူး။

နောက်ဆုံးရရှိသမျှ အခက် အခဲကို ရင်ဆိုင်နေကြရတာကတော့ ရွာသား တွေပါပဲ။ ဒုက္ခသည်စခန်းတွေ များပြားလာတာ ဟာ စစ်တပ်အတွက် ပိုကောင်းတဲ့ သဘောပါ။ နိုင်ငံတကာ မျက်နှာစာမှာ ရခိုင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည် စခန်းတွေ များပြားလာနေတာကို အကြောင်းပြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ နိုင်ငံ တကာ ဆက်ဆံရေးကြားတွေမှာ ပြောရဆိုရ ကောင်းတာပေါ့။  ငြိမ်းချမ်းရေးဆွေးနွေးနေ တဲ့ အချိန်မှာ AA ဘက်က ၀င်ရောက်လာတဲ့ အတွက် တိုက်ပွဲတွေ ဖြစ်နေရပါတယ်။ ဒေသ တည်ငြိမ်မှုမရှိပါဘူးဆိုတဲ့ စကားတွေကို ပြော ဖို့အတွက် လက်ညှိုးထိုးပြစရာတစ်ခု ရသွား တယ်လို့ မြင်ပါတယ်။ နိုင်ငံတကာအမြင်မှာ လည်း ဟုတ်သလိုလို ဖြစ်နေတယ်။

ဒီရွာသား တွေကို လတ်တလော အခြေအနေမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက  အကူညီ နည်းနည်းပါးပါးပေးခဲ့ကြတယ်။ တစ်ချို့အဖွဲ့ အစည်းတွေပါ။ နောက်ပိုင်းမှာတော့ ဘယ် သူမှ လာရောက် ကူညီပေးတာ မရှိတော့ပါ ဘူး။ ၂၀၁၂ ခုနှစ် အရေးအခင်းတုန်းက ရွာ ပျက်သွားတဲ့ ရခိုင် ဒုက္ခသည်တွေကိုတောင် အခုချိန်ထိ မည်မည်ရရကူညီပေးတာ မရှိ သေးပါဘူး။ အခုလို သူတို့ကို ယာယီစခန်း တွေမှာ နေဖို့အတွက် ပြင်ပေးလိုက်တော့ သူတို့ အတွက် ဘာတစ်ခု ရလာမှာလို့လဲ။ ကိုယ့်ရွာ ကိုယ်ပြန်ပြီးတော့ ရှိတဲ့ဟာလေးနဲ့ လက်ရိုးကျ  (မူလအလုပ်အကိုင်) အလုပ်တွေကို လုပ်ဖို့ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်နဲ့ ချီပြီး လူမနေဖြစ်တဲ့ အိမ်တွေ၊  ရွာတွေ၊ ဥယျာဉ်တွေ၊ ယာခင်းတွေဟာ တောကြီး ထပြီး ပြန်လည်နေထိုင်ဖို့ လုပ်ကိုင်စားသောက်ဖို့ အတွက် မဖြစ်နိုင်တော့ပါဘူး။ အခက်အခဲ တွေအားလုံးက ရွာသားတွေဆီကို ကျရောက် သွားတယ်လို့ မြင်ပါတယ်။

လူတွေမနေတော့တဲ့ ရွာတွေဟာ ကြာ လာခဲ့ရင် ပြန်နေဖို့က တော်တော်လေးကို ခက်ခဲသွားပါပြီ။ လူတွေသာမရှိရင် တိုက်ပွဲ တွေက မကြာခဏဖြစ်နိုင်ပါတယ်။ တဖြေး ဖြေးနဲ့ စစ်မြေပြင်ဖြစ်သွားခဲ့ရင် အဲဒီရွာဟာ လူတွေနေလို့မရတော့ဘူး။ နောက်ဆုံး ဒီလူ တွေဟာ ယာယီတဲတွေနဲ့နေရင်း ဒုက္ခသည် တွေဖြစ်သွားနိုင်ပါတယ်။ ဒီလူတွေ ရေရှည် နေထိုင်နိုင်ဖို့အတွက် အလုပ်အကိုင်တွေ၊ ဘ၀ရပ်တည်ရေးအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တည်ဆောက်ပေးဖို့နဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ လိုအပ်နေပြီလို့ မြင်ပါတယ်။   ။

—————–

သတင်းဓာတ်ပုံများ (မိုးအောင်/RiA)

____________

ယခုဖော်ပြပါ သတင်းသုံးသပ်ချက်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် အတွဲ (၁) ၊ အမှတ် (၁) The Root Magazine တွင် ပုံနှိပ်ပြီး ဖြစ်ပါသည်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency