စစ်တွေမြို့တော်ကို ရေသန့်စင်စနစ်ဖြင့် စတင်ပေးဝေမည်

By မင်းမျိုးနွယ် | Posted on February 6, 2017 | Also posted in News, North Rakhine, Video | | Tagged , , |

561 Views

စစ်တွေ၊ ဖေဖေါ်ဝါရီ ၆ ရက်။ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် ရေသန့်စင် စနစ်ဖြင့် ပေးဝေနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါ ရေပေးဝေရေးစနစ်အား အသုံးပြုနိုင်ရေး ဂျပန်နိုင်ငံ JICA အဖွဲ့မှ ထောက်ပံ့လှူဒါန်းမှုအပါအဝင် နည်းပညာအကူအညီပါ ရယူခြင်းဖြစ်ပြီး မတ်လမှ စတင်ကာ ပေးဝေနိုင်တော့မည် ဖြစ်သည်။

“ အရင်တုန်းကတော့ ရေတွေကို ပိုင်းလိုင်းနဲ့ အလိုအလျောက်လွှတ်ပေးတဲ့စနစ်ကိုပဲ သုံးပါတယ်။ အခုကတော့ ရေတွေကို ရေသန့်တဲ့ စနစ်တွေ၊ ရေတွန်းပို့တဲ့ စနစ်တွေကိုအသုံးပြုပြီး ပေးဝေသွားမှာဖြစ်ပါတယ်။” ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။

စစ်တွေမြို့တော်ကို ရေသန့်စင်စနစ်ဖြင့် ပေးဝေနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကန်တော်ကြီး သောက်သုံးရေကန်တွင် ဂါလံ ခြောက်သိန်းဆံရေလှောင်ကန် တစ်ခုနှင့် ဆတ်ရိုးကျရပ်ကွက်၌ ဂါလံ သုံးသိန်းဆံ့ ရေလှောင်ကန်တို့ အပါအဝင် ရေသန့်ကန်၊ ရေစစ်ကန်များကို တည်ဆောက်လျက်ရှိသည်။

လက်ရှိတွင် စစ်တွေမြို့၏ အားထားနေရသော သောက်သုံးရေကန်ဖြစ်သည့် ကန်တော်ကြီးရေကန်မှာ ပျက်စီးနေသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုရံပုံငွေမှ ၁ ဒဿမ ၈ ဘီလျံကျပ် အကုန်ကျခံကာ မွမ်းမံမှုများ ပြုလုပ်နေကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ မြို့မှာလဲ ပိုက်လိုင်းလဲတဲ့လုပ်ငန်းတွေ အမှန်တကယ်လိုအပ်နေတယ်။ ဌာနရဲ့ ဝင်ငွေမဆောင်ရွက်နိုင်တဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် ချေးငွေကို ရယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်အလိုက်ပြန် ပေးဆပ်သွားရမှာဖြစ်ပါတယ်။” ဟု ပြည်နယ်စည်ပင် အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။

စစ်တွေမြို့တော်အတွင်း သောက်သုံးရေဖြန့်ဖြူးမှု မရရှိသေးသော ရပ်ကွက်အချို့ကိုပါ ဖူလုံမှု ရှိစေရေးအတွက် ထပ်မံလိုအပ်ငွေ ၉၂၁ သန်းကျပ်ခန့် လျာထားပြီး ၎င်းငွေပမာဏ ရရှိရေး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ချေးငွေများ ရယူကာ အကောင်ထည်ဖော်နိုင်ရေး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ စီစဉ်နေကြောင်း ဦးကျော်မိုး၏ ပြောကြားချက်အရ သိရသည်။

 

ယခု ရုပ်သံကို RiA နှင့် မဇ္ဈိမ သတင်းမီဒီယာတို့ ပူးပေါင်း ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency