ဖွံ့ဖြိုးမှုတွေရပ်နေတဲ့ ပြည်နယ်မှာ နေရစ်ခဲ့မလား

By မင်းမင်း | Posted on February 15, 2017 | Also posted in Opinion | | Tagged |

408 Views

for Min Min

 

အငြင်းပွားဖွယ်ရာ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို အစိုးရသစ်က ရှေ့တိုး ဆောင်ရွက်နေတာကြောင့် စောင့်ကြည့်နိုင်မဲ့ အဖွဲ့တစ်ခုကို ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း ဒီဇင်ဘာလ နောက်ဆုံးသီတင်းပတ်မှာ ဖွဲ့စည်းခဲ့ကြပါတယ်။

နိုင်ငံသားပြုခွင့် ရရှိလာမဲ့သူတွေထဲမှာ မပါဝင်သင့်၊ မပါထိုက်သူတွေ ပါသွားမှာကို စိုးရိမ်တဲ့အတွက် ခုလို ဖွဲ့စည်းရတာ ဖြစ်တယ်လို့လည်း အဲဒီအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးမြင့်မိုးက ပြောပါတယ်။

“မဟုတ်တဲ့ လူတွေ ထုတ်မပေးနဲ့ ဟုတ်တဲ့လူတွေ ထုတ်ပေးပေါ့။ သွေးနှောဆိုတဲ့ လူတွေကို မရစေချင်တာ။”

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှာ ဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေ လွဲမှားနေမှာကို သူတို့က စိုးရိမ်နေကြတာပါ။
ဒီလို စိုးရိမ်နေရလောက်တဲ့ အကြောင်းကလည်း ရှိပါတယ်။

ရခိုင်ပြည်နယ်က မူဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်နိုင်ဖို့အတွက် ပြည်နယ်အဆင့်နဲ့ မြို့နယ် အဆင့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြည်နယ်အစိုးရက ဇွန်လ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ ဒေသခံတွေ ကိုယ်စားပြုမပါဘဲ ဌာနဆိုင်ရာ အဆင့်မြင့်ဝန်ထမ်းတွေချည်း ဖြစ်နေတာကြောင့် ပွင့်လင်းမြင်သာမှု အားနည်းနေပြီး၊ လိုသလိုပုံဖော်နိုင်တယ်လို့ ယူဆကြတဲ့အတွက် ဘူးသီးတောင် ရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြပါသေးတယ်။

သံသယတွေကပဲ တကယ်ဖြစ်လာတယ်လို့ ဆိုရမှာလား။ ဒါမှမဟုတ် တိုက်ဆိုင်မှုတစ်ခုလားဆိုတာကတော့ ပြောဖို့ ခက်နေပါတယ်။ လိုသလိုပုံဖော်ခဲ့ကြတယ်လို့ စွပ်စွဲနိုင်လောက်တဲ့ ကိစ္စတစ်ခုက အဲဒီကော်မတီရဲ့ စစ်ဆေးမှုအပြီးမှာ သတင်းတွေ ထွက်ပေါ်လာတာပါ။ စွပ်စွဲသူတွေဘက်ကတော့ သက်သေအထောက်ထား အခိုင်အမာပြနိုင်ပေမဲ့ အမှုမှန်ပေါ်ပေါက်ဖို့ တရားစီရင်ရေးစနစ်က ကြန့်ကြာနေတာကြောင့် ဘယ်သူမှန်သလဲ၊ မှားသလဲ ဆိုတာ ပြောဖို့ စောနေပါသေးတယ်။

အဖြစ်အပျက်က ဒီလိုပါ။ ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထောက်ခံချက်ကို ရရှိခဲ့တဲ့ နိုင်ငံသားပြုခွင့်ရထိုက်သူ ၃၀ ဦး ရှိခဲ့ပါတယ်။ သူတို့တွေက ဘူးသီးတောင်မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပြီး အဖြူရောင်ကဒ် (ယာယီသက်သေခံကဒ်ပြား) ကိုင်ဆောင်သူတွေပါ။ အဲဒီထဲက အမျိုးသမီးတစ်ဦးဟာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မရှိသူဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုကနေ သက်သေအခိုင်အမာနဲ့ ထောက်ပြခဲ့ပါတယ်။

အဲဒီအမျိုးသမီးရဲ့ မိဘတွေဟာ နိုင်ငံသားမဟုတ်တာကြောင့် ဥပဒေအရ ဘယ်လိုမှ ခွင့်မပြုနိုင်တဲ့ကိစ္စလို့ ANP က ပြောပါတယ်။ ဒါတင်မကသေးပါဘူး။ နိုင်ငံသားဖြစ်ခွင့်အတွက် ထောက်ခံပေးခဲ့တဲ့ အဲဒီကော်မတီက အဆင့်မြင့် တာဝန်ရှိသူကို ANP က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့ပါတယ်။

တိတိကျကျ ပြောရရင် ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်ကို နိုင်ငံသားဖြစ်မှု ဥပဒေပုဒ်မ ၁၉ အရ စက်တင်ဘာ ၃ ရက်နေ့က စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

အမှုအမှတ် ၁၆/၇၇/၂၀၁၆၊ ဥပဒေပုဒ်မ – နိုင်စိစစ် ၁၉ နဲ့ စစ်တွေမြို့မရဲစခန်းက အဲဒီနေ့မှာပဲ အမှုဖွင့်တာကို လက်ခံခဲ့တာ ဖြစ်ပေမဲ့ အမှုမှန် ပေါ်ပေါက်ဖို့အတွက် ဒီကနေ့အချိန်ထိ တရားစွဲဆိုမှုတွေ ဘာတစ်ခုမှ ဆောင်ရွက်မှု မရှိသေးတာက သံသယဖြစ်စရာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှူး ရန်နိုင်လတ်က သတင်းမီဒီယာတွေကို ဖြေကြားရာမှာလည်း ဦးဝင်းလွင်ကို အကြောင်းကြားထားပြီးဖြစ်သလို၊ ဥပဒေအရ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်နေတယ်လို့ပဲ ပြောပါတယ်။

ဒီလို ရှုပ်ထွေးမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို ရခိုင်တိုင်းရင်းသားတွေဘက်က ယုံကြည်ဖို့ ပိုမိုခက်ခဲလာပါတယ်။ အထောက်အထားအခိုင်အမာနဲ့ တာဝန်သိ နိုင်ငံသားတစ်ဦး၊ တရားဝင် နိုင်ငံရေး ပါတီတစ်ရပ်အနေနဲ့ တရားစွဲဆိုဖို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်သလို တဘက်ကလည်း နိုင်ငံ့ဝန်ထမ်း၊ ပြည်နယ်အဆင့် အဆင့်မြင့် တာဝန်ရှိသူတစ်ဦး ဖြစ်တာကြောင့် ခုလို တရားစီရင်မှုနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ နှောင့်နှေးကြန့်ကြာနေမှုတွေက ရခိုင်တိုင်းရင်းသားတွေအတွက် နိုင်ငံရဲ့ မဏ္ဍိုင်တွေအပေါ် ယုံကြည်မှု ကျဆင်းစေပါတယ်။

ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမှာ တစ်ခုရှိနေပါတယ်။ လတ်တလော ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ အစ္စလမ်ဘာသာဝင်တွေရဲ့ နိုင်ငံသားပြုခွင့်ဆိုင်ရာ စိစစ်ရေး ကိစ္စရပ်တွေမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုက အရေးကြီးပါတယ်။ ရခိုင်လူမျိုးတွေဟာ ပြည်နယ်အတွင်း လူများစုဖြစ်သလို ဌာနေတိုင်းရင်းသားလည်း ဖြစ်ပါတယ်။

ဒီလိုပါပဲ အဖြူကဒ် (ယာယီသက်သေခံကဒ်ပြား) ကိုင်ဆောင်သူတွေဟာ ယခင်အစိုးရလက်ထက်တွေတုန်းက မဲပေးခွင့်ရှိတဲ့အထိ အခွင့်အရေး ခံစားခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ အဲဒီကဒ်တွေကို ပြန်ရုပ်သိမ်းခံလိုက်ရတာကြောင့် ခုချိန်မှာ အထောက်အထားမဲ့သူတွေ ဖြစ်နေရတာပါ။ ဒါကြောင့်မို့ စိစစ်ရေးဆောင်ရွက်သူတွေရော ပါဝင် ပတ်သက် နေသူတွေကပါ အပြန်အလှန် အသိအမှတ်ပြုမှုတွေနဲ့ ယုံကြည်မှုတွေရှိဖို့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် သိမ်မွေ့စွာ ဖြေရှင်းနေရတဲ့ ရခိုင်အရေးမှာ ဒီမိုကရေစီခေတ်ကူးပြောင်းမှ ရုတ်တရက် ခံစားခွင့်တွေ ဆုံးရှုံးသွားတဲ့ (အရင်တုန်းကလည်းပဲ ဆုံးရှုံးနေခဲ့တယ် ဆိုပေမဲ့ မဲပေးခွင့်ထိ ရရှိထားတာတွေကို ကြည့်ရင် အခုအခြေအနေက အရမ်းဆိုးရွားသွားတာကို ဆိုလိုချင်တာပါ) နိုင်ငံသားပြုခွင့်အတွက် ကြိုးပမ်းနေရသူတွေက အဖြူကဒ်ကို ကိုင်ဆောင်ခဲ့သူတွေပါ။

ဒါ့အပြင် ဒီကဒ်ကို ကိုင်ဆောင် သူတွေကလည်း နိုင်ငံတကာတွေရဲ့ အထူးအလေးပေး ဆက်ဆံမှုတွေနဲ့ ယုံကြည်မှုတွေကို ရရှိထားတဲ့ ရိုဟင်ဂျာလို့ သူတို့ကိုယ် သူတို့ ခေါ်ဆိုသူတွေ (ဒေသအခေါ် ဘင်္ဂလီ) ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီမိုကရေစီ အသွင်ကူးပြောင်းလာချိန် ၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ တရားဝင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ တာဝန်ရှိသူတွေက ပိုပြီး နိုင်ငံဝန်ထမ်းကောင်းတွေပီသဖို့ လိုအပ်နေပါတယ်။ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ကြဖို့နဲ့ လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေကို ကြိုဆိုသင့်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်ကဆိုရင် လဝကဝန်ကြီးဟေင်း ဦးခင်ရီကိုယ်တိုင်က နိုင်ငံသားရတဲ့ ရခိုင်ပြည်နယ်က မူဆလင်တွေကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကတိတွေပေးခဲ့ဖူးပေမဲ့ လက်တွေ့မှာ ဘယ်မှ မသွားနိုင်သေးတဲ့ ကိစ္စရပ်တွေရှိခဲ့ဖူးပါတယ်။ ဒါဟာ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်တုန်းက ၁၉၈၂ ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့်အတွက် မြေပုံမြို့နယ်ကို ပိုင်းလော့ Pilot ဧရိယာအဖြစ် သတ်မှတ်ပြီး နိုင်ငံသားစိစစ်ရေးတွေကို ဆောင်ရွက်ခဲ့တုန်းက တကယ်ဖြစ်ပျက်ခဲ့တာပါ။

အဲဒီတုန်းက နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ မူဆလင် ၁၀၉၄ ဦးရှိခဲ့ပြီး ၂၀၉ ဦးကို ဥပဒေနဲ့အညီ နိုင်ငံသားနဲ့ ပြုနိုင်ငံသားကဒ်တွေ ပေးအပ်ခဲ့တာပါ။ သူတို့တွေကို မြေပုံမြို့ထဲမှာ နေရာချထားဖို့ စီစဉ်ခဲ့ကြပေမဲ့ မြို့ခံ ရခိုင်တိုင်းရင်းသားတွေက လက်မခံတာကြောင့် အစိုးရအနေနဲ့ ဘာတစ်ခုမှ ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ တောင်ပေါ်ဒုက္ခသည်စခန်းမှာ နေရာချပေးခဲ့ရပါတယ်။ သူတို့အနေနဲ့ ဒီနေ့ချိန်ထိ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်တွေကို ဘာတစ်ခုမှ ခံစားခွင့် မရရှိသေးကြပါဘူး။

မြေပုံမြို့ခံ ရခိုင်တိုင်းရင်းသားတွေဘက်ကတော့ အဲဒီတုန်းက နိုင်ငံသားဖြစ်ခွင့်ပြုခဲ့တဲ့ ၂၀၉ ဦး အရေအတွက်ဟာ မယုံနိုင်လောက်အောင် များပြားတဲ့ ပမာဏသာဖြစ်ကြောင်း ဝေဖန်ကြပါတယ်။ ဒါတင်မကသေးပါဘူး။ အဲဒီ ၂၀၉ ဦးထဲမှာလည်းပဲ မိဘက နိုင်ငံသား ဖြစ်ခွင့်ကျန်နေခဲ့ပြီး သားသမီးဖြစ်သူတွေ နိုင်ငံသားပြုခွင့် ရသွားတာတွေရှိတယ်လို့ ဝေဖန်စွပ်စွဲမှုတွေ ရှိလာပါတယ်။

ဒီလိုအကြောင်းပြချက်တွေကြောင့် နိုင်ငံသားအဖြစ် အစိုးရက အသိအမှတ်ပြုပေမဲ့လည်း ရခိုင်တွေဘက်က စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်တာကြောင့် အတူယှဉ်တွဲနေထိုင်ဖို့ အဟန့်အတား ဖြစ်စေတယ်လို့ ပြောကြပါတယ်။ နောက်ဆက်တွဲရလဒ်က ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေကို ၁၉၈၂ ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးမှု အစီစဉ်တွေကို ရပ်ဆိုင်းလိုက်ရပါတယ်။

ဒါဟာ နိုင်ငံသားဖြစ်ခွင့် ရရှိဖို့ ကြိုးပမ်းနေသူတွေရော၊ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်လာတဲ့ နိုင်ငံသားနဲ့ ပြုနိုင်ငံသားတွေရော၊ စောင့်ကြည့်နေတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကပါ မြန်မာအစိုးရအပေါ် အထင်အမြင်လွှဲမှားစရာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အရင်အစိုးရရော လက်ရှိအစိုးရရော ရခိုင်ပြည်နယ်က မူဆလင်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် ရလာတဲ့အခါ ဘာတွေကို တိတိကျကျဆောင်ရွက်ပေးမလဲ၊ နိုင်ငံသားဖြစ်ခွင့် အထောက်အထားမရှိသူတွေကို ဘာဆက်လုပ်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးလည်း တစုံတရာ ထုတ်ဖော်ပြောကြားတာတွေ မရှိသေးတာက ရခိုင်ပြည်နယ်အတွင်း ဆိုးဝါးတဲ့ ရေရှည်အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒါကြောင့်မို့ လတ်တလောဆောင်ရွက်နေတဲ့ သံတွဲမြို့နယ်က နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေမှာ လွဲချော်မှားယွင်းတာတွေ မဖြစ်မိစေဖို့ လိုအပ်နေသလို၊ စောင့်ကြည့်အဖွဲ့ရဲ့ တွေ့ရှိချက်တွေအပေါ်မှာလည်းပဲ အစိုးရက အသိအမှတ်ပြု တုံ့ပြန်မှုတွေ လုပ်ရပါလိမ့်မယ်။

ဒါတင်မကသေးပါဘူး။ NLD အစိုးရတာဝန်ခံ ဖွဲ့စည်းပေးထားတဲ့ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဘူးသီးတောင်မြို့နယ်က ရလဒ်နဲ့ ပတ်သက်ပြီး ANP က တရားလိုလုပ် အမှုဖွင့်ထားတာကိုလည်း အလေးထား ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်နေပါတယ်။

တဘက်မှာ နိုင်ငံသားပြုခွင့် စောင့်ဆိုင်းနေသူတွေအနေနဲ့လည်း နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာပြီး ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ်ကို သန့်ရှင်းစွာ ခံယူကြစေလိုပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်မှာ ၆ နှစ်တာ လျှောက်လှမ်းခဲ့ပြီး ဖြစ်ပေမဲ့ ရခိုင်အရေးကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်သေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာ နိုင်ငံတော်အနေနဲ့ သစ္စာစောင့်သိမဲ့ နိုင်ငံသားလောင်းလျာတွေ လိုအပ်နေသလို၊ နိုင်ငံသားအချင်းချင်း လေးစား တန်ဖိုးထားမှုတွေလည်း အထူး လိုအပ်နေတာကြောင့် အားလုံးက ရိုးသားစွာ ပါဝင်ကူညီကြဖို့ လိုအပ်နေပါတယ်။
ဒီလိုမှ မဟုတ်ခဲ့ရင် တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှုတည်ဆောက်ဖို့ ပိုမို ခက်ခဲနေမှာ ဖြစ်သလို၊ ရခိုင်တိုင်းရင်းသား အပါအဝင် ဒေသနေ ပြည်သူတရပ်လုံးအတွက် ဖွံ့ဖြိုးမှုတွေရပ်နေတဲ့ ပြည်နယ်တစ်ခုပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခုဖော်ပြပါ သတင်းသုံးသပ်ချက်သည် The Root Magazine ၏ အတွဲ ၂၊ အမှတ် ၁ ၊ ဇန်နဝါရီလထုတ်တွင် ပုံနှိပ်ဖော်ပြပြီး ဖြစ်ပါသည်။

mm
မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Comments

comments

Root Agency