ပို့ကုန်ရည်မှန်းချက်ထက် အရည်အသွေးကောင်းဖို့လို

By မင်းမျိုးနွယ် | Posted on February 22, 2017 | Also posted in Business, Opinion | | Tagged , , |

229 Views

_DSC0162

မြန်မာနိုင်ငံရဲ့ဆန်တွေကို ပြည်ပဈေးကွက် တော်တော်များများကို တင်ပို့နေရပေမယ့် အများဆုံး တင်ပို့ရတာကတော့ တရုတ်နိုင်ငံပဲဖြစ်ပါ တယ်။ မြန်မာနိုင်ငံ ဆန်ပို့ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို တင်ပို့နေတယ်လို့ တရုတ်နိုင်ငံပိုင် စင်ဟော်သတင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

မြန်မာဘက်ကတော့ ပြည်ပဆန်တင်ပို့မှုဟာ ဖျမ်းမျှအားဖြင့် တစ်နှစ်ကိုတန်ချိန် ၁ ဒသမ ၅ သန်းကနေ ၂ သန်းအထိ တင်ပို့နေရတယ်လို့ စာရင်းဇယာများအရ သိရတာပါ။ ဆန်ပို့ကုန်တွေထဲက အများဆုံးဟာ တရုတ်နိုင်ငံကို တင်ပို့နေရပေမယ့် တရားဝင်တင်ပို့မှုဟာ ၁၀ ရာခိုင်နှုန်းပဲရှိပြီး ကျန်တဲ့ပမာဏတွေကတော့ မှောင်ခိုလမ်းကြောင်းကနေ တင်ပို့နေတာပဲဖြစ်ပါတယ်။

နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကို အစိုးရက တိုက်ရိုက်ကိုင်တွယ်ပြီးတော့ ပို့ကုန်သွင်းကုန်တွေကို အစိုးရနဲ့ နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းရှင်တွေကသာ ဦးဆောင်နေပြီး ပြည်သူတွေလွတ်လပ်စွာ တင်ပို့ရောင်းချခွင့် မရှိတာကြောင့် ဒေသတွင်းစီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေကို တင်ပို့ခွင့်မပေးထားတဲ့အတွက် ပို့ကုန်အများစုဟာ တရားမဝင်ဖြစ်ခဲ့ရတာတွေ့မြင်ရပါတယ်။

၂၀၁၄-၁၅ ခုနှစ်က မြန်မာ့ ဆန်တင်ပို့ခဲ့ရတဲ့ နိုင်ငံပေါင်း ၆၄ နိုင်ငံရှိခဲ့ကြောင်း ဆန်ပို့ကုန်ပမာဏ လျာထားချက်ကို ကျော်လွန်နိုင်ခဲ့တယ်လို့ ဆိုပေမယ့် အမှန်တကယ် တင်ပို့ခဲ့ရတဲ့ ဆန်၊ စပါးပို့ကုန်တွေ ဘယ်လောက် ထိဈေးကွက်မှာနေရာ ရနေပြီလဲ ဆိုတာကို သုံးသပ်စရာတွေဖြစ်လာခဲ့ပါတယ်။

၂၀၁၄-၁၅ ခုနှစ် စပါးစိုက်ပျိုးရာသီမှာ တစ်နိုင်ငံလုံး ရေကြီးနစ်မြုပ်မှုကြောင့် ပြည်နယ်နဲ့တိုင်း ၄ ခုက စိုက်ပျိုးဧကပေါင်း ၅၈၄၅၇၂ ဟာ ထိခိုက်မှု တွေရှိပြီးတော့ ဆန်တင်ပို့မှု တန်ချိန် ၄ သိန်းကျော်ထိ ကျဆင်းခဲ့တယ်လို့ GAIN ရဲ့ Flood in Myanmar Impact Rice Production and Export ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်မှာ ပို့ကုန်အများဆုံးအဖြစ် တင်ပို့နေရတာကတော့ တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန် တင်ပို့နိုင်မှုဟာ အနိမ့်ဆုံးအနေအထားကို ကျဆင်းနေခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ အဆင့် (၇) နေရာကို ရောက်ရှိလာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တစ်နှစ်ကို တန်သန်းပေါင်း ၂၀၅ ဒသမ ၄၆၃ တန်တင်ပို့နိုင်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ ၃၄ သဒမ ၆၈၃ တန်၊ မြန်မာနိုင်ငံဟာ ၃၄ ဒသမ ၂၅၀ တန် တင်ပို့နိုင်ခဲ့တယ်လို့ Rice Pediaရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။

DSC_0633

“ကျွန်တော်တို့ အခုစိုက်ပျိုးနေတဲ့ စပါးတွေက အစိုးရ ထုတ်ပေးတဲ့မျိုးတွေ မဟုတ်ဘူး။ ဒေသမျိုးတွေကိုပဲ စိုက်ပျိုးနေကြတာပါ။ ဒီမျိုးတွေကလည်း တစ်ဧကအများဆုံး တင်းခြောက်ဆယ်လောက်ပဲ ထွက်ပါတယ်။ ဒီထက်ပိုမထွက်ဘူး။ မျိုးကောင်းမျိုးသန့်တွေ ချပေးရင်တော့ တစ်ဧကကိုတင်း ၉၀ အထိ ထွက်လာနိုင်ပါတယ်။ ပြီးတော့ အခု စိုက်ပျိုးနေကြတဲ့ စပါးတွေက စားမကောင်းတော့ လူမကြိုက်ဘူး။ ဈေးကွက်လည်း မဝင်တော့ ဈေးကောင်းမရဘူးပေါ့။ ကောင်းမွန်တဲ့မျိုးစေ့ တွေ၊ မြေသြဇာတွေကို သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့သာ သုံးခွင့်ရရင် အဆင်ပြေနိုင်တဲ့ သဘောရှိပါတယ်။ ပြီးတော့ စိုက်ပျိုးစရိတ်တွေကိုလည်း သက်သာအောင် လုပ်ပေးနိုင်ရင် အရှုံးနည်းမှာပါ။” တောင်သူဦးမောင်သာထွန်းကစပါးစိုက်ပျိုးထုတ် လုပ်မှု လက်တွေ့ အခြေအနေကိုပြောပါတယ်။

အစိုးရကတော့ ဆန်တင်ပို့မှုကို တိုးမြှင့်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ၂၀၁၃ အစောပိုင်းနှစ်တွေက တင်ပို့မှုပမာဏဟာ  ၁ ဒသမ ၃ သန်းသာ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၂ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ၄ သန်းအထိနှစ်ဆတိုးပြီး တင်ပို့ဖို့ လျာထားခဲ့ပေမယ့် သတ်မှတ် အရေအတွက် ပြည့်မီနိုင်မှာမဟုတ်ပါဘူး။

“ခေတ်မမှီတော့တဲ့ စက်တွေကိုအသုံးပြုနေဆဲ ဖြစ်တာကြောင့် အရေအတွက်ရောအရည်အသွေးပါ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိကျဆင်းမှုတွေ ရှိနေပါတယ်။ ကုန်စည်တင်ပို့မှုရဲ့ အဆင့်ဆင့်ကုန်ကျစရိတ်တွေက ဒေသတွင်းအများဆုံး ကုန်ကျစရိတ်ဖြစ်တယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာEconomic and Sector Work Report ကဆိုပါတယ်။

မြန်မာနိုင်ငံဟာနောက် ၁၀ နှစ် ၁၅ နှစ်အတွင်းမှာ ဆန်တင်ပို့မှု မြင့်မားလာနိုင်တဲ့ ဈေးကွက် အလားအလာရှိနေပြီး ဥရောပသမဂ္ဂဟာ မြန်မာ ပို့ကုန်တွေကိုGSP စံနစ်ကျင့်သုံးဖို့ သတ်မှတ်လိုက်ပေးလိုက်ပါတာ့တယ်။ အိမ်နီးချင်းနိုင်ငံတွေက အရည်အသွေးမြင့်ဆန်တွနဲ့ ပြည်ပဈေးကွက်ကို ထိုးဖောက်နေတဲ့အချိန်မှာ အရည်အသွေး အနိမ့်ဆုံးကို ရောက်နေတဲ့ မြန်မာ့ ဆန်ကတော့ ကမ္ဘာ့ ဆန်ဈေးကွက်မှာ နားပန်းလုံးနေရဆဲပါ။ အရည်အသွေးနိမ့် ပို့ကုန်ဈေးကွက်ဟာစိန်ခေါ်မှုတွေ၊ ဖိအားပေးမှုတွေကိုရင်ဆိုင်နေကြရတဲ့ အခြေအနေလည်း ဖြစ်စေခဲ့ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုကုန်စည်တင်ပို့မှု အကောက်ခွန် ကင်းလွတ်ခွင့်ပေးလိုက်တာဟာဖွံ့ဖြိုးစနိုင်ငံ ၃၈ နိုင်ငံအထဲက ၃၆ နိုင်ငံကို ရွေးချယ်တဲ့အထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။

ထို့အတူ အမေရိကန်ကလည်းမြန်မာနိုင်ငံကို စီးပွားရေးအခြေချဖို့ ပြောပြီးတဲ့နောက် ဥရောပသမဂ္ဂနဲ့ မရှေးမနှောင်းမှာပင် GSP ပေးခဲ့တယ်။ ကုန်စည်အမယ်ပေါင်း ၅၀၀၀ ကိုတင်သွင်းခွင့်ပြုကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့က သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။

ပြည်ပနိုင်ငံတွေကိုကုန်စည် တင်သွင်းနိုင်ဖို့အတွက် အခွန်ကင်းလွတ်ခွင့် ရရှိပေမယ့် မြန်မာနိုင်ငံရဲ့ ထုတ်ကုန် အခြေအနေက ဈေးကွက်တွေမှာ ရပ်တည်ရခက်ခဲနေဆဲပါပဲ။ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ရှားပါးနေဆဲဖြစ်ပါတယ်။ အများဆုံးတင်ပို့နေရတဲ့ ကုန်စည်တွေကတော့ သစ်၊ ဆန်စပါး၊ ရေထွက်ပစ္စည်းလောက်ကိုပဲ အဓိကတင်ပို့ နေတာကိုတွေ့ရပါတယ်။

ဆန်စပါးလုပ်ငန်းကို အဓိကအားထားနေရတဲ့ မြန်မာနိုင်ငံဟာ ကုန်သွယ်ခွန် ကင်းလွတ်ခွင့် ရလာခဲ့တဲ့နောက်မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ ရှိလာနေပါတယ်။ နိုင်ငံတကာ ဈေးကွက်ဝင် ပို့ကုန်ထုတ်လုပ်ရေးတွေ မရှိတော့ ပို့ကုန်လုပ်ငန်းကို သွင်းကုန်တွေက လွှမ်းမိုးသွားမှာကိုလည်း စိုးရိမ်စရာတစ်ခုပါ။ နိုင်ငံရေးအပြောင်းအလဲ စတင်ကာစ ကာလဖြစ်တဲ့အတွက် စီးပွားရေး တည်ဆောက်မှုအပိုင်းကို ဦးစားပေး လုပ်ကိုင်နိုင်ဖို့က နိုင်ငံခြားရင်းနီးမြှုပ်နှံမှုတွေကို အားမကိုးလို့မရတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်တွင်းထုတ်ကုန်တွေကိုတင်ပို့ဖို့အတွက် ဖြစ်နိုင်ခြေက နည်းပါးရုံတင်မကပါဘူး။
တကယ်တမ်း မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းကို တိုးမြှင့်လုပ်ကိုင်မယ်ဆိုရင် သစ်တို့၊ ဆန်စပါးတို့က လွဲပြီး ကျန်ပို့ကုန်တွေ ကတော့ ပြည်ပထုတ်ကုန်တွေကိုပဲ အဓိကထားရမှာဖြစ်တယ်။ အထူး စိုးရိမ်ရတာကတော့ ကုန်သွယ်ခွန်တွေနဲ့ တင်ပို့နေရတဲ့ စီးပွားရေးနိုင်ငံကြီးတွေက ဝင်လာတော့မှာ သေချာပါတယ်။ အိမ်နီးချင်းစီးပွားရေးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်နိုင်ငံထုတ်ကုန်စည်တွေကို တင်ပို့ရောင်းချပေးရတဲ့ ဈေးကွက်သဖွယ်ဖြစ်သွားမှာကိုပါပဲ။

DSC02858

ကိုယ့်နိုင်ငံမှာ ထုတ်ကုန်နည်းပါးလို့ တခြားနိုင်ငံက ထုတ်ကုန်တွေကို ပြန်ပို့တဲ့ အနေအထားမျိုးကို ရောက်လာလို့ရှိရင်လဲ အဲဒီကုန်စည်တွေကို ဘယ်သူက အာမခံမှာလဲ။ မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရတဲ့အထိ နည်းပညာအလုံအလောက်နဲ့ ဖွဲ့စည်းထားတဲ့ “အရည်အသွေးနဲ့ ပိုးမွှားကင်းစင်ရေးထိန်းချုပ်မှုဌာန”(AQSIQ)မရှိသေးပါဘူး။ သူများနိုင်ငံက ထုတ်တဲ့ ကုန်စည်တွေကို မြန်မာနိုင်ငံအမည်ခံပြီး တင်ပို့ခဲ့ရင်လဲ (C,O) လက်မှတ်မပါရင် တင်ပို့လိုက်တဲ့နိုင်ငံတွေက လက်ခံဖို့ အနေအထားမရှိတာကို တွေ့ရပါတယ်။

ဒီကိစ္စဟာ မဖြစ်မနေရင်ဆိုင်လာရမယ့် မြန်မာနိုင်ငံရဲ့ GSP ပြဿနာလို့မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ့ဆန် တွေကို တင်ပို့နေတာနိုင်ငံပေါင်း ၄၀ ကျော်လို့ သတ်မှတ်ထားတာပဲရှိပါတယ်။ ဈေးကွက်တိုင်းကို အခိုင်အမာတင်ပို့ နေရတာတော့ မဟုတ်ဘူး။ တရုတ်နိုင်ငံ တစ်ခုတည်းကို အများဆုံးရောင်းနေတာဖြစ်ပါတယ်။

အာဖရိကဈေးကွက်ကလည်း ဝယ်ယူမှုနည်းပါးသွားပါပြီ။ တရုတ်နိုင်ငံ တစ်ခုတည်းနဲ့တောင် ဆန် လက်ကျန်ထားဖို့ မရှိတဲ့ အနေအထားဖြစ်နေတဲ့ နိုင်ငံက ထွက်တဲ့ ဆန်စပါးတွေကို ဥရောပနဲ့ အမေရိကလို ဈေးကွက်ကြီးတွေကို တစ်နှစ်ပါတ်လုံး တင်ပို့နိုင်တဲ့ အခြေအနေ တော်တော်လေးကို နည်းပါးပါတယ်။

ပြီးတော့ အဲဒီနိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက် ဆန်စပါးအရည်အသွေးကလည်း အတားအဆီးတွေ ဖြစ်နေတာကို တွေ့ရတယ်။ GSP ရထားတဲ့ နိုင်ငံတွေကို ဆန်စပါးဟာ အဓိက ပို့ကုန်အဖြစ်ပြုလုပ်မယ်ဆိုရင်လည်း ထုတ်လုပ်နိုင်တဲ့ အနေအထားက လွယ်ကူမှာ မဟုတ်ပါဘူး။

ကုန်ကြမ်းထုတ်လုပ်မှု အရည်အသွေးမြင့်မား လာဖို့အတွက် နိုင်ငံတကာ အကူအညီတွေခေါ်ယူဖို့ လိုအပ်သလို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရောင်းမှုနဲ့ ပါတ်သက်ပြီးကောင်းမွန်တဲ့ မူဝါဒတစ်ရပ်ကိုလည်း ရေးဆွဲဖို့လိုအပ်နေပါတယ်။

ထုတ်ကုန်အရည်အသွေး ညံ့ဖျင်းတာ၊ ပို့ကုန်တွေ တရားမဝင်ဖြစ်သွားရတာ၊ ပြည်တွင်းဈေးကွက်က ကမ္ဘာ့ဈေးကွက်ထက် ဈေးမြောက်နေတာတွေဟာ ခိုင်ခိုင်မာမာ ရေးဆွဲထားတဲ့ မူဝါဒမရှိတဲ့ အတွက်ကြောင့်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားတာတွေလည်း ရှိပါတယ်။

“မြန်မာနိုင်ငံက လက်ရှိတင်ပို့နေတဲ့ ဆန်ပို့ကုန်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ အရည်အသွေးနိမ့်ဆန်တွေဖြစ်နေပါတယ်။ ကမ္ဘာ့ ဝယ်လိုအားမြင့်တက်လာဖို့ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်သစ် အခွင့်အလမ်းရရှိလာဖို့  အရေအတွက်ထက် အရည်အသွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရေးအပေါ် အာရုံစိုက်ဖို့လိုအပ်ပါတယ်။”ကမ္ဘာ့ဘဏ်ကအကြံပြုချက်တွေမှာတွေ့ရပါတယ်။

ဆန်စပါးလုပ်ငန်း ရေရှည်အကျိုးစီးပွားအတွက် မျိုးစေ့ခန့်ခွဲမှုစံနစ်တွေ၊ ပြည်သူ့စိုက်ပျိုးရေး ဝန်ဆောင်မှု လုပ်ငန်းတိုးမြှင့် ပေးဖို့တွေ၊ ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေ၊ တင်ပို့မှုစရိတ်စက လျှော့ချပေးရေး၊ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ပြီးတော့ မြေယာနဲ့ ပါတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို တိုးမြှင့်ပေးဖို့ စတဲ့လိုအပ်ချက်တွေကိုလည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်ဈေးကွက်မှာ ထူးခြားတဲ့နိုင်ငံတစ်ခု ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံမှာ စပါးစိုက်ပျိုးတဲ့ ဧကပေါင်းလေးသိန်းကျော်ရှိပြီး စပါးမျိုးအုပ်စုပေါင်းလေးစုကို အဓိက စိုက်ပျိုးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အထွက်ကောင်းမျိုးကို ၅၈ ရာခိုင်နှုန်း စိုက်ပျိုးပြီးတော့ အဆင့်မြင့်အထွက် ကောင်းမျိုးကို ၁၆ ရာခိုင်နှုန်း၊ ဒေသမျိုးကို ၂၅ ရာခိုင်နှုန်း၊ စပ်မျိုးကို ၁ ရာခိုင်နှုန်း စိုက်ပျိုးတယ်လို့ ၂၀၁၅ ခုနှစ် မြန်မာအစိုးရရဲ့ စပါးစိုက်ပျိုးရေးနဲ့ ပါတ်သက်ပြီးတော့ ထုတ်ပြန်ချက်တစ်စောင်မှာတွေ့ရပါတယ်။

လက်တွေ့မှာတော့ မြန်မာက တင်ပို့တဲ့ဆန်တွေ ဈေးကွက်ထဲက ပြုတ်ကျနေပြီးတော့ နိုင်ငံတကာ ဆန်ဈေးကွက်ကို တင်ပို့တဲ့ ဆန်စပါးတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အရည်အသွေးညံ့ဖျင်းတဲ့ ဆန်တွေဖြစ်တယ်လို့ သတ်မှတ်ထားတာကိုလည်း တွေ့ရပါတယ်။

“ပို့ကုန်ကောင်းကောင်း ရရှိဖို့အတွက် အဓိက အချက်သုံးချက်ရှိပါတယ်။ ပထဆုံးလုပ်ရမှာက မျိုးကောင်းဖို့လိုပါတယ်။ ဒုတိယ အချက်ကတော့ ကြိတ်ခွဲတဲ့စက်တွေ ကောင်းဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုင်တွယ်မှု အပိုင်းပါ။ စပါးကိုစိုက်ပျိုးတဲ့ အချိန်ကနေ ကုန်ချောအဖြစ် ထုတ်လုပ်မှုအပိုင်းကို ရောက်အောင်အထိ ကောင်းမွန်တဲ့ နည်းပညာတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ မျိုးစေ့ကောင်းရုံနဲ့ စပါးက ကောင်းလာတာ မဟုတ်ဘူး။ စိုက်ပျိုးတဲ့ အခါမှာလဲပဲ တစ်မျိုးနဲ့တစ်မျိုးကို ရောနှောဆက်စပ်ပြီး မစိုက်ဘဲ သူ့အမျိုးအစားအလိုက် ဇုန်တွေခွဲခြား သတ်မှတ်ပြီးတော့ စိုက်ပျိုးမှပဲ စပါးကောင်းမှာဖြစ်ပါတယ်။” ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်က စိုက်ပျိုးမှုနည်း စနစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကို ပြောပါတယ်။

_DSC0217

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်စပါးတွေဟာ အထွက်နှုန်းကောင်းတဲ့မျိုးစပါးတွေကို စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးသလို အရည်အသွေးပြည့်မီတဲ့ စပါးတွေ ထွက်ရှိလာဖို့ ထုတ်လုပ်မှု အဆင့်ဆင့်တိုင်းမှာ နည်းပညာလိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ လက်ရှိမှာ ထုတ်လုပ်နေတဲ့ ဆန်စပါးဟာကမ္ဘာ့ဆန်ဈေးကွက်မှာ အရည်အသွေး မပြည့်မီတဲ့ အတွက် ဈေးကောင်းမရရှိပေမယ့် ပြည်တွင်း ဆန်စပါးဈေးကွက်မှာ ကမ္ဘာ့ဈေးကွက်ထက် ဒေါ်လာ ငါးဆယ်ဝန်းကျင်လောက် ကွာဟမှု ရှိနေတယ်လို့ ဆန်စပါးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ပို့ကုန်ပမာဏကို အရင်နှစ်တွေကထက် ပိုမိုရောင်းချနိုင်အောင် တင်ပို့သွားဖို့ လျာထားပေမဲ့ ထုတ်လုပ်မှုပမာဏ ကျဆင်းနေသလို ဈေးနှုန်းကွာဟမှု အနေအထားအရ မျှော်မှန်းစံချိန်အောက် လျော့နည်းမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဆန်စပါးဈေးကွက်မှာ အရည်အသွေးကောင်းမွန်တဲ့ ဆန်တစ်တန်ကို ဒေါ်လာ ၄၀၀ ဝန်းကျင်လောက်ပဲ ရှိပြီးတော့ ပြည်တွင်းဈေးကွက်မှာ တင်းတစ်ရာကို ကျပ်ငွေ ၆ သိန်းဝန်းကျင်အထိ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ပြည်တွင်း ဆန်စပါးဈေးမြင့်တက်နေခြင်းကြောင့် မြန်မာ့ဆန်စပါးလုပ်ငန်းရှင်များ အသင်းအပါအဝင် ဆန်စပါးပို့ကုန် လုပ်ငန်း လုပ်ကိုင်နေကြသူတွေ အနေနဲ့လည်း စရိတ်စကနဲ့ အခွန်နှုန်းထားများပြားတဲ့ နိုင်ငံတွေတင်ပို့မှုဟာ အရှုံးဘက်ကို ဦးတည်နေတာကြောင့် ကုန်သွယ်စရိတ်နည်းပါးပြီး ဈေးပိုရတဲ့တရုတ်နိုင်ငံကိုတင်ပို့နေကြတာလည်းဖြစ်ပါတယ်။ တရရုတ်နိုင်ငံဟာ ဆန်စပါးဈေးကွက်မှာမြန်မာဘက်က တင်ပို့တဲ့ဆန်တွေကို ဈေးကောင်းပေးပြီး ဝယ်ယူနေတဲ့ တစ်ခုတည်းသော ဈေးကွက်လည်းဖြစ်ပါတယ်။

အရည်အသွေးမြင့် ဆန်စပါးတွေကို ထုတ်လုပ်တင်ပို့နိုင်မယ့် နည်းလမ်းကို အချိန်တိုအတွင်းမှာ အစိုးရအနေနဲ့ အဖြေရှာဖို့ လိုအပ်ပြီးတော့ နည်းပညာရယူမှုအပိုင်းကို အားစိုက်ထုတ်ဖို့ လိုအပ်လာနေတာကို တွေ့ရပါတယ်။

ကိုယ့်နိုင်ငံက ထွက်ရှိနေတဲ့ ဆန်စပါးတွေဟာ ကမ္ဘာ့ဈေးကွက်တွေကို တင်ပို့နေရပေမယ့် တရုတ်နဲ့ အာဖရိကဈေးကွက်လောက်ကိုပဲ ထိုးဖောက်နိုင်ခဲ့တာပါ။

အရည်အသွေးနိမ့်ဆန်တွေဖြစ်တဲ့ ဈေးကွက်မဝင်သလို တန်ဖိုးကျဆင်းမှုကြောင့် အမြတ်အစွန်းလည်း မကောင်းတဲ့မြန်မာနိုင်ငံရဲ့ ဆန်ပို့ကုန်လုပ်ငန်ဟာ ပြည်တွင်း ဆန်စပါးဈေးကွက်နဲ့ စိုက်ပျိုးရေး လုပ်ငန်းကြီး တစ်ခုလုံးကို ထိခိုက်စေရုံသာမက အခွင့်အလမ်းသစ်တစ်ခုအဖြစ် ရရှိထားတဲ့ GSP ကိုပါဆုံးရှုံးသွားနိုင်တဲ့ သဘောရှိနေပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက မလေးရှားမှာ ကျင်းပခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံ”မှာ ဆန်လိုအပ်ချက်တွေ မပြည့်မီဖြစ်နေတဲ့ အပေါ်မှာ ဆွေးနွေးခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ နှစ်တစ်စီရဲ့ ကမ္ဘာမှာ အရံဆန် လိုအပ်ချက်ဟာ သန်း ၁၂၀ ထိထားဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပေမယ့် လက်ကျန်ရှိနေတဲ့ ဆန်ပမာဏဟာသန်း ၈၀ ဝန်းကျင်သာ ရှိတော့တဲ့အတွက် နိုင်ငံတော်တော် များများမှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်မှုတွေကို နှစ်အနည်းငယ်အတွင်း ကြုံရနိုင်တဲ့အတွက် အရံဆန်အလုံအလောက်ထားရှိနိုင်ဖို့ကို ကြိုးစားနေကြပါတယ်။

ထို့ကြောင့် ကမ္ဘာ့ဆန်စပါးဈေးကွက်မှာ ဆန်ဈေးတွေ ကျဆင်းနေပြီးတော့ ကမ္ဘာ့ဆန် လိုအပ်ချက် ရာခိုင်နှုန်းတွေများပြားနေတဲ့ အချိန်မှာ ဥရောပသမဂ္ဂနဲ့ အမေရိကန်လိုနိုင်ငံကြီးတွေက မြန်မာနိုင်ငံအပေါ် GSP ပေးလိုက်တာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကမ္ဘာမှာ အရံဆန် လိုအပ်ချက်ထက် လျော့နည်းလာတဲ့ အတွက် ငွေကြေးချမ်းသာတဲ့နိုင်ငံတွေက ဆန်စပါးဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ကုန်သွယ်ခွန်ဆောင်ဖို့ မလိုဘဲ တိုက်ရိုက်တင်ပို့ခွင့် ရထားတဲ့အတွက် ငွေကြေးလိုအပ်ချက်အရ တင်ပို့ကြမှာ သေချာပါတယ်။

အစိုးရအနေနဲ့လည်း ကမ္ဘာ့ပို့ကုန်ဈေးကွက်ရဲ့အကျိုးအမြတ်ကို အားလုံးခံစားခွင့်ရရှိရေးအတွက် ကုန်စည်တင်သွင်းခွင့်ကို လွတ်လပ်စွာ ပေးသင့်သလို ပို့ကုန်နဲ့ ပြည်တွင်းဖြုန်းတီးမှု လိုအပ်ချက်၊ အခြားလိုအပ်ချက်တွေအတွက် ထားရှိရမဲ့ အရံဆန်ကို ထိန်းချုပ်နိုင်မှု မရှိရင်တော့ မြန်မာ့ဆန်ဈေးကွက်ဟာ ယခုထက်မြင့်တက်လာမှာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ကြိုတင်တွက်ဆ ထားတာတွေကိုသတိထားဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။     ။

သတင်းဆောင်းပါးဓါတ်ပုံ- မင်းမျိုးနွယ်/ RiA

ယခု ဖော်ပြပါ စီးပွားရေး သတင်းသုံးသပ်ချက်သည် အတွဲ (၁) ၊ အမှတ် (၂) ၊ ဒီဇင်ဘာလထုတ် The Root Magazine တွင် ပုံနှိပ်ဖော်ပြပြီး ဖြစ်ပါသည်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency