ရခိုင်အမျိုးသားပါတီ၏ ပါဝါနိုင်ငံရေး ဘာတွေမှားခဲ့သလဲ

By Admin | Posted on March 1, 2017 | Also posted in Opinion, Politics | | Tagged , , , , |

2026 Views

AM

 

ဧကရာဇ် ရေးသားသည်။

 

ဒါဇင်နှင့်ချီတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု အစီရင်ခံစာတွေကြောင့် တည်ငြိမ်အေးချမ်းမှု အပါအဝင် ဖွံ့ဖြိုးတိုးတက်မှုတွေ တုံ့ဆိုင်းနေတဲ့ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ရှေ့တိုးနေသယောင်နဲ့ နောက်ပြန် ဆုတ်နေသလားလို့တောင် ထင်စရာ အဖြစ်အပျက်တွေက ပေါ်ပေါက် လာပါတယ်။

အဓိကဖြစ်စဉ်ကတော့ နှစ်ပါတီပေါင်းစည်းထားတဲ့ ရခိုင်အမျိုးသား ပါတီ ANP နဲ့ ပတ်သက်ပါတယ်။ မြင်သာတဲ့ကိစ္စ တစ်ခုကတော့ အဲဒီပါတီထဲရှိနေတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD က ခွဲထွက်ပြီး ပါတီသစ် တည်ထောင်လိုက်တာပါ။

တည်ထောင်သူတွေရဲ့ ပြောကြားချက်အရဆိုရင် ရခိုင်အမျိုးသားအကျိုးစီးပွားကို ရှေ့ဆောင်လမ်းပြနိုင်ဖို့၊ တိုင်းရင်းသား တန်းတူရေး၊ ဖက်ဒရယ်စတဲ့ ရပ်တည်ချက်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ရခိုင်ပြည်နယ်မှာ နောက်ထပ် နိုင်ငံရေး ပါတီတစ်ရပ် လိုအပ်နေတာကြောင့် ပါတီတည်ထောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပြောကြားချက်ဟာ အဖွဲ့သစ်ရဲ့ ပြောခွင့်ရ ဦးမျိုးကျော်က ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဦးမျိုးကျော်အပါအဝင် (၁၅) ဦးနှင့် ဖွဲ့စည်းထားတဲ့ ပါတီသစ်တည်ဆောက်ရေး ဦးဆောင်အဖွဲ့က တောင်ကုတ်မြို့နယ်မှာ နှစ်ရက်ကြာတွေ့ဆုံ ဆွေးနွေးပြီးချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတစ်ခုအနေနှင့် မတူကွဲပြားတဲ့ ပါတီသစ်တွေပေါ်လာတာက ပြောစရာမရှိပါဘူး။

ဒါပေမဲ့ ရခိုင်အမျိုးသားပါတီဆိုတာက သာမန်နိုင်ငံရေးပါတီတစ်ခုမဟုတ်ဘဲ လူထုပါတီ ဖြစ်နေတာကြောင့် ပါတီရဲ့ ခေါင်းဆောင်မှု အကြပ်အတည်းက ပြည်နယ်ရဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြစ်စေပါတယ်။

ဒါကြောင့်မို့ သမိုင်းမှာ တည်မြဲ ချန်ထားခံခဲ့ရသလို၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ချန်ထားခံခဲ့ရသလို၊ တပ်မတော် ကျောထောက် နောက်ခံပြု ပါတီတွေ ချန်ထားခံခဲ့ရသလို၊ ပြည်ခိုင်ဖြိုး ချန်ထားခံခဲ့ရသလိုမျိုး ရခိုင်အမျိုးသားပါတီ ချန်ထားခံခဲ့ရတော့မလားလို့တောင် စိုးရိမ်ရမဲ့သဘောပါ။

အထူးသဖြင့် ပူးပေါင်းပါတီထဲကနေ ပါတီတစ်ခုကို ဆွဲထုတ်သွားမဲ့ ကိစ္စကို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ တစ်ရပ်မှာ စီစဉ်လိုက်ရတာမဟုတ်ဘဲ ကြိုတင်အချိန်ယူပြီးမှ စနစ်တကျ ဆောင်ရွက်ခွင့်ရခဲ့ကြတာပါ။ ပါတီတွင်း သဘောထား တင်းမာမှုတွေ ရှိနေပြီး အချိန်မရွေး ပြိုကွဲသွားနိုင်တယ်လို့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက သတင်းမီဒီယာတွေက ဝေဖန်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါဟာ ပါတီတွင်းပြုပြင် ပြောင်းလဲရေး ဦးဆောင်သူတွေကိုယ်တိုင် ဒီပြဿနာကို ဖြေရှင်းဖို့ လိုလိုလားလားမရှိခဲ့တဲ့ သဘောပါ။ တနည်းအားဖြင့် လူထုပါတီက ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှုကို ဖြတ်သန်းဖို့ အသင့်ဖြစ်မနေသေးဘူးလို့ ထုတ်ဖော် ပြောကြားလိုက်သလိုမျိုးပါ။

တကယ်တော့ အေအန်ပီလို အင်အားကြီးပါတီတရပ်ကို မတူညီတဲ့ ခေတ်တွေမှာ အသီးသီးအနိုင်ရခဲ့ကြတဲ့ ပါတီတွေနဲ့ ပေါင်းစည်းခဲ့ကြတာပါ။

သမိုင်းဝင် ရှစ်လေးလုံး လူထုအရေးတော်ပုံနဲ့အတူ ၉၀ ပြည့်ရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ဒီမိုကရက်တစ် ပါတီတစ်ခုနှင့် ၂၀၀၇ ရွှေဝါရောင်လူထုလှုပ်ရှားမှုအပြီး အခြေခံဥပဒေသစ်နဲ့အတူ ပေါ်ပေါက်လာတဲ့ ၂၀၁၀ ပြည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ဒီမိုကရက်တစ်ပါတီတစ်ခုတို့ကို ပေါင်းစည်းထားတာပါ။

ပြောရမယ်ဆိုရင် နှစ်ပေါင်း ၂၀ ကျော်ကွာခြားတဲ့ ရွေးကောက်ပွဲတစ်ကြိမ်စီကို အသီးသီး ယှဉ်ပြိုင်ခဲ့ရတာဖြစ်သလို လူထုထောက်ခံမှု တခဲနက်ကို ရရှိခဲ့ကြတဲ့ ပါတီတွေလည်း ဖြစ်ပါတယ်။

ပါတီနှစ်ခုရဲ့ ခေါင်းဆောင်တွေကို ကြည့်ရင်လည်းပဲ တစ်ဘက်စီမှာ ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ ခေတ်ပညာတတ်တွေ ပါနေတာကို တွေ့ရပါတယ်။
ဒီလို ပါတီကြီးနှစ်ဖွဲ့က ရခိုင်ပြည်နယ်မှာ သီးခြားရပ်တည်ကြမယ်ဆိုရင် လူထုစိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေလာနိုင်တယ်လို့ နှစ်ဘက်စလုံးကို သြဇာသက်ရောက်တဲ့ အဝေးရောက် ရခိုင်တွေနဲ့ အီလိုက်တချို့က ပေါင်းစည်းကြဖို့ ဖိအားပေးခဲ့ကြ တာလည်း ဖြစ်ပါတယ်။

သူတို့ယုံကြည်ခဲ့ကြသလိုပဲ စည်းလုံးညီညွတ်တဲ့ တပ်ဦးအဖြစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးက သာဓက ပြုခဲ့ရပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်နယ်အမတ်နေရာ လက်တစ်ဆုပ်စာ ရဖို့ မလွယ်ခဲ့ချိန်မှာ ပြည်ထောင်စုလွှတ်တော် ၂၂ နေရာအပါအဝင် ပြည်နယ်လွှတ်တော် ၂၃ နေရာထိ အနိုင်ရပြီးတော့ အအောင်မြင်ဆုံး တိုင်းရင်းသားပါတီ တစ်ရပ်အဖြစ် ဝင့်ကြွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမှာတစ်ခုက ဒီကနေ့ မြန်မာ့နိုင်ငံရေး လူထုနိုးကြားမှုအခြေအနေပါ။ ဒါကိုသိမှပဲ လူထု ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို သူတို့ဘယ်လို စံနဲ့တိုင်းတာခဲ့သလဲ၊ ဘာကြောင့် လူထုခေါင်းဆောင် ဖြစ်လာခဲ့သလဲ ဆိုတာ သိရမှာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးရဲ့ ထူးခြားချက်တစ်ခုက ဒီမိုကရေစီလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့တန်းကို ရောက်နေခဲ့တာပါ။ ပြည်နယ်၊ ပြည်မဘက်က ပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ အများအပြား ထွက်ပေါ်လာပေမဲ့ သူ့ကို ယှဉ်ပြိုင်ဖို့ နိုင်ငံရေးသမား ရှိမလာတာပါ။ ဒါတင်မကသေးပါဘူး။ သူ ဦးဆောင်တဲ့ ပါတီကို သြဇာချင်း ယှဉ်ပြိုင် နိုင်လောက်တဲ့ ပါတီလည်း မရှိသေးတာပါ။

နောက်ဆက်တွဲ ဖြစ်လာတာက သန့်ရှင်းတဲ့ နိုင်ငံရေးသမား၊ ဒါမှမဟုတ် အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့၊ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ချပြဖို့ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဝန်းရံလိုက်ပါလာဖို့က အတုမဲ့သီအိုရီ ဖြစ်လာခဲ့ပါတယ်။

တစ်ဘက်မှာလည်းပဲ စစ်တပ်ကို နိုင်ငံရေးကနေ နောက်ဆုတ်ဖို့၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး အင်အားစုတွေ ပေါင်းစည်းနိုင်ဖို့ အပါအဝင် တိုင်းရင်းသား အင်အားစုတွေ ညီညွတ်ရေးဆိုတာတွေကို ဒီကနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ဆောင်ရွက်နိုင်ဖို့က လည်း မဖြစ်နိုင်လောက်တဲ့ အခြေအနေပါ။

အကျိုးဆက်က သူ့ပုံရိပ်ပါတဲ့ နိုင်ငံရေးစနစ်တစ်ခု၊ ပါတီတစ်ခုကို ယှဉ်ပြိုင်မဲ့သူ မရှိတော့လောက်အောင် မြန်မာ့နိုင်ငံရေးမျိုးဆက် ခါးပြတ်သွားတာပါ။
အဲဒီနောက်မှာ ခေါင်းဆောင်ရဲ့ ပုံရိပ်ကို မြင်ရုံလောက်နဲ့ အရာရာကို လက်ခံဖို့နှင့် ကျန်တာကို ငြင်းဆန်လိုတဲ့ မြန်မာ့နိုင်ငံရေးက တစ်ပြည်နယ်လုံးကို ကူးစက်လာပါတယ်။

ဒါပေမဲ့ တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသားလူမျိုးတွေ အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုတစ်ဝက်၊ သံသယတစ်ဝက်နဲ့ သူတို့လူထုကို သူတို့လူမျိုးကပဲ ဦးဆောင်ဖို့ အခွင့်အရေး ပေးထားကြပါတယ်။

တစ်ဘက်မှာလည်း ဒေသနည်း ဒေသဟန်တွေနဲ့ မူပိုင်ပြုပြီး အဲဒီစနစ်ကိုပဲ ဆက်လက်ကျင့်သုံးနေကြတာ တွေ့ရပါတယ်။

ပဒေသရာဇ်ယဉ်ကျေးမှုတွေ ပြန်နိုးထကုန်ပြီလားလို့တောင် ထင်ရလောက်တဲ့အထိပါ။ မျိုးနွယ်စုကို မျိုးနွယ်စုထဲက ဦးဆောင်ခွင့် အပါအဝင် ပြည်နယ်ကို ပြည်နယ်သားက ဦးဆောင်ရမဲ့ ဆိုတဲ့အထိ နိုင်ငံရေး ပရော်ဖက်ရှင်နယ် မဆန်တော့သလို၊ မူဝါဒတွေ၊ ဗျူဟာတွေ ဘာတစ်ခုမှ သိစရာမလိုလောက်အောင် ဖြစ်သွားတာပါ။

ဒီကြားထဲ ရခိုင်ပြည်နယ်မှာ ဘယ်တော့မှ မငြိမ်းနိုင်တော့ဘူးလားလို့တောင် ထင်ရလောက်တဲ့ ဘာသာရေးအသွင်ဆောင် ပဋိပက္ခတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါဟာ “ရခိုင်အမျိုးသားဝါဒီ” ကို လက်ခံဖို့ ပိုမိုအာမခံချက်ပေးလိုက်တဲ့ အခွင့်အရေးလိုမျိုး ဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက်မှာ ဖိုးသူတော်မျက်စိလည်ရင် ဆွမ်းဆန်ပိုရသလိုမျိုး ရခိုင်လူမျိုးတွေကို ကိုယ်စားပြုတယ်လို့ အမှတ်တံဆိပ် ဖော်ပြထားတဲ့ ဘယ်အရာမဆို အားပေးထောက်ခံဖို့ ဆန္ဒတွေ လူထုမှာ အခိုင်အမာ နေရာယူလာကြတာ တွေ့ရပါတယ်။

ဒါဟာ စီးပွားရေး၊ နိုင်ငံရေး စတာတွေမှာ တကယ်သိ၊ တကယ်တော်သူတွေက ရခိုင်ပြည်နယ်မှာ ဦးဆောင်ဖို့ ခက်ခဲလာ စေပါတယ်။ ရခိုင်လူမျိုးတွေ ဦးဆောင်မှုနေရာက ပျောက်သွားမှာကို ပြည်သူတွေက စိုးရိမ်မှုကြောင့် ကာကွယ် ပေးနေကြပေမဲ့ ဘာတွေ တကယ်ပြောင်းလဲသွားသလဲဆိုတာ သူတို့ကိုယ် သူတို့ မေးခွန်းထုတ်ဖို့ မေ့လျောနေတာက ကိုယ့်ခေါင်းဆောင်ကို မြှင့်တင်သလိုလိုနဲ့ ချောက်ထဲတွန်းချလိုက်သလိုမျိုး ဖြစ်စေပါတယ်။

ဥပမာအားဖြင့် ၉၀ ပြည့် ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ အပြတ်အသတ် အနိုင်ရခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်းပဲ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက အနိုင်ရခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်းပဲ အဲဒီနှစ်ပါတီပေါင်းထားတဲ့ အေအန်ပီကပဲ ကျန်ပါတီတွေထက် မဲအများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ANP

 

မြန်မာ့နိုင်ငံရေး ရိုးလ်မော်ဒယ်လ်ဖြစ်တဲ့ အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံအတော်များများ ကျင့်သုံးကြတဲ့ ပါတီတွင်းမှာ ဘယ်သူတွေ ဘယ်လောက်အရည်အချင်းရှိလို့ ဆိုတာမျိုး ယှဉ်ပြိုင်ပြီးမှ ရွေးကောက်ပွဲကြီးကို ထွက်ပြိုင်ရသလိုမျိုး မဟုတ်ပါဘူး။

ပြိုင်တော့ပြိုင်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူပြိုင်ပြိုင် နိုင်မှာ သိပြီးသားဖြစ်တဲ့၊ အဖြေကို ကြိုသိနေတဲ့ ရွေးကောက်ပွဲက စစ်မှန်တဲ့ နိုင်ငံရေးသမားကောင်းတွေ ထွက်လာဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စရပ်တစ်ခုပါ။

နိုင်တော့ နိုင်ခဲ့ပါပြီ။ ဘာဆက်လုပ်ရမှန်းမသိ။ ရခိုင်ပြည်နယ် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး အပါအဝင် ဖြေရှင်းရမဲ့ ကိစ္စတွေ အတော်များများအတွက် ပါတီမှာ မူဝါဒကဘာလဲ၊ ဘာတွေလုပ်နေကြသလဲ ဆိုတာ တိတိကျကျ မသိကြပါဘူး။

လူထုကပေးတဲ့ အောင်မြင်မှုက မြန်မာ့နိုင်ငံရေးမှာ အင်အားတစ်ခု ဖြစ်စေခဲ့တယ် ဆိုပေမဲ့ ဒီအင်အားကို အသုံးချပြီး ပါတီရဲ့ မူဝါဒနှင့် လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ဖို့ အချိန်မရနိုင်ဘဲ ပါတီတွင်း ကိုယ်နှင့် သဘောထား မတူသူတွေကို အရင်ဦးအောင် တိုက်ခိုက်ရင်းနဲ့ပဲ ညီညွတ်ရေးက ပြိုကွဲလာခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မသေးပါဘူး။ ဒီကနေ့ ရခိုင့်နိုင်ငံရေးမှာ ဥက္ကဌ ဦးအေးမောင်က အစိုးရကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်နေပေမဲ့ အင်အားအဖြစ် နောက်က ပံ့ပိုးပေးမဲ့ ဒုတိယခေါင်းဆောင် မရှိသလို အတွင်းနှင့်အပြင်ပါ အုပ်စုဖွဲ့ပြီး အားပြိုင်နေကြတာ ကြောင့် အေအန်ပီရဲ့ သဘောထားကြေညာချက်တွေ၊ ရပ်တည်ချက်တွေက နိုင်ငံရေးအရှိန်၊ တိုက်ပွဲအရှိန် မမြှင့်လာနိုင်ဘဲ မြန်မာ့နိုင်ငံရေး အစိုးရသစ်လက်ထက်မှာ အရှက်ရစရာ ဖြစ်သွားခဲ့ပါတယ်။

ပါတီရဲ့ ပုံရိပ်က ၂၀၁၃ ခုနှစ် ပြည်နယ် ဝန်ကြီးချူပ် ဦးလှမောင်တင်နေရာမှာ ဝန်ကြီးချူပ်သစ် အစားထိုးခွင့် ၁/၂၀၁၃ ကနေ စပြီး တောက်လျှောက် ကျဆင်းလာခဲ့တာ ဖြစ်ပေမဲ့ လက်ရှိ အာဏာရပါတီ အစိုးရဖြစ်ခါစ ၁/၂၀၁၆ ကြေညာချက်မှာ ပိုပြီး ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့တာပါ။

အဲဒီဆိုးရွားမှုက ရခိုင်အမျိုးသားပါတီရဲ့ ပါဝါနိုင်ငံရေးကို နာလန်မထူနိုင်လောက်အောင်ထိ ပြင်းထန်တယ်လို့တောင် ပြောရမှာပါ။

အဲဒီနောက်ပိုင်း ကြေညာချက်တွေဆိုရင် ပြည်မက သတင်းမီဒီယာတွေကပါ ရခိုင်အမျိုး သားပါတီကို အစွန်းရောက်သလိုမျိုး ထိတောင် ရေးသားဝေဖန်လာခဲ့ကြတာတွေ ရှိပါတယ်။ ဒါ တင်မကသေးပါဘူး။ ပါတီတွင်း ဘယ်အုပ်စုက ဖြင့် ပိုပြီးမတရားမှုတွေလုပ်နေသလို ဘယ်အုပ် စုက ခံနေရပါတယ် စတဲ့အထိ ပြစ်တင်လာတာ တွေ့ရပါတယ်။ အဆိုးဆုံးက အေအန်ပီ ဘာလုပ်လုပ် မကောင်းဘူးလို့ အတွေးဝင်သွားကြ တာပါ။

အစိုးရ အကူးအပြောင်းကာလ ရခိုင်ပြည် နယ်ပြဿနာက တစ်နေ့တစ်ခြား မရိုးနိုင်လှတဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့နေရချိန်မှာ ဒေသ အင်အားကြီး ပါတီတစ်ရပ်ရဲ့ ကြေညာချက်၊ ထုတ်ပြန်ချက်တွေက ဒေသတည်ငြိမ်ရေး အပါ အ၀င် နိုင်ငံတော်ရဲ့ မူဝါဒတွေကို ထိခိုက်စေ တယ်လို့ ယူဆချက်တွေရှိလာခဲ့တာဟာ ကြီးမား တဲ့ နိုင်ငံရေးဆုံးရှုံးမှုတစ်ရပ်ပါ။

ပြည်နယ်လွှတ်တော်ကို စိုးမိုးထားနိုင်တယ် ဆိုပေမဲ့လည်း လက်တွေ့မှာတော့ မပြောပ လောက်တဲ့ လိုက်လျောမှုတချို့သာ ရခဲ့ကြတာ လို့ ဆိုနိုင်ပါတယ်။ ပါဝါနိုင်ငံရေးမရှိမဖြစ် လိုအပ် တဲ့ ပြည်ထောင်စုလွှတ်တော်က အေအန်ပီ ကိုယ် စားလှယ်တွေအတွက်ကတော့ ဘာတစ်ခုမှ ထိထိ ရောက်လုပ်နိုင်တာ မတွေ့ရတော့ပါဘူး။

ဒါဟာ ရခိုင်လူထုကို သည်းခြေပျက် ရူးသွပ်သွား စေနိုင်လောက်တဲ့ထိ  ခေါင်မိုးမလုံတဲ့အဖြစ် အပျက်တစ်ခုပါ။

ဒီကြားထဲ မီဒီယာပေါ်ကနေ ပါတီတွင်း အကြိတ်အခဲတွေကို မဖုံးနိုင်မဖိနိုင်လောက်တဲ့ထိ ပွင့်အန်ထွက်လာကြတာတွေလည်း ရှိခဲ့ပါ သေးတယ်။

နောက်ဆုံးမှ ဘယ်လိုမှ ထိန်းမရတော့ပဲ လုံးဝကွဲကြရတဲ့နေ့ရက်ကို ရောက်လာတော့ ရခိုင် အမျိုးသားပါတီရဲ့ ပါဝါနိုင်ငံရေးက တကယ်ပဲ အဖတ်ဆည်လို့ မရတော့ဘူးလား လို့တောင် မေးရမလို ဖြစ်နေပါပြီ။

တကယ်တော့ နိုင်ငံရေးမှာ တစ်ကွက်မှ မှားခွင့်မရှိဘူးဆိုတာ အေအန်ပီခေါင်းကိုင်ဖခင် ကြီးတွေ မသိဘဲမနေပါဘူး။ ဒါပေမဲ့ ဘာကြောင့် မှားခွင့်ပြုခဲ့ကြသလဲဆိုတာက ပဟေဠိဖြစ်နေပါသေးတယ်။

ဒါမှမဟုတ် ရခိုင်ပြည်နယ်ကို နိုင်ငံရေးလက် တည့် စမ်းစရာအဖြစ် သဘောထားခဲ့တာလားလို့ မေးခွန်းထုတ်ရင် ပြည်နယ်ကို ပါတီပိုင်တာ မဟုတ် ဘူးလို့ ပြန်ဖြေနိုင်ပါ့မလားလို့တောင် စိုးရိမ်ရတဲ့ အနေအထားကို လူထုပါတီက ရင်ဆိုင်နေရ တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာဦးအေးမောင်၏ ၂၀၁၅ ခုနှစ် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကြီး စည်းရုံးရေးကာလ လှုပ်ရှားမှုများ (ဓာတ်ပုံ – ထွန်းလင်းအောင်) ၊ ANP ၏ စည်းရုံးရေးလှုပ်ရှားမှုများ (ဓာတ်ပုံ – မင်းမျိုးနွယ်/RiA)

ယခုဖော်ပြပါ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ (၂) ၊ အမှတ် (၁) The Root Magazine ၏ မျက်နှာဖုံးဆောင်းပါးအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

Related Post

Comments

comments

Root Agency