ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

By မင်းမျိုးနွယ် | Posted on March 4, 2017 | Also posted in Interview, Politics | | Tagged , , , , , , , , , , , |

842 Views

17125071_308096936272721_2110248917_n
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်း သား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တို့ ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ အတွက် တွေ့ဆုံဆွေးနွေးမှုတစ်ခုကို နေပြည်တော်မှာပြုလုပ်ခဲ့ကြပါတယ်။ အဲဒီထဲက ရခိုင်ပြည် အမျိုးသားကောင်စီ ANC /AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို RiA သတင်းထောက် မင်းမျိုးနွယ် က ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။

MMN/RiA ။    ။ ဗိုလ်မှူးကြီးတို့ ရခိုင်ပြည်တပ်မတော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု တစ်ခုပြုလုပ်သွားတယ်လို့ သိရတယ် ခင်ဗျား ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးဖြစ်တယ်ဆိုတာ ပြောပြလို့ ရနိုင်မလား။

Col/ANC-AA ။    ။ ကျွန်တော်တို့ဘက်ကတော့ အဓိကဆွေးနွေးခဲ့တာဟာ UNFC ကတင်ပြထားတဲ့ မူ၈ ချက်ပါ။ ဘာကြောင့် ဒီိမူ ၈ ချက်ကို တင်ပြရသလဲ။ အဲဒီအပေါ် မှာရောနှစ်ဖက်ကြားမှာဘာတွေအတိုးအလျှော့လုပ်နိုင်မလဲဆိုတာဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မူ ၈ ချက်ကလည်းပဲအရင်လက်မှတ်ရေးထိုးခဲ့တဲ့ NCA ဆိုတာဟာ UNFC အနေနဲ့ မပြည့်စုံသေးဘူး။ ဒီအထဲမှာ ဒါတွေကို ဖြည့်စွက်နိုင်ဖို့အတွက် တင်ပြထားတာဖြစ်ပါတယ်။

MMN/RiA ။    ။ မကြာခင်မှာ ကျင်းပဖို့ရှိနေတဲ့ ပင်လုံညီလာခံနဲ့ရော ဆက်စပ်မှု ရှိတယ်လို့ပြောလို့ရမလား။

Col/ANC-AA ။    ။ ဆက်စပ်မှုက အများကြီးရှိပါတယ်။ ပင်လုံညီလာခံကို တက်မယ် ဆိုရင်တော့ NCA လက်မှတ်ရေးထိုးပြီးမှသာ တက်ရမှာ ဖြစ်ပါတယ်။ လက်မှတ် ထိုးဖို့ အတွက်လည်း အစိုးရကရော စစ်တပ်ကပါ တိုက်တွန်းပါတယ်။ UNFC ဘက် ကလဲ NCA ကို လက်မှတ်ရေးထိုးချင်ပါတယ်။ သို့သော် အဓိက မပြေလည်သေးတဲ့ အချက်တွေဟာ ဘာကြောင့် မပြေလည်သေးတာလဲ ဆိုတာကတော့ စောစောက ပြောတဲ့ မူ ၈ ချက် မပြေလည်သေးတာပဲဖြစ်ပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီမူ ၈ ချက်ဟာ အရေးပါပါတယ်။ ကျွန်တော်တို့လဲ ဆွေးနွေးလို့အဖြေရမှပဲ  ပင်လုံညီ လာခံမှာ ပါဝင်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် အများကြီးဆက်စပ်တယ်လို့ ပြောလို့ရ ပါတယ်။

17094175_308100062939075_294229405_n

MMN/RiA ။    ။ အခုဆွေးနွေးခဲ့ကြတဲ့အတွက်ကြောင့်ကော ဘယ်လိုအခြေအနေ တွေ၊ အလားအလာတွေ ဘယ်လို့ရှိလာနိုင်လဲ။

Col/ANC-AA ။    ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့တော့ အများကြီး အပြုသ ဘောဆောင်ပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။ သူ့အနေနဲ့တော့ ဆုံးဖြတ်ချက် ချပေးတဲ့ အနေအထားမဟုတ်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဘယ်လိုတွေကို အခြေခံပြီးတော့ ဆွေးနွေးသင့်တယ်ဆိုတာ လမ်းညွှန်ချက် (Guideline) ပေးတဲ့ သဘောပဲဖြစ်ပါတယ်။

MMN/RiA ။    ။ ဗိုလ်မှူးကြီးတို့ဘက်က တောင်းဆိုထားတဲ့ အနေအထားကို ရောက်မလာပေမဲ့ အခြားတစ်နည်းနည်းနဲ့ ပြောင်းလဲမှုလေးတွေ ရှိလာခဲ့ရင်ကော NCA ကို လက်မှတ်ထိုးဖို့ အစီစဉ်ရှိသလား။

Col/ANC-AA ။    ။ ကျွန်တော်တို့ အဓိကအခြေခံတာကတော့ ဖယ်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် ကျွန်တော်တို့ဟာ ဘယ်လို ကတိကဝတ် တွေပြုမလဲ။ တစ်နည်းတစ်ဖုံပေါ့။ နောက်တစ်ခုက အပစ်ခတ်ရပ်စဲရေး ယန္တရားကို ဘယ်လိုလုပ်မလဲ။ အပစ် ရပ်တာကလွယ်ပါတယ်။ သို့သော် ရပ်ထားတာကို ပြန်မ ပစ်အောင်ထိန်းသိမ်းဖို့အတွက် ခက်ခဲပါတယ်။ အဲလိုအခင်းအကျင်း တွေရှိရင်တော့ လက်မှတ်ထိုးနိုင်ဖို့ အလားအလာတွေ အများကြီးရှိပါတယ်။ နောက်တစ်ခုက နိုင်ငံ ရေး ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ပုံစံပေါ့လေ။ အခုပုံစံက ကျွန်တော်တို့ လိုချင်တဲ့ သုံးပွင့်ဆိုင်စုဖွဲ့ ဆုံးဖြတ်တဲ့ အနေအထားမ ဟုတ်ဘဲနဲ့ တပ်က တစ်ပွင့် ပုံစံမျိုးဖြစ်နေတယ်။ တပ်ကပိတ်ဆို့ (Block) လုပ်ထားလို့ရှိရင် ဆုံးဖြတ်ချက်တွေ ကလည်း ထွက်လာနိုင်တဲ့ အနေအထားမရှိဘူး။ ဒါဆိုရင် ဒီငြိမ်းချမ်းရေးဆွေးနွေးမှု ဟာ တော်တော်ကို အလုပ်ဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် သုံးပွင့်ဆိုင်နွေး ရေးနဲ့ ဆုံးဖြတ်ရေးပုံစံဖြစ်ကြဖို့လဲ အရေးကြီးနေပါတယ်။

အဲလိုမဟုတ်ရင်တောင် နိုင်ငံရေးဆွေးနွေးမှုတွေမှာ Block မဖြစ်လာအောင် အဓိက ပြဿနာတွေရှိလာခဲ့ရင် ဘယ်လိုကျော် လွှားနိုင်မလဲ။ အဲဒါတွေအတွက် အစားထိုး နိုင်တဲ့ နည်းလမ်းတွေရှိရင်တော့လက်မှတ်ထိုးနိုင်မယ့် အခြေအနေတွေ အများကြီး ရှိနေပါတယ်။

MMN/RiA ။    ။ အခြေအနေအရ UNFC အနေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာ မရှိပေမဲ့ ဗိုလ်မှူးကြီးတို့ ANC အနေနဲ့ပဲဖြစ်ဖြစ်၊ AA အနေနဲ့ပဲဖြစ်ဖြစ် သီးခြားထိုးဖို့ အစီစဉ်တွေရှိလား။

Col/ANC-AA ။    ။ ကျွန်တော်တို့ ANC, AA ကို အရင်ကတည်းကနေ ဖိတ်ခေါ် ထားပြီးသာပါ။ လက်မှတ်မထိုးဘဲနဲ့လဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လို့ရတယ် ဆိုပြီးတော့ ပြောထားပြီးသားပါ။ လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာက ကျွန်တော် တို့ကို ခေါ်ဖို့မခေါ်ဖို့နဲ့ မဆိုင်ဘူး။ လက်မှတ်ထိုးပြီးတဲ့နောက်မှာ ကျွန်တော်တို့ လိုချင် တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖယ်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ဖို့ အလားအလာ ဘယ်လောက်ရှိသလဲ။ ကတိကဝတ်ခိုင် မာမှု ဘယ်လောက်ရှိသလဲ။ ပြီးတော့ ထပ်မံပစ်ခတ်မှု မဖြစ်အောင် တားဆီးနိုင်တဲ့ ဘယ်လိုယန္တရားရှိလဲ။ နောက် နိုင်ငံရေးဆွးနွေးပွဲမှာ ဂုဏ်သရေရှိရှိနဲ့ တန်းတူ ဘယ် လိုပါဝင် နိုင်မလဲ။ အဲလိုအနေ အထားတွေမှာ အခြေခံနေတာ။ လိုအပ်နေတာဖြစ် ပါတယ်။ UNFC အနေနဲ့ရော ANC အနေနဲ့ပါ ကိုင် စွဲထားတဲ့မူကတော့ တစ်ဖွဲ့တစ် သင်း ကျန်ခဲ့လို့ရှိရင် ငြိမ်းချမ်း ရေးဟာ ရေရှည်တည်တံ့မှာမဟုတ်ဘူး။ တနေရာကစ တဲ့မီးဟာ အမှိုက်ကစပြသာဒ်မီးလောင်ဆိုသလိုတဖြည်းဖြည်းနဲ့ ပြည်တွင်းစစ် အရှိန် အဟုန်ပြန်လည်ကြီးထွားလာနိုင်တယ်။ ဒါကြောင့်မို့လို့ တစ်ကြိမ်တည်းနဲ့ အားလုံး ပါဝင်နိုင်မှာမဟုတ်ရင်တောင် တစ်ဆင့်ချင်းအားလုံးပါဝင်လာနိုင်တဲ့ မူရှိရမယ်။ လမ်းစဉ်ရှိရမယ်။ လုပ်ငန်းစဉ်ရှိရမယ်။ အဲလိုအခြေအနေမှာပဲ ကျွန်တော်တို့အနေနဲ့ လက်မှတ်ထိုးသွားမှာဖြစ်ပါတယ်။

MMN/RiA ။    ။ အခု မကြာခင်ရက်ပိုင်းအတွင်းက မြောက်ပိုင်းအဖွဲ့ဖြစ်တဲ့ ရက္ခိုင့် တပ်မတော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင် ခွင့်မပေးဘူးဆိုပြီးတော့ တပ်မတော် ဘက်က ပြောနေတာရှိတယ်။ ဒီအပေါ်မှာရော ဗိုလ်မှူးကြီးတို့ဘက်က ဘယ်လိုသုံး သပ်လဲ။

Col/ANC-AA ။    ။ ကျွန်တော်တို့ အနေနဲ့ကတော့ အားလုံးသူကို ပါဝင်စေချင် ပါတယ်။ အပစ်ခတ် ရပ်စဲရေးမှာနေပြီးတော့  အစိုးရနဲ့ စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံနေ တဲ့ အဖွဲ့ ၂၁ ဖွဲ့ရှိပါတယ်။ အဲဒီထဲမှာ အဖွဲ့တိုင်းကို တန်းတူညီမျှ၊ သာတူညီမျှ ပါဝင်စေ ချင်ပါတယ်။ ကျွန် တော်တို့ ဗမာတစ်နိုင်ငံလုံးရဲ့ ပြဿနာဟာ ဒီမှာရှိနေတဲ့အဖွဲ့ အစည်း အားလုံးနဲ့ သက်ဆိုင်တဲ့ပြဿနာဖြစ်တယ်။ အားလုံးတွေ့ဆုံ ဆွေးနွေးပြီး အဖြေ ရှာနိုင်မှသာလျင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရမယ်၊ ဖွံဖြိုးတိုးတက်မှုကိုရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ဖွင့်ချင်းစီရဲ့ အနေအထားနဲ့ ဘယ်လောက် ပါဝင်ချင်စိတ်ရှိသလဲဆိုတဲ့ အပေါ်မှာလည်းမူတည့်ပါတယ်။ အခု နောက်ဆုံး ဆုံးဖြတ်လိုက်တဲ့ ပန်ဆန်းညီလာခံမှာ အခုရှိနေတဲ့ NCA လမ်းကြောင်း အတိုင်းမသွားဘူး။ လမ်း ကြောင်းသစ် ဖောက်ပြီး မှာ သွားမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာရင်တော့ကျွန်တော်တို့အနေနဲ့ကြားကနေပြီးတော့ ကာယကံရှင်ကိုယ်စား ၀င်ပြောရတာ ခက်ခဲပါတယ်။

17105517_308100042939077_1511585401_n

MMN/RiA ။    ။ မကြာခင်က ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်းအဝေးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကိုရော ဗိုလ်မှူးကြီးတို့ဘက်က ဘယ်လိုသုံးသပ်လဲ။

Col/ANC-AA ။    ။ ကျွန်တော်တို့ အမြင်ကတော့ တချို့အဖွဲတွေ “ဝ”တို့၊ မိုင်းလား တို့ကတော့ အခုရှိနေတဲ့ NCA လမ်းကြောင်းအတိုင်းသွားလို့ သူတို့အတွက် အကျိုး စီးပွားမရှိလာနိုင်ဘူးလို့မြင်ပုံရတယ်။ အဲဒီအပေါ်မှာ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က လဲ သူတို့ကိုNCA လမ်းကြောင်းထဲက ဖယ်ထုတ်ထားတဲ့ အချိန်မှာ သူတို့ဖာသာ သူတို့ လမ်းကြောင်းရှာတယ်လို့ပဲ မြင်ပါတယ်။ လမ်းကြောင်း သစ်တွေရှာတဲ့ အပေါ် မှာ ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာတော့မရှိဘူး။

ဒါပေမယ့် လမ်းကြောင်းဟောင်းမှာ ရှိနေတဲ့အဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်း အဖြေရှာ သွားမလဲဆိုတာက အဓိကကျပါတယ်။သော့ချက်ကျတယ်။ ကျွန်တော်တို့ UNFC အနေနဲ့ကတော့ NCA သည် ပြီးပြည့်စုံမှုမရှိ။ ခိုင်မာမှုမရှိ။ အဲဒါကို ပြုပြင်တဲ့ နည်းလမ်းနဲ့ပဲ ကျွန်တော်တို့ ဆက်သွားမှာ ဖြစ်ပါတယ်။ အခုပန်ဆန်း ညီလာခံက ထွက်တဲ့ NCA အသစ်ရေးဆွဲ ရမယ် ဆိုတာကလည်း အသစ်ရေးဆွဲရင်လည်း ဒီပုံစံမျိုးပဲ ဖြစ်လာမှာပါပဲ။   ။ အခု ကျွန်တော်တို့ မပြေလည်သေးတဲ့ NCA မှာ ဘာတွေကို ဖြည့်စွက်မလဲ၊ ဘာတွေကိုပြင်ဆင်မလဲ၊ ဒီအဆင့်ကိုပဲရောက်လာမှာပါပဲ။ ဒီတော့ အခု NCA ပြင်ဆင်ရေးလမ်းကြောင်းထဲမှာ ပါဝင်နိုင်ရင်တော့ ပိုပြီးစုစည်းမှု ရှိမယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ဖာသာ ကျွန်တော်တို့ပဲကွဲပြားသွားအောင် ခွဲလိုက်သလိုမျိုးဖြစ်သွားလိမ့်မယ်။

MMN/RiA ။    ။ လက်ရှိ NCA မှာပါနေတဲ့အချက်အလက်တွေဟာ တပ်မတော်နဲ့ ပြီးခဲ့တဲ့အစိုးရတို့ရေးဆွဲခဲ့တာ ဖြစ်တယ်။ အစိုးရ သစ်အနေနဲ့ရော NCA ပြင်ဆင်ဖို့ အတွက် စစ်တပ်ကို တစ်စုံတစ်ရာဖိအားတွေပေးနိုင်လိမ့်မယ်လို့ ယုံကြည်လား ခင်ဗျား။

Col/ANC-AA ။    ။ အစိုးရသစ်အနေနဲ့ကတော့ တပ်မတော်ဘက်က တင်းခံနေမယ် ဆိုရင် တွန်းအားပေးနိုင်တဲ့ အနေအထားမရှိဘူး။ ဒီနေရာမှာ ပြဿနာကတပ်မတော် ရဲ့စေတနာအပေါ်မှာပဲ အဓိကအခြေခံပါတယ်။ တပ်မတော်သည် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုအတွက် ဘယ်လောက်ထိ သည်းခံစိတ်နဲ့ အပြုသဘောနဲ့ ကျွန်တော်တို့ အားလုံးပါဝင်အဖြေရှာနိုင်သလဲဆိုတဲ့ အပေါ်မှာ ဘဲ မူတည်ပါတယ်။    ။

——–

ဓါတ်ပုံ – ANC/AA

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency