AA ရှစ်နှစ်ပြည့်ပွဲ စီစဉ်သူများ ဖမ်းဆီးခံရသော်လည်း အခမ်းအနားကို ဆက်လက်ကျင်းပ

By Admin | Posted on April 11, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , , |

2640 Views

AA-8 Enavercy
မြောက်ဦး၊ ဧပြီ ၁၁ ရက်။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တည်ထောင်သည့် ၈ နှစ်ပြည့် အခမ်းအနားပွဲကို မြောက်ဦးမြို့ မြတန်ဆောင်း ကျောင်းတိုက်အတွင်း ကျင်းပခြင်းကြောင့် ဆရာတော်နှင့် ခိုင်နီမင်းတို့မှာ ယမာန်နေ့က ဖမ်းဆီးအရေးယူခြင်း ခံခဲ့သော်လည်း စာပေ ဟောပြောပွဲအခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ညတွင် ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မူလကဟောပြောရန် ဖိတ်ကြားထားသည့် စာရေးဆရာများ ဟောပြောခြင်းမဟုတ်ပဲ အမျိုးသားရေး တက်ကြွသူ ရဟန်းတော်တစ်ပါးနှင့် လူငယ်တစ်ဦးတို့က ဟောပြောခဲ့ကြခြင်းဖြစ်ကာ အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

“ရဲတွေစောင့်ကြည့်တာတွေတော့ ရှိခဲ့တယ်။ ဒီကျောင်းအနီးပေါ့။ လေးမျက်နှာဘုရား အနီးအနားမှာ ကားနဲ့တော့တွေ့ပါတယ်။ ကျန်တာ ကတော့ သိပ်ထွေထွေထူးထူးမဖြစ်ပါဘူး။”ဟု ဟောပြောပွဲသို့ တက်ရောက်ခဲ့သူ မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။

ယင်းအခမ်းအနားတွင် AA- CUP ဘောလုံးပြိုင်ပွဲနှင့် ဂီတဖျော်ဖြေပွဲ၊ စာပေဟောပြောပွဲများကို ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ဘောလုံးပြိုင်ပွဲကို သက်ဆိုင်ရာမှ ပိတ်သိမ်းခဲ့ပြီး ကြော်ငြာဗီနိုင်းများကို ဖြုတ်သိမ်းကာ ပွဲစီစဉ်သူ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနှင့် ခိုင်နီမင်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို အစကတည်းက မှာထားတဲ့အတွက်ကြောင့် ဆရာတော်မရှိရင်လဲ ဒီပွဲကိုဖြစ်အောင် ကျင်းပခဲ့တာပါ။  မဖြစ်ဖြစ်အောင် လဲ လုပ်ခဲ့ပါတယ်။ ပွဲကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားတယ်။”ဟု အမည်မဖေါ်လိုသူ ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပွဲကျင်းပခြင်းနှင့်ပတ်သက်ပြီး မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့အား မြောက်ဦးအခြေစိုက် ခမရ  ၅၄၀ တပ်ရင်းမှ ဗိုလ်မှူး ဦးဝင်းကျော်က တရားလိုလုပ် တိုင်တန်းချက်အရ မြောက်ဦးမြို့မရဲစခန်းက ဧပြီလ ၁၀ ရက်နေ့တွင် မရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကာ အမှုအားလာမည့် ဧပြီလ ၂၄ နေ့၌ ရုံးတင်စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Photo – CJ

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency