သင်္ကြန်ရက်များအတွင်း ဘုရားဖူးခရီးသည်များ အရောက်နည်း

By မင်းမျိုးနွယ် | Posted on April 18, 2017 | Also posted in News, North Rakhine | | Tagged , , , , , , |

246 Views

Chit Thaung
မြောက်ဦး၊ ဧပြီ ၁၈ ရက်။ ယခုနှစ် သင်္ကြန်ရက်များအတွင်း မြောက်ဦး ယဉ်ကျေးမှုဒေသသို့ ဘုရားဖူးခရီးသည်များ လာရောက်လည်ပါတ်မှု နည်းပါးခဲ့ကြောင်း သိရသည်။

မြောက်ဦးဒေသသည် ရခိုင်ပြည်နယ်အတွင်း ခရီးသည်များ ဝင်ရောက်လည်ပါတ်မှု အများဆုံးဒေသတစ်ခုဖြစ်ပြီး ယခင်နှစ်များက သင်္ကြန် ရက်များတွင် လာရောက်လည်ပါတ်သူ အများအပြားရောက်ရှိ ခဲ့ကြသော်လည်း ယခုနှစ်တွင် သိသိသာသာကျဆင်းခဲ့ကြောင်း သိရသည်။

“ဘုရားဖူးခရီးသည်တွေ ရောက်တော့ရောက်ပါတယ်။ ဒါပေမယ့် နှစ်တိုင်းထက်နည်းပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် မတ်လလောက် ကတည်းက ဘုရားဖူးကားကြီးတွေ ဝင်နေကြပြီ။ ဒီနှစ်မှာတော့ သင်္ကြန်တွင်းမှာ လေးငါးစီးလောက်ပဲ ရောက်တာတွေ့ပါတယ်။ ဒေသ တွင်း ဘုရားဖူးတွေတော့ ရှိတာပေါ့။”ဟု သျှစ်သောင်းပုထိုးတော်ကြီးအတွင်းမှ လက်ဆောင်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဒေါ်ဖြူဖွေး ကပြောသည်။

ထို့ကြောင့် ဘုရားပုထိုးများတွင် ဘုရားဖူးခရီးသည်များနှင့် လာရောက်လည်ပါတ်သူများအား မှီခိုနေကြသည့် လက်ဆောင်ပစ္စည်းများနှင့် ရခိုင်ဒေသထွက်အထည်များ ရောင်းချနေကြသည့် ဈေးဆိုင်များမှာ ရောင်းအားကျဆင်း လျှက်ရှိကြောင်းလည်း သိရသည်။

“ဘုရားတွေကို အားကိုးနေရတာဆိုတော့ ဘုရားဖူးတွေမလာရင် ရောင်းမကောင်းဘူးပေါ့။ မနှစ်ကဆိုရင် သင်္ကြန်မတိုင် ခင်ကတည်းက ရောင်းကောင်းနေပြီ။ ဒီနှစ်တော့မကောင်းဘူး။ ပြီးတော့ ကျွန်မတို့က နွေတစ်နွေပဲ အားကိုးနေရတာလေ နွေမှာရောင်းမကောင်းရင်တော့ ဒီနှစ်မကောင်းတော့ဘူး။ အရင်နှစ်တွေက ဆယ်သိန်းဖိုးလောက် ရောင်းရတဲ့ ပစ္စည်းတွေက ဒီနှစ်မှာ ငါးသိန်းဖိုးလောက်ပဲ ရောင်းရတဲ့ အနေအထား ဖြစ်နေပါတယ်။”ဟု ၎င်းကဆက်ပြောကြား သည်။

ဧပြီလ ၁၆ ရက် နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းအန္တရာယ်ကြောင့် ခရီးစဉ်များဖျက်လိုက်ရသည့် အတွက်ကြောင့် သင်္ကြန်ရက်များ အတွင်း ဘုရားဖူးခရီးသည်များ လာရောက်လည်ပါတ်မှု အလွန်ကျဆင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဘရားဖူးခရီးသည်တွေ အရောက်နည်းတာတော့ ဟုတ်ပါတယ်။ ဘာကြောင့် နည်းလဲတော့မသိဘူး။ ကျွန်တော်တို့ ရခိုင်ဒေသမတည် ငြိမ်မှုနဲ့ ဆိုင်မလား။ စစ်ဖြစ်နေတာတွေနဲ့ဆိုင်မလား မပြောတတ်ဘူး။ ပြည်မဘက်က ကားကြီးတွေ တော်တော်လေး အလာနည်း ပါတယ်။”ဟု လက်ဆောင်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ကိုဦးမောင်သန်းကပြောသည်။

ယင်းအပြင် မြောက်ဦးယဉ်ကျေးမှုဒေသသည် ခရီးသွားများနှင့် လာရောက်လည်ပါတ်သူများအား မှီခိုအားကိုနေရသည့် ဒေသတစ်ခုဖြစ်ရာ လာရောက်လည်ပါတ်သူများ တည်းခိုနေထိုင်ရေးနှင့် အခြားသောဝန်ဆောင်မှု လုပ်ငန်းစဉ်များကိုလည်း မြင့်တင်ပေးရန်လိုအပ်လျှက်ရှိ ကြောင်းသိရသည်။

ဓါတ်ပုံ – မင်းမျိုးနွယ်/RiA

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency