ပန်းဈေးကျဆင်း၍ ပန်းစိုက်ပျိုးရေး လုပ်ကိုင်သူများအား ထိခိုက်

By မင်းမျိုးနွယ် | Posted on April 21, 2017 | Also posted in Business, News, North Rakhine | | Tagged , , , , , , |

283 Views

11080002
ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအထိ အရောင်းအဝယ်လိုက်ကာ ဈေးကောင်းရရှိနေခဲ့သည့် ဘုရားပန်းဈေးကွက်မှာ ယခုနှစ်တွင် အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းလျှက်ရှိနေသဖြင့် ပန်းစိုက်ပျိုးရေး လုပ်ကိုင် သူများမှာ ထိခိုက်မှုများရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူကြိုက်များပြီး ရောင်းအားကောင်းသည့် ဘုရားပန်းတချို့ဖြစ်သော ရွက်လှ၊ ရွက်ချွန်၊ အိမ်လုံး ချမ်းသား၊ အလိုတော်ပြည့် စသည့်ပန်းမျိုးများမှာ ပန်းအခက် ၁၀၀ လျှင် ကျပ် ၁၆၀၀၀ ကျော် ဈေးပေါက်နေခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၈၀၀၀ အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

“ပန်းလုပ်ငန်းက ပြီးခဲ့တဲ့နှစ်ကအထိကို ဈေးကောင်းရခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရောင်းရပေမယ့် ဈေးကောင်း မရတဲ့ အတွက် တွက်ခြေမကိုက်ဘူး။ အရင်နှစ်တွေကဆိုရင် ဈေးကောင်းကောင်းနဲ့ ရောင်းခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ အခင်းရှင်တွေ ဈေးမရဘူး။ လက်လီသမားတွေပဲ ဈေးကောင်းရကြပါတယ်။”ဟု ပန်းစိုက်ပျိုးရေးလုပ်ကိုင် သူ ဦးကျော်စိန်ထွန်းက ပြောသည်။

လက်ရှိတွင် ယင်းပန်းမျိုးများမှာ အရောင်းအဝယ် လိုက်နေသော်လည်း ဈေးနှုန်းကျဆင်းနေခြင်းမှာ ပန်းစိုက်ပျိုး လုပ် ကိုင်သူ များပြားလာကာ ဒေသတွင်းဈေးကွက် တစ်ခုတည်းကိုသာ အဓိကထား ရပ်တည်နေကြရသည့် အတွက် ကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ဒေသမှာက ပန်းတွေနဲ့ အလှဆင်တာတို့ ဘာတို့မရှိဘူး။ ဘုရားပန်းကပ်ဖို့ တစ်ခုတည်းကိုပဲ သုံးကြတာ။ ပန်းစိုက်ပျိုးသူတွေလည်း များလာတော့ ရောင်းရတဲ့ ဈေးနှုန်းတွေလည်း ကျဆင်းလာတာပေါ့။ တခြားမြို့နယ်တွေကို တင်ပို့ဖို့အတွက်လည်း ဈေးကသိပ်မကွာဘူး။ ဒီပန်းမျိုးက လူကြိုက်များတော့ မြို့နယ်တိုင်းမှာ စိုက်ပျိုးသူတွေရှိနေပါ တယ်။ ဈေးကောင်းကောင်းမရလဲ လက်ရှိဈေးကွက်ကိုပဲ အားကိုးနေရတာပေါ့။”ဟု ဦးကျော်စိန်ထွန်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါပန်းမျိုးများမှာ ယခင်က ဈေးကောင်းရရှိ နေခဲ့သော်လည်း စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးသည့် အတွက်ကြောင့် ရှားပါးပန်းမျိုးအဖြစ် တစ်နေရာမှ တစ်နေရာသို့ တင်ပို့ရောင်းချ ခဲ့ကြရကာ နောက်ပိုင်းတွင် စီးပွားဖြစ် လုပ်ကိုင်သူ များပြား လာခဲ့သည့်အတွက် ဈေးနှုန်းများ လျော့ကျလာကာ တွက်ခြေမကိုက် ဖြစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – မင်းမျိုးနွယ်/ RiA

 

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency