ရခိုင်က မူးယစ်ဆေးဝါးကုန်သွယ်ရေးတွင် တပ်မတော် ပါဝင်နေသလား

By မင်းမင်း | Posted on May 2, 2017 | Also posted in Opinion | | Tagged , , |

1545 Views

Untitled-1

ကာလတန်ဖိုး ကျပ်သိန်းပေါင်း ကိုးထောင်နီးပါး တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေကို တပ်မတော်က အဆင့်မြင့် အရာရှိတစ်ဦးရဲ့ ယာဉ်ပေါ်ကနေ မေလ ၁ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိမှုအပါအဝင် လူသတ်မှု၊ ဓါးပြတိုက်မှုတွေနဲ့ ရခိုင်မြောက်ပိုင်းက အကြမ်းဖက်မှုတွေ အတော်များများကို အချိန်နှင့်တစ်ပြေးညီ နေပြည်တော် နိုင်ငံတော်တိုင်ပင်ခံ ပုဂ္ဂိုလ် ဝန်ကြီးရုံးက ထုတ်ပြန်နေတာဖြစ်ပေမယ့် ယခုကိစ္စမှာတော့ ၂၄ နာရီကျော်လာပေမယ့် သတင်း ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။

RiA က ရရှိထားတဲ့ သတင်းရင်းမြစ်တွေအရ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေထဲ မောင်တော အကြမ်းဖက်မှု နှိမ်နင်းရေး ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ခမရ(၅၆၄) က ဗိုလ်မှူး ရဲဇေယျာ၊ တပ်သား သိန်းနိုင် အပါအဝင် အရပ်သား ၂ ဦးတို့ပါဝင်ပြီး သူတို့ကို မေ ၁ ရက်နေ့ နေ့လည်က မောင်တော ၃ မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးအရေအတွက် ၄၄၀၀၀၀ နီးပါးရှိပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၈၈၀၀ ခန့် ရှိပါတယ်။

ယခုလို မောင်တောမြို့နယ်အတွင်းက မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွေထဲ တပ်မတော်အမှုထမ်းတွေ တိုက်ရိုက် ပါဝင် ပတ်သက်နေမှုဟာ ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ကလည်း မောင်တော ရဲကင်း စခန်း တစ်ခုကနေ စိတ်ကြွဆေးပြား ၃ သိန်းခန့်ကို ဖမ်းမိခဲ့ပါသေးတယ်။

ဒီအမှု နှစ်ခုစလုံးကို စစ်ဆေးမှုတွေပြုလုပ်မှုအပါအဝင် သတင်းရယူမှုတွေမှာလည်း ဘာတွေဘယ်လို ဆောင်ရွက် နေရသလဲဆိုတာ ယခုချိန်ထိ တိတိကျကျ ဖြေကြားနိုင်မှုတွေကို အာဏာပိုင်တွေဘက်က မပြုလုပ်နိုင်သေးပါဘူး။

ယခု လတ်တလော မောင်တောစစ်ဆင်ရေး ရှေ့တန်း ခမရ ၅၆၄ က ဗိုလ်မှူး ရဲဇေယျာနဲ့ တပ်သား သိန်းနိုင်တို့ကို အနောက်ပိုင်းတိုင်း စစ်ဌာနချူပ်ရဲ့ နုတ်မိန့်ညွှန်ကြားချက်အရ မိခင်တပ်ရင်းကို အပ်နှံထားပြီး ယာဉ်မောင်း သန်းထွန်းနိုင်နဲ့ အရပ်သား ဇော်ဦးတို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပြင်ဖြူ ရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့ RiA ရဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့တဲ့ မူးယစ်လမ်းကြောင်းမှာ အဓိက ပင်မလမ်းကြောတစ်ခု ဖြစ်လာခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အစီရင်ခံစာများအရရော၊ ပြည်နယ် ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမူးယစ်ဌာနတို့ကပါ သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဒီလိုကြီးမားတဲ့ မူးယစ်ကုန်သွယ်ရေးလမ်းကြောင်းမှာ နောက်ကွယ်က ဘယ်သူတွေ ပါဝင်နိုင်သလဲဆိုတာ တိတိကျကျ စွပ်စွဲဖို့ ခက်ခဲနေပေမယ့် ဖမ်းဆီးရရှိမှုတွေအရ တပ်မတော်ဘက်ကရော လက်နက်ကိုင် အဖွဲ့အစည်းတချို့ကပါ ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။

ပါဝင်နေကြောင်း ထင်ရှားစေတဲ့ သာဓကတွေကလည်း ရှိခဲ့ပါတယ်။

မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်အပိုင် နယ်မြေထဲ ရဲကင်းကနေ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က စိတ်ကြွဆေးပြား ၃ သိန်းခန့် ဖမ်းမိခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဘွီဗီ) ကနေ ဇူလိုင် ၂၉ ရက်နေ့က နောက်ဆက်တွဲ သတင်းတစ်ပုဒ် ရေးသားခဲ့မှုမှာ ယခုလို ဖော်ပြခဲ့ပါတယ်။

“ကျောက်ပန္တူ ကင်းစခန်းပေါ့ အဲဒီမှာ သူက ဖမ်းထားတာက ၃၊ ၄ ရက်လောက်ရှိပြီပြောတယ်။ ကျနော်တို့ ကြားတာကတော့ အဲဒါကို သူတို့က မူးယစ်ဆေးဝါး ၆ သိန်းလောက် ဖမ်းမိတယ်ပေါ့၊ ဖမ်းရတဲ့အချိန်မှာ ကယ်ရီ (သယ်သူ) သမားကို ၃ သိန်းလောက် ပေးလိုက်ပြီးတော့ သူတို့ ၃ သိန်းလောက် ယူထားလိုက်တယ်။ အဲဒါ ပိုင်ရှင်ကနေ ရဲမှူးကို ဖုန်းနဲ့ တိုင်လိုက်တယ်၊ အဲလိုပဲ ကျနော်တို့ သတင်းကြားပါတယ်။ အဲဒါ သူတို့အချင်းချင်း မညီကြလို့ အဲဒီလိုလည်း ပြောသံကြားတယ်။ သူတို့ထဲက သတင်းပေါက်ကြားပြီးတော့ အဲဒီလိုပုံစံမျိုးဖြစ်တယ်၊ နောက်ပိတ်ဆုံး ပိုင်ရှင်က ရဲမှူးကို ဖုန်းဆက်ပြီး ပြောလိုက်တယ်လို့ ပြောတယ်။ ခုနှစ်ယောက်ကိုတော့ ဖမ်းထားပြီးပြီ သူတို့ကိုလေ။” လို့ အဲဒီသတင်းမှာ ဒေသခံမြန်မာတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးပြီး ဖော်ပြခဲ့ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီးဌာနနှင့် ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့တိုက်ရိုက်ပတ်သက်နေကြောင်းလည်း ၂၀၁၆ ဇူလိုင် ၃၀ ရက်နေ့မှာ RiA က ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အရေအတွက်ဟာ ၂၀၁၀ ကနေ ၂၀၁၅ နှစ်ထိ အမှုပေါင်း ၁၉၁ မှုထက် မနည်း ရှိခဲ့သလို နှစ်စဉ် ၂ ဆခန့် မြင့်တက်လာနေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဖမ်းဆီးရရှိမှု အမှုပေါင်း ၄၁ မှုထက်မနည်း ရှိခဲ့ပါတယ်။ ဖမ်းဆီးရရှိမှုရဲ့ အမှုအရေအတွက်အရ လျော့နည်းလာခဲ့တာ ဖြစ်ပေမယ့် စိတ်ကြွဆေးအရေအတွက်နဲ့ ကာလတန်ဖိုးငွေ ပမာဏဟာ ၆ နှစ်တာ ကာလထက် ကျော်လွန်နေခဲ့တာပါ။

ရခိုင်ပြည်နယ်ဟာ မူးယစ်လမ်းကြောင်းရဲ့ ပင်မဒေသဖြစ်တယ်ဆိုတာ ၀န်ခံထားကြပေမယ့် တားဆီး နှိမ်နင်းဖို့အတွက် သက်ဆိုင်ရာတွေက တာဝန်ပေါ့လျော့မှုတချို့ ရှိနေကြောင်း ရဲမှူး ဦးစိန်လွင်က ဇူလိုင် ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“တားဆီးနှိမ်နင်းဖို့ သက်ဆိုင်ရာတွေက တာဝန်ပေါ့လျော့မှုတစ်ချို့ရှိနေကြောင်း” ရဲ့ စကားနောက်ကွယ်မှာ ဘာတွေ ရှိနိုင်သလဲဆိုတာ တိတိကျကျ အဖြေရှာဖို့ ခက်ခဲနေပေမယ့် ယခုလို ရခိုင်မြောက်ပိုင်းက မူးယစ်ဆေးဝါးတွေ အလုံးအရင်းဖမ်းဆီးမှုတွေထဲ တပ်မတော်သားတွေ ပါဝင်နေမှုကတော့ ဆက်စပ် စဉ်းစားစရာ တစ်ခုဖြစ်လာပါတယ်။

mm
မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Related Post

Comments

comments

Root Agency