ကျောက်သားမြို့တော်တွင် တည်းခိုရာမဲ့နေကြသူများ

By မင်းမျိုးနွယ် | Posted on May 5, 2017 | Also posted in Opinion | | Tagged , , |

690 Views

 
By နှင်းချိုလှိုင် (မြောက်ဦး) |
 

ရှေးနှစ်ပေါင်း ၁၀၀၀ ခန့်ကတည်းက တည်ဆောက်ခဲ့တဲ့ မြို့ပြ ဗိသုကာ အဆောက်အဦ၊ ကျောက်ဆစ် လက်ရာ၊ ပုထိုး၊ ကျောက်စာနှင့် ပင်မထီးနန်း၊ ယာယီနန်း၊ တောင်/မြောက် မြင့်မိုရ် နန်းနဲ့ ကျောင်း သင်္ခန်းတွေ အပြင် သူရဲပြေး၊ သူရဲခို၊ ကျူံး၊ ရင်းတား၊ ခံတပ် စတဲ့ မြို့တော်တစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့ ပြီးပြည့်စုံတဲ့ မြောက်ဦးမြို့တည်ရှိရာ ရခိုင်ပြည်နယ်ဟာ ကမ္ဘာ့လှည့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အများဆုံးဒေသတွေထဲက တစ်ခု အပါအ၀င်ပါ။

 
ဘုရင်မင်းဆက် ၄၈ ဆက်တိုင် စိုးစံခဲ့တဲ့ အချူပ်အခြာ အာဏာပိုင် နိုင်ငံတော်တစ်ခုရဲ့ မြို့လည်း ဖြစ်ပါတယ်။ မြို့ရဲ့ အမွေအနှစ်တွေကို ကျောက်သားတွေနဲ့ အခိုင်အမာ တည်ဆောက်ခဲ့တာကြောင့် နိုင်ငံခြား ခရီးသွားတွေရဲ့ “ကျောက်သားမြို့တော်” အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။
 
ရှေးခေတ်က “မြောက်ဦးမြို့တော်” မှာ နန်းတော် အမှုထမ်းတွေနဲ့ စစ်သေနာပတိများကသာ နေထိုင်ခဲ့ကြ ပါတယ်။ ထီးနန်းစိုးစံခဲ့ချိန်က လူနေရပ်ကွက်၊ အဆောက်အဦတွေကို တည်ဆောက်နေထိုင် ခွင့်မပြုခဲ့ကြောင်း မြောက်ဦးသမိုင်းမှတ်တမ်းများတွင် ရေးသားပါရှိပါတယ်။
 
ဒီကနေ့မှာတော့ လူနေအိမ် အဆောက်အဦနဲ့ ရပ်ကွက်တွေ များပြားစွာ တွေ့ရပါတယ်။ ခရစ်နှစ် ၁၇၈၄ မှာ နန်းမြို့တော် မြောက်ဦး စစ်ရှုံးခဲ့ပါတယ်။ နန်းတော် အမှုထမ်းများ မြောက်ဦးကို စွန့်ခဲ့ကြပြီး ကျန်ရစ်သူများဟာလည်းပဲ ကွပ်မျက်ခံခဲ့ရပါတယ်။
 
မြောက်ဦးမြို့ဟာ ဆိတ်သုဉ်းခဲ့ရပါတယ်။ ထီးနန်းမဲ့၊ တော်ဝင် ဆွေတော်မျိုးတော်များ မရှိတော့တဲ့ “စစ်ရှုံး – မြောက်ဦး” မှာ နေထိုင်ရဲသူများ မရှိခဲ့ပါ။
 
စစ်ပွဲလွန် အာရုဏ်ဦး ကာလတွေမှာ ရခိုင်လူမျိုးတို့ တစစ ပြန်လည် နေထိုင်လာခဲ့ကြပါတယ်။ ယဉ်ကျေးမှုမရှိ၊ ဥပဒေမရှိ၊ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်မှုများ မရှိတဲ့ စစ်ခေတ်ကြီးမှာ အဆင်ပြေသလို စုဝေးနေထိုင်ရာက ကျေးရွာ၊ ရပ်ကွက်သစ်တွေနဲ့အတူ စည်ပင်လာခဲ့ပါတယ်။
 
ဒါကြောင့် ယခင် “နန်းမြို့တော် မြောက်ဦး” မြို့တည် ဖွဲ့စည်းပုံများနဲ့ ယခု မြောက်ဦးမြို့ဖွဲ့စည်းပုံ သွင်ပြင်လက္ခဏာဟာ ကွဲပြားနေတာ ဖြစ်ပါတယ်။ ယနေ့ မြောက်ဦးရဲ့ မြို့တည်ဖွဲ့စည်းပုံဟာ ယခင် မြောက်ဦးနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်။
 
အသွင်ပြောင်းသွားတဲ့ “မြောက်ဦး” မှာ ယဉ်ကျေးမှုသစ်၊ အမွေအနှစ်သစ်တို့နှင့် နေထိုင်သူ များလည်း ရောယှက်လာကြပါတယ်။
 
ချူံနွယ်များအောက်က လူသူမပေါက်ရောက်တဲ့ တောတောင်တွေမှာ မြောက်ဦးရဲ့ အမွေအနှစ်တွေ ကျန်ရှိနေပါသေးတယ်။ ဒါတွေကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မတွေ့ရသေးပါဘူး။
 
ဒီလို ယဉ်ကျေးမှုသစ်၊ အမွေနှစ်သစ်တွေနဲ့ ရောပြွန်းနေတဲ့ မြောက်ဦးနန်းမြို့ကို ဒီကနေ့ နိုင်ငံခြား ခရီးသွားဧည့်သည် အများအပြားက လာရောက် လေ့လာမှုတွေ ပြုနေကြပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုခန့်မှာ ရခိုင်အမျိုးသားများရဲ့ ဗိသုကာလက်ရာများနှင့် သမိုင်းအမွေအနှစ်တွေကို စိတ်ဝင်စားခဲ့ကြပေမယ့် ယခုအချိန်မှာတော့ အလည်သက်သက် အဖြစ် ပြောင်းလဲစပြုခဲ့ပြီ ဖြစ်ကြောင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
 
မြောက်ဦးမှာ လေ့လာစရာတွေ လျော့နည်းသွားခြင်းကြောင့် ကမ္ဘာ့ စိတ်ဝင်စားမှု ကျဆင်းခဲ့ရခြင်းလို့ မယူဆပါ။
 
ဒီကနေ့ ကျော်ဇောနေတဲ့ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ မာရ်ငါးပါးနဲ့ ကိုးသောင်းက လွဲရင် ကမ္ဘာ့ရဲ့ စိတ်ဝင်စားမှုကို မြောက်ဦး ပိုင်ဆိုင်ခွင့် မရှိတော့တာဟာ သမိုင်းဝင်အမွေအနှစ်တွေ ရှိတဲ့နေရာဆီကို သွားလာရ ခက်ခဲနေလို့ပါ။
 
တိမ်ကောနေတဲ့ သမိုင်းဝင် အမွေအနှစ်တွေ လူသူအရောက်ပေါက်နည်းလွန်းတဲ့ တောတောင်နံရံ -မြေသားတွေမှာ အများအပြား ရှိနေပါတယ်။ ဒါတွေကို စိတ်ဝင်တစား လေ့လာနိုင်စေဖို့ လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်စွာ တည်ဆောက်ဖို့ လိုအပ်နေပါတယ်။
 
ဒီကနေ့ မြောက်ဦးမှာ လက်ဖက်ရည်ဆိုင်ကောင်းကောင်း မရှိ။ အအေးဆိုင် ကောင်းကောင်း မရှိ။ တည်းခိုခန်းကောင်းကောင်း မရှိ။ ဟိုတယ် ၄/၅ လုံးက လည်စင်းခံပေးနေရပါတယ်။
 
ဖုန်ထူထူလမ်းကလေးက မညီမညာ၊ သစ်ပင်ရိပ် ကင်းမဲ့ပြီး တမြို့လုံး နေပူကြဲကြဲထဲ သန့်ရှင်းသပ်ရပ်မှုကို မလိုလားတဲ့မြို့က စိတ်ဝင်စားသူတွေကို နှင်လွှတ်နေသလိုပါ။
 
မြို့ပတ်ချောင်းများက ပွင့်လင်းစ ရာသီဥတုနဲ့အတူ ရွံ့နံ့၊ ရေမြောင်းပုတ်နံတွေက လူနေရပ်ကွက်များထိတိုင် တိုးဝင်လျှက် မြို့တစ်ခုလုံးဟာ တောင်ကမူလေးတွေပေါ် ချူံနွယ်များဖုံးအုပ်လျှက် လူစိမ်း၊ ဧည့်သည်၊ နိုင်ငံခြားသားများ၊ မော်တော်ကားများ၊ သုံးဘီးများနှင့် မော်တော်ဘုတ်များက ဖုန်ထူထူနဲ့ အလှဆင်နေခြင်းဟာ မြောက်ဦးကို အကျည်းတန်စေပါတယ်။
 
နန်းမြို့တော် မြောက်ဦးရဲ့ အထွဋ်အမြတ် ဗိသုကာ နန်းတော်ရာကုန်းသည်ပင် ဆောင်းရာသီ တွင် မြက်ခြောက်၊ ခြုံတောများ၊ မစင် များနဲ့ စိတ်မချမ်းမြေ့စရာပါ။
 
အဆိုးရွားဆုံးက မြောက်ဦးကို ရောက်လာတဲ့ ဧည်သည့်တွေအတွက် တည်းခိုနေထိုင်စရာ မရှိခြင်း၊ လုံလောက်မှု မရှိခြင်းပါ။ ခရီးသွားတိုင်းမှာ ဟိုတယ်တွင် တည်းခိုဖို့က မလွယ်ပါ။ တချို့ ဈေးနှုန်းသက်သာတဲ့ တည်းခိုခန်းများဟာလည်း ၀င်ရောက်လာကြတဲ့ ဧည်သည့်နှင့် မျှတခြင်း မရှိသလို ၀န်ဆောင်မှု လုံးဝ မရှိတာကြောင့် ခရီးသွားများအတွက် စိတ်ပျက်စရာတွေ ဖြစ်နေရပါတယ်။
 
မြောက်ဦးတွင် တည်းခိုခန်းများ လိုအပ်နေပါတယ်။ ရခိုင်ပြည်နယ်က မြောက်ဦးကို လာရောက်တဲ့သူများပင် မြောက်ဦးတွင် တည်းခိုခြင်း မပြုနိုင်ဘဲ စစ်တွေနဲ့ တခြားမြို့များတွင် တည်းခိုကာ နေ့ချင်းပြန်နေရတဲ့ အခြေအနေပါ။ ဒီလို ကသုတ်ကရိုက် အဆင်မပြေမှုတွေက မြောက်ဦးရဲ့ ဖိတ်ခေါ်မှုတွေကို စိတ်ဝင်စားမှု လျော့နည်းလာခြင်းလို့ ယူဆရမှာ ဖြစ်ပါတယ်။
 
ဒါတွေရဲ့ အကြောင်းတရားကြီးက မြောက်ဦးကို UNESCO က အသိအမှတ်ပြုစေချင်တာက အစပြုတာပါ။ အသိအမှတ်ပြုခွင့် ရဖို့အတွက်လည်း အဆင့်ဆင့် ကြိုးစားနေကြတာကို တွေ့ရပါတယ်။
 
ဒီလိုနဲ့ မြောက်ဦးဟာ ရှေးယခင်မူအတိုင်းဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ အဆောက်ဦးသစ်များ ဆောက်လုပ်ခြင်း၊ အထပ်မြင့်တိုက်များ၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များကို ဆောက်လုပ်ခွင့်တွေ အားလုံးကို ရပ်ဆိုင်းပစ်လိုက်ကြပါတယ်။

 

ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဟာ တိုးတက်မှုကို ရပ်ဆိုင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခေတ်မီ ဆန်းသစ်မှုကို လက်မခံတဲ့ မြို့တစ်မြို့အဖြစ် မြောက်ဦးဟာ နေ့ချင်းညချင်း ဖြစ်ခဲ့ရပါတယ်။

 
တချို့ရပ်ကွက်တွေမှာဆိုရင် နေအိမ်တိုးချဲ့ ပြုပြင်ဆောက်လုပ်မှုတောင် မပြုရဲတော့ပါဘူး။ ဆောက်လက်စ တည်းခိုခန်း၊ ဟိုတယ်တချို့ ဒီတိုင်း ရပ်ထားရပါတယ်။
 
မြောက်ဦးမြို့ဟာ ရှေးဟောင်းလက်ရာတွေ ပိုင်ဆိုင်တဲ့မြို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာ စီးပွားရေး မရှိ၊ အခြေခံ ၀င်ငွေ ပံ့ပိုးနိုင်တဲ့ လုပ်ငန်းခွင်များ မရှိပါ။ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုပဲ ရှိပါတယ်။
 
တကယ်တော့ မြောက်ဦးအနေနဲ့ သူ ပိုင်ဆိုင်ပြီး ဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာက စိတ်ဝင်စားအောင် ပြုလုပ်သင့်တာပါ။ ကောင်းမွန်တဲ့ တည်းခိုခန်း၊ ဟိုတယ် အဆောက်အဦးများနဲ့ ခေတ်မီတဲ့ စားသောက်ဆိုင်ကြီးတွေ၊ လှပတဲ့ လမ်းမကြီးတွေ၊ သန့်ရှင်းသပ်ရပ်မှုရှိတဲ့ မြို့ရဲ့ လူနေရပ်ကွက်တွေကမှသာလျှင် မြောက်ဦးဟာ နိုင်ငံတကာ ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်မှာပါ။
 
ယခုတော့ အားလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရပ်ဆိုင်းဖို့ ကြိုးစားနေကြခြင်းဟာ “မြောက်ဦး” ကို အထီးကျန်စေခြင်းသို့သာ တွန်းပို့နေမှု ဖြစ်နေပါတယ်။
mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency