အပြစ်မဲ့ သေဆုံးမှုများနှင့် ရခိုင်ပြည်နယ်

By မင်းမင်း | Posted on May 6, 2017 | Also posted in Opinion | | Tagged , , , , , |

650 Views

_DSC002511

လက်နက်လုယူမှုကြောင့် ပစ်သတ်ခဲ့ရတာဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က စတင် အမှုဖွင့်ခဲ့တဲ့ ပေါက်တောမြို့နယ်က အရပ်သားတစ်ဦး သေဆုံးမှုဟာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

 

အငြင်းပွားဖွယ်ရာ သေဆုံးမှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေတွေက အမှုတွဲကို ဖြစ်စဉ်အတိုင်း တည်ဆောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပေမယ့် အထက်အမိန့်မရဘဲ အမှုကို ပြန်လည်ဖွင့်ခွင့်မရှိဘူးလို့ ပေါက်တော မြို့နယ်ရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်သန်းဌေးက ပြောပါတယ်။

“ အမှုပြန်ဖွင့်ဖို့ တင်ပြချက်ကို ကျနော်တို့ မြို့နယ်ကနေ ရဲတပ်ဖွဲ့ဌာနချူပ်ထိ အဆင့်ဆင့် တင်ပြထားပါတယ်။ အထက်က အမိန့်ညွှန်ကြားချက်တွေမရသေးပါဘူး။”

ဧပြီလ ၃ ရက်နေ့ညက ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်း၊ နတ်ရှင်ကျေးရွာမှာ နေထိုင်သူ ကိုမောင်ဖြူဒေါင်းရဲ့ နေအိမ်ကို ကျေးရွာအုပ်ချူပ်ရေးမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်တစ်ချို့က ရောက်လာခဲ့ပြီး လောင်းကစားမှုမှာ ပါဝင်သူ (မောင်ဖြူဒေါင်း၏ ယောက်ဖ) ဦးမောင်သန်းကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာကနေ ယခုလို အငြင်းပွားဖွယ်ရာ သေဆုံးမှု ပေါ်ပေါက်လာခဲ့တာပါ။

ကိုမောင်ဖြူဒေါင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး “လက်နက်လုယူမှုကြောင့် ကာကွယ်တဲ့အနေနဲ့ ပစ်မိခဲ့ခြင်းသာ” ဖြစ်တယ်လို့ ပေါက်တောမြို့နယ်ရဲစခန်းက အမှုဖြစ်စဉ်ကို တည်ဆောက်ခဲ့သလို မိသားစုဝင် အပါအဝင် အခင်းဖြစ်ပွားရာမှာ ရှိနေတဲ့ ကျေးရွာသားတွေက အပြစ်မဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ ငြင်းဆိုထားပြီး ပစ်မိန့်ပေးခဲ့သူ နတ်ရှင် ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသန်းမောင်နဲ့ ရဲတပ်သား ထွန်းလင်းကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။

ဧပြီ ၁၀ ရက်နေ့မှာတော့ ကျေးရွာသူ၊ ကျေးရွာသားတွေနဲ့ သေဆုံးသူ မိသားစုဝင်တွေက နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဗဟိုကို အသနားခံစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

အမှုအခြေအနေ တင်ပြချက်တွေ အပါအဝင် အမှုမှန်ပေါ်ပေါက်ရေး စိစစ်ပေးဖို့ တောင်းဆိုထားတဲ့ အဲဒီစာပေးပို့ခဲ့တာဟာ တစ်လခန့်ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ယခုအချိန်ထိ အမိန့်ညွှန်ကြားချက်တွေ ရောက်မလာသေးတာမို့ နေပြည်တော် ဝန်ကြီး ဌာနတွေကို မရောက်ဘဲ ဖျောက်ဖျက်ခံလိုက်ရသလားလို့တောင် မိသားစုဝင်တွေက သံသယရှိလာပါတယ်။

“ အမြန်ချောပို့နဲ့ စစ်တွေ စာတိုက်ကနေတဆင့် ပို့ခဲ့တာပါ။ တကယ်သာ စာရောက်ခဲ့မယ်ဆိုရင် တစ်ခုခုတော့ ထူးခြားရမှာပါ။ ကျနော် စိုးရိမ်တာက အဲဒီစာက လက်ထဲ တိုက်ရိုက်မရောက်ဘဲ အောက်ခြေမှာ ဖျောက်ဖျက် ခံလိုက်ရမှာကိုပါ။” လို့ သေဆုံးသူ ကိုမောင်ဖြူဒေါင်းရဲ့ ညီတော်စပ်သူ ကိုမောင်ဖြူချေက ပြောပါတယ်။

ယခုလို အငြင်းပွားဖွယ်ရာ သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုပြန်လည်ဖွင့်ခွင့် မရနိုင်သေးပေမယ့် ကိုမောင်ဖြူဒေါင်းကို ပစ်သတ်ခဲ့တဲ့ ရဲတပ်သား ထွန်းလင်းကိုတော့ အမှုဖြစ်ပြီး နောက်တစ်နေ့ မနက်မှာပဲ ရဲစည်းကမ်းဥပဒေများအရ ပေါက်တောမြို့မရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးလျက်ရှိတယ်လို့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းဌေးက ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ဒုတိယ သီတင်းပတ်အတွင်းကလည်း ကိုမောင်ဖြူဒေါင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့က စေလွှတ်တဲ့ စိစစ်ရေးအဖွဲ့တစ်ဖွဲ့က အခင်းဖြစ်ပွားရာကို လာရောက် စုံစမ်းစစ်ဆေးမှုတချို့ကို ပြုလုပ်ခဲ့သလို အထက်ကို တင်ပြထားပြီး အမိန့်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့လည်း ပေါက်တောမြို့နယ်ရဲစခန်းက သတင်း ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ မိသားစုဝင်တွေကတော့ ကိုမောင်ဖြူဒေါင်း အပြစ်မဲ့ သေဆုံးခဲ့ရမှုအပေါ်မှာ မျှတမှုကို လိုလားနေဆဲ ဖြစ်သလို အထက်အမိန့်တွေ မပါဘဲ ကျူးလွန်သူတွေကို တရားရုံးတင်စစ်ဆေးနိုင်ဖို့ ရှေ့နေတစ်ချို့နဲ့ တိုင်ပင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်သူမှ ပါဝင်ပတ်သက်လိုခြင်း မရှိကြဘူးလို့ မိသားစုဝင် ကိုမောင်ဖြူချေက ပြောပါတယ်။

“ ရှေ့နေတွေနဲ့ တိုင်ပင်တော့လည်း ရဲတပ်ဖွဲ့နဲ့ ပတ်သက်နေတာကြောင့် သူတို့အနေနဲ့ ပါဝင်လိုက်ပါလိုခြင်း မရှိတဲ့ သဘောပါ။ အမိန့်ညွှန်ကြားချက်ကိုပဲ စောင့်ဖို့ ပြောကြပါတယ်။”

တကယ်တော့ ကိုမောင်ဖြူဒေါင်းရဲ့ သေဆုံးမှုမှာ အမှုမှန်ပေါ်ပေါက်ဖို့ ခက်ခဲနေရုံတင်မကပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ ယခုလို အပြစ်မဲ့ ပြည်သူတွေ အငြင်းပွားဖွယ်ရာ သေဆုံးနေမှုတွေက ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက်ပိုင်း ပိုမိုမြင့်တက်လာတယ်လို့ ဆိုရမှာပါ။

အောက်တိုဘာ ၉  ရခိုင်နယ်စပ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်က နယ်မြေထိန်းသိမ်းရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပေမယ့် အဲဒီဒေသက အပြစ်မဲ့ ပြည်သူတွေ နေ့စဉ်နဲ့အမျှ အသတ်ခံနေရကြတာကို နေပြည်တော် နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးရုံးက သတင်းထုတ်ပြန်နေတာ တွေ့ရပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း မရှိသလို တားဆီး နိုင်ခြင်းလည်း မရှိသေးပါဘူး။

ဒါဟာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူတွေရဲ့ ဘဝလုံခြုံမှုအပေါ် အစိုးရက အကာအကွယ်ပြုလုပ်နိုင်ခြင်း မရှိဘူးလို့ ဆိုရမှာ ဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားများအခြေခံအခွင့်အရေး ရပိုင်ခွင့်တွေပါ ဆုံးရှုံးနေခြင်းလို့ ပြောရမှာပါ။

တကယ်တော့ ဒီလို အပြစ်မဲ့ ပြည်သူတွေ သေဆုံးနေရမှုအပေါ် နိုင်ငံတော်ရဲ့ တရားစီရင်ရေးမဏ္ဍိုင်က အထူး စိုးရိမ်သင့်ပြီး မျက်ကွယ်ပြုမထားသင့်ပါဘူး။ ကိုမောင်ဖြူဒေါင်း သေဆုံးမှုအပါအဝင် မောင်တောက အပြစ်မဲ့ ပြည်သူတွေ အသတ်ခံနေရမှုတွေအပေါ် ဘက်လိုက်မှု ကင်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ စေလွှတ်ပြီး အပြစ်ရှိသူတွေကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ရုံးတင်စစ်ဆေးအပြစ်ပေးဖို့ လိုအပ်နေပါတယ်။

mm
မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Related Post

Comments

comments

Root Agency