ပြန်ပေးမြေများမှာ တရားဝင်သိမ်းဆည်းထားခြင်း မဟုတ်သည့်အတွက် တရားဝင်စွန့်လွှတ်ပေးမည် မဟုတ်ကြောင်း သိရ

By မင်းမျိုးနွယ် | Posted on July 3, 2017 | Also posted in News, North Rakhine | | Tagged , , , , , , , |

292 Views

ရထားလမ်း ၁
စစ်တွေ၊ ဇူလိုင် ၃ ရက်။ စစ်တွေ-မင်းဘူး ရထားလမ်းဖောက်လုပ်မှုအတွက် သိမ်းဆည်းထားခဲ့သည့်မြေများမှာ တရားဝင်သိမ်းဆည်းထားခြင်းမဟုတ်သည့်အတွက် ပြန်လည်စွန့်လွှတ်ရာတွင်လည်း တရားဝင်စွန့်လွှတ်ပေးမည် မဟုတ်ကြေင်း သိရသည်။

၂၀၁၀ ခုနှစ်အတွင်းက စတင်ဖောက်လုပ်ခဲ့သည့် စစ်တွေ-အမ်းလမ်းပိုင်းတွင်းရှိ စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး လမ်းပိုင်းဖောက်လုပ်မှုတွင် ကျေးရွာအုပ်စု ၆၀ မှ မြေဧကပေါင်း ၁၂၄၅ ကိုသိမ်းဆည်းခဲ့ခြင်းဖြစ်ကာ ရှေးဟောင်းဇုန်များအတွင်းမှ မြေများအား ပြန်လည်စွန့်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ရထားလမ်းဖောက်လုပ်တာမှာပါသွားတဲ့မြေတချို့ကိုတော့ ပြန်ပြီးစွန့်လွှတ်ပေးတယ်လို့ ပြေပါတယ်။ ဒါပေမယ့် အဲဒီမြေတွေကို တရားဝင်သိမ်းဆည်းခဲ့တာ မဟုတ်တဲ့အတွက်ကြောင့် တရားဝင်စွန့်လွှတ်ပေးမှာ မဟုတ်ဘူးလို့ သိရတယ်ခင်ဗျား။”ဟု တောင်သူလယ်သများ ဥပဒေအထောက်အကူပြုကွန်ရက် စီမံကိန်းမန်နေဂျာ ဦးကျော်ထွီးကပြောသည်။

ယခုစွန့်လွှတ်ပေးလိုက်သည့် မြေများမှာ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်အတွင်းမှ မြေများဖြစ်ပြီး ဓညဝတီ မြို့တော်ရာဟောင်းမှ မြောက်ဦးမြို့နယ် လက္ကကျေးရွာအထိ လမ်းပိုင်းမြေနေရာနှင့် ထိပ်ဝပြင်မှ မောင်သာကုန်အထိ လမ်းပိုင်းမြေ နေရာများကို စွန့်လွှတ်ပေးခြင်း ဖြစ်သည်။

ရထားလမ်း

“အဲဒီနေ့က ကျွန်တော်တို့ကို အစည်းအဝေးမှာပြောတာက စွန့်လွှတ်တဲ့နေရာတွေက မြေပိုင်ရှင်တွေ ကိုယ့်မြေကို လုပ်ကိုင်လို့ရပြီ။ မြေပျက်သွားတာတွေကိုတော့ ပြန်ပြီးပြုပြင်ပေးမယ်။ ဒါပေမယ့် ပြုပြင်ဖို့အတွက် အစိုးရဆီကို တင်ပြထားတဲ့ ဆီရရင်ပြုပြင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဘယ်လောက်ကို စပြီးပြုပြင်မယ်လို့တော့ မပြောခဲ့ပါဘူး။”ဟု တောင်သူ ဦးသိန်းမောင်က ပြောသည်။

လက်ရှိတွင် တောင်သူများလက်ထဲမှ သိမ်းဆည်းရယူခဲ့သည့် လယ်မြေ၊ ယာမြေ၊ ဥယဉ်မြေနှင့် တခြားမြေများအား ပြန်လည်စွန့်လွှတ်ပေးခဲ့သော်လည်း ပေ ၅၀ အကျယ် ရေမြောင်းနှစ်ခုနှင့် ရထားလမ်းအတွက် ဖြေဖို့ထားခဲ့သည့် အကျယ်ပေ ၅၀ စုစုပေါင်း အနံပေ ၁၅၀ တို့အား မူလမြေအတိုင်ပြန်လည် ပြုပြင်ပေးမှသာလျှင် စိုက်ပျိုးလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း တောင်သူများကဆိုသည်။

မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency