လတ်တလော ရခိုင်ပြဿနာ ဖြေရှင်းရန် ဗုဒ္ဓဘာသာဝင် စစ်တွေလူထု စုဝေး

By Admin | Posted on August 6, 2017 | Also posted in Border, News, North Rakhine, Politics | | Tagged , , , , |

694 Views

INGOs and Buddhists

သြဂုတ်လ ၆ ရက်နေ့က စစ်တွေမြို့ အတုလမာရဇိန် ဘုရားကြီးတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေး (ဓာတ်ပုံ – မင်းသိန်း/RiA)

RiA

လူသားချင်းစာနာမှုဖြင့် အကူအညီပေးလုပ်ငန်းများ ဆောင်ရွက်နေကြသော နိုင်ငံတကာအဖွဲ့အစည်းအချို့အား ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာသွားစေရန် လူထုဆန္ဒဖော်ထုတ်ပွဲများနှင့် ကန့်ကွက်ရှုတ်ချမှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား ၃၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သော သြဂုတ် ၆ ရက်နေ့ စစ်တွေ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

သြဂုတ်လ ၃ ရက်နေ့က ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသား ၆ ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး ထိုသေဆုံးမှုများ၏ လက်သည် တရားခံအဖြစ် လက်နက်ကိုင် မူဆလင်သူပုန်တပ်ဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့မှ စွပ်စွဲထားသလို ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာရှိ အဆိုပါ လက်နက်ကိုင်များနှင့် ဆက်စပ်သော တရားခံ အချို့အား ဝင်ရောက် ဖမ်းဆီးရာတွင်လည်း ကျေးရွာသား ၆၀၀ ခန့်က အာဏာပိုင်များအား ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

ဤကဲ့သို့ တိုက်ခိုက်ခံရမှုများ၏ နောက်ကွယ်တွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း  ပြည်နယ်လွှတ်တော် ၂၂ နေရာ အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ ANP က သြဂုတ်လ ၄ ရက်နေ့တွင် သဘောထားကြေညာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခကာလများအတွင်းက အရေးပေါ်ဖွဲ့စည်းခဲ့သည့် “စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များအဖွဲ့” က သြဂုတ်လ ၆ ရက်နေ့တွင် အရေးပေါ် လူထုအစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပြီး “ ပြည်သူ့စစ်ဖွဲ့စည်းရေး၊ နိုင်ငံတကာအဖွဲ့အစည်းအချို့၏ အကူအညီပေး လုပ်ငန်းများ ရပ်ဆိုင်းရန်နှင့်  ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် နိုင်ငံသားစိစစ်မှုလုပ်ငန်းများ အမြန်ဆောင်ရွက်ရန်” စသည့် အချက်သုံးချက်ကို တောင်းဆိုနိုင်ရန် လူထုဆန္ဒဖော်ထုတ်မှုများ အရှိန်အဟုန်မြင့် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

“ နိုင်ငံတကာက လာပြီးတော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် ဦးဇင်းတို့ ရခိုင်ဒေသမှာ ဒုက္ခသည်တွေကို ကူညီပါတယ်။ စောင့်ရှောက်ပါတယ်။ ဒါပေမဲ့ တစ်ဖက်သက်အနေထားဖြင့် ပေးပြီးတော့ ပဋိပက္ခတွေကိုလည်း ကာလရှည်ကြာအောင် ဒီလို ပံ့ပိုးပေးနေတဲ့ သဘောဖြစ်တာကြောင့် ရခိုင်ဒေသမှာ ဒီအဖွဲ့အစည်းတွေ မရှိလို့ရှိရင် ဒီပြဿနာဟာ အေးချမ်းသွား မယ်လို့ မြင်တဲ့အတွက်ကြောင့် INGO နှင့် NGO အဖွဲ့စည်းကို ဆက်ပြီးတော့မထားရှိဖို့ ဦးဇင်းတို့က တောင်းဆိုသွားမှာပါ။” ဟု စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအသင်း ဦးဆောင်နာယက ဆရာတော် ဦးဓမ္မိကက မိန့်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က စတင်ခဲ့သော လူ့အသိုက်အဝန်းနှစ်ခုကြား ပဋိပက္ခများ၏ နောက်ကွယ်တွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများမှ သံသယရှိခဲ့ပြီး အဆိုပါအဖွဲ့များအား ပြည်နယ်အတွင်းမှ ထွက်ခွာရန် တောင်းဆိုမှုများသည် ထိုအချိန်မှ စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ တောင်းဆိုမှုများ မြင့်တက်လာသည်နှင့်အတူ ၂၀၁၄ ခုနှစ် မတ်လ ၂၆-၂၇ ရက်နေ့ ညသန်းခေါင်ယံများတွင် စစ်တွေမြို့ရှိ ကုလသမဂ္ဂ UN ရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း သုံးဒါဇင်ခန့်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ စီးနင်းဖျက်ဆီးမှုကို ခံခဲ့ကြရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်မြောက်ပိုင်း မောင်တောနယ်စပ်အခြေစိုက် နယ်ခြားစောင့် ရဲစခန်းများအား လက်နက်ကိုင် မူဆလင်များက စီးနင်း တိုက်ခိုက်ခဲ့ပြီး ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးမှာ တကျော့ပြန် စိုးရိမ်လာရသည့် အခြေအနေ ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃ (ခ) ပါအတိုင်း နိုင်ငံတော်သမ္မတက စစ်အုပ်ချူပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ပေးနိုင်ရန် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ပါဝင်သော နိုင်ငံရေးပါတီ ၁၄ ခုက “ဇူလိုင်လ ၆ ရက်နေ့တွင်တစ် တစ်ကြိမ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် တစ်ကြိမ်” စုစုပေါင်း နှစ်ကြိမ် တိတိ တောင်းဆိုထားပြီး ဖြစ်သည်။

Related Post

Comments

comments

Root Agency