စစ်တွေမှာ H1N1 တွေ့ရှိ

By Admin | Posted on August 12, 2017 | Also posted in News, North Rakhine, Society | | Tagged , |

665 Views

_DSC0454_RiA

အောင်အောင်ထူး/RiA

စစ်တွေ၊ သြဂုတ်လ ၁၂ ရက်။ ရာသီတုပ်ကွေး H1N1 (Influenza A) ရောဂါပိုးရှိသော လူနာတစ်ဦးအား စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ပြောသည်။

“ ဒီကလေးက ဘယ်မှလည်းမသွားပါဘူး။ ဘယ်မှမသွားပဲနဲ့ ရောဂါဖြစ်လာတယ်။ ဒီရောဂါဖြစ် တယ်ဆိုတာက ရာသီ တုပ်ကွေး ကူးစက်ခံရတာပါပဲ။ ကူးစက်ခံရတယ်ဆိုတာနဲ့ သူ့ကို ကူးမယ့် လူက ရှိပြီးသား။ ဒီရက်ပိုင်း အတွင်းမှာပဲ ကူးတာ။ ရောဂါကူးစက်ခံရပြီး ၃၊ ၄ ရက် လောက်အကြာမှာ ဖြစ်တတ်ပါတယ်။ ကလေးဖြစ်တာကလည်း ပါတာပေါ့။ ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း ဖွံ့ဖြိုးခါစပဲရှိသေးတယ်။ အဲဒီလို မရင့်သေးတဲ့အခါ ကိုယ်ခံ အားကလည်း နည်းတယ်လေ။” ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောသည်။

စစ်တွေပြည်သူ့ဆေးရုံသည် ကုတင် ၅၀၀ ဆံ ဆေးရုံဖြစ်သလို ရခိုင်ပြည်နယ်တစ်ခုလုံး၏ မရှိမဖြစ် အားထားရသော အဆင့်မြင့် ဆေးရုံတစ်ခုလည်း ဖြစ်သည်။

အဆိုပါ ဆေးရုံကြီးတွင် ဇူလိုင် ၂၈ ရက်နေ့မှ စတင်ကာ ရာသီတုပ်ကွေးရောဂါ လူနာ ၁၂၄ ဦးရှိခဲ့ပြီး ယင်း အနက်မှ ၁၀၀ ဦးတို့မှာ သာမန် နှာရည်ယို၊ ချောင်းဆိုးခြင်း လက္ခဏာသာဖြစ်၍ သောက်ဆေးအဆင့်ပေးခဲ့ပြီး ကျန် ၄ ဦးတို့မှာ ပြင်းထန် လူနာဖြစ်၍ ဆေးရုံသို့ တက်ရောက်ကုသမှုခံယူလျက်ရှိခဲ့ရာမှာ တစ်ဦးကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ H1N1 ရောဂါပိုး စတင်တွေ့ရှိမှုနှင့် ပတ်သက်ပြီး ယနေ့ သြဂုတ် ၁၂ ရက်နေ့တွင် ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးမှူးမှ စစ်တွေမြို့ရှိ သတင်းမီဒီယာများကို ခေါ်ယူကာ တရားဝင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ H1N1 ရောဂါပိုးတွေ့ရှိသည့် လူနာမှာ အသက် ၁၁ လ ခန့်အရွယ်သာ ရှိသေးပြီး စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

ယခုအခါ အဆိုပါ ကလေးငယ်အား ဆေးရုံတွင် သီးခြားထားရှိထားပြီး၊ ၎င်း ကလေးမှတဆင့် တခြားသော ကလေးများထံ မကူးစက်စေ အဆင့်ဆင်ကာကွယ်မှုများပြုလုပ်ထားပြီး ပြည်သူ့ကျန်းမာရေးဌာန၏ တာဝန်ရှိသူများမှ ခွင့်ပြုချက်မရှိဘဲ သွားရောက်တွေ့ဆုံ မေးမြန်းမှုများ မပြုလုပ်ရန်လည်း ဒေါက်တာ ကြည်လွင်က ပြောသည်။

စစ်တွေမြို့တွင် H1N1 စတင် တွေ့ရှိပြီးနောက် ၎င်း ကလေးငယ် နေထိုင်ခဲ့သော ကျေးရွာ ဗျိုင်းဖြူရွာအနီးပတ်ဝန်းကျင်အား ကျန်းမာရေးဌာနမှ သွားရောက် ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် လက်ရှိအချိန်ထိမြန်မာနိုင်ငံတွင် သေဆုံးသူ ၁၄ ဦးအနည်းဆုံးရှိပြီး ရောဂါပိုးရှိ သူ လူရာဂဏန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဌာနေကိုယ်စားလှယ် ဒေါက်တာစတီးဖင်ပေါလ်ဂျိုး၏ ပြော ကြားချက်အရ သိရသည်။

ဓာတ်ပုံ – စစ်တွေပြည်သူ့ဆေးရုံ (မင်းသိန်း/RiA)

Related Post

Comments

comments

Root Agency