အစဉ်အလာကြီးမားသည့် တော်လှန်ရေးအင်အားစု တရပ် ကန်ထုတ်ခံရခြင်း

By Admin | Posted on August 23, 2017 | Also posted in Border, North Rakhine, Opinion, Politics | | Tagged , , , , |

527 Views

Feature Image11

သတင်းသုံးသပ်ချက်

နေသော် ၊ သြဂုတ် ၂၃ ရက်။

ရခိုင်နယ်စပ် ပလက်ဝအထက်နှင့် ချင်းပြည်နယ်၊ အိန္ဒိယနယ်စပ်ကြားတစ်နေရာမှာ ရခိုင်လက်နက်ကိုင်တပ် (၂) ခု သြဂုတ်လ ၂၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP/ALA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်ရင်းသားလက်နက်ကိုင် တပ်တစ်ခုဖြစ်တဲ့ ရခိုင့်တပ်မတော် AA တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲလို့လည်း ALP ဘက်က အတည်ပြုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာဒေသဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဌာနချူပ်စခန်း အခြေစိုက်ရာ တည်နေရာ ဖြစ်သလို တိုက်ပွဲအတွင်း ALP ရဲဘော်တစ်ဦး ကျဆုံးပြီး နှစ်ဦးပျောက်ဆုံး၊ သုံးဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ALP ထိပ်သီး ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

သူရဲ့ ပြောကြားချက်အရ – ရခိုင့်တပ်မတော် AA ဘက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်သလို တိုက်ပွဲအတွင်း လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်ခံခဲ့ရတာကြောင့် ALP ရဲ့ ဌာနချူပ်စခန်း ကျသွားတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင့်တပ်မတော် AA ဘက်က သတင်းထုတ်ပြန်တာ တစုံတရာ မရှိသေးပေမယ့် AA အကြီးအကဲ ဗိုလ်မှူး ထွန်းမြတ်နိုင်နဲ့ ညီအကိုအရင်းတော်စပ်သူ ဦးထွန်းမင်းနိုင်အပါအဝင် AA ထိပ်သီးများနဲ့ အလွန်နီးစပ် သူတွေကတော့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားတုံ့ပြန်မှုတွေ ရှိပါတယ်။

သူတို့ရဲ့ ရေးသားချက်တွေထဲမှာ “ALP ဟာ အဆိုပါ ဒေသတွေမှာ ဆက်ကြေးကောက်ယူတာတွေ အတင်းလုပ်သလို AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း အစိုးရကို သတင်းပေးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မလွဲရှောင်သာလို့ တိုက်ပွဲဖြစ်ခဲ့ရတာ” လို့ ဆိုလိုချင်တဲ့သဘောတွေ တွေ့ရပါတယ်။

အဆိုပါ ရခိုင်လက်နက်ကိုင်တပ် ၂ ခုကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ရခိုင်အရေးစိတ်ဝင်စား သူတွေကြား ဝေဖန်မှုတွေ မြင့်တက်နေသလို ထောက်ခံသူတွေကြားမှာလည်း အပြန်အလှန် အငြင်းပွားမှုတွေ ရှိနေပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် တပ်မတော်က တပ်မ (၂) ခုကို ရခိုင်နယ်စပ် တကြော လုံခြုံရေးတင်းကြပ်ထားပြီး မူဆလင်လက်နက်ကိုင်တွေကို စီးနင်းရှာဖွေ ပိတ်ဆို့မှုတွေ လုပ်နေရပါတယ်။

ယခုလို အထူးတိုက်ခိုက်ရေးတပ်မတွေ ရခိုင်နယ်စပ်မှာ လှုပ်ရှားမှုတွေ ရှိနေတာကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA ရဲ့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယခင်ကထက် သိုသိပ်စွာ လှုပ်ရှားနေရသလို ထိတွေ့မှုဖြစ်မှာကိုလည်း ရခိုင်လူထုက စိုးရိမ် နေကြတာ တွေ့ရပါတယ်။

တကယ်တော့ ရခိုင့်တပ်မတော် AA အနေနဲ့ ၂၀၁၅ ဧပြီလလောက်ကတည်းကနေ ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်နိုင်ရေး စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိခဲ့ပြီး အစိုးရတပ်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ AA ဟာ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်နိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် AA အနေနဲ့ အခြေစိုက် စခန်းမရှိသေးဘူးလို့လည်း နယ်စပ်ကလာတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ အဆိုပါ ALP နဲ့ AA ကြား ထိတွေ့မှု အနည်းငယ် ရှိခဲ့သလို စစ်ရေးတင်းမာမှုတွေကလည်း ရှိလာခဲ့ပါတယ်။

အဲဒီနောက်မှာ ရခိုင်နယ်စပ်ကလာတဲ့ စစ်ရေး သတင်းရင်းမြစ်တွေအရ AA အနေနဲ့ အခြေစိုက် စခန်းမရှိသေးသလို ALP ရဲ့ ဌာနချူပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံစည်နေတယ်လို့ ကြားသိလာရပြီး လအနည်းငယ်အတွင်းမှာ ခုလို ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာခဲ့တာလို့ ဆိုရမှာပါ။

ဒါဟာ အစဉ်အလာကြီးမာတဲ့ သမိုင်းဝင် ရခိုင်တော်လှန်ရေးအင်အားစုတစ်ရပ်ကို ကန်ထုတ်လိုတဲ့ သဘောလို့ ကနဦး ယူဆရမှာဖြစ်ပါတယ်။

Related Post

Comments

comments

Root Agency