ဒုက္ခသည်မူဆလင်များကို ပြန်လည်နေရာချပေးမည့်ကိစ္စ လွှတ်တော်တွင် ကန့်ကွက်မည်

By Admin | Posted on October 3, 2017 | Also posted in Border, News, North Rakhine | | Tagged , , , , , |

1111 Views

ရိုက်တာ

နောင်နောင်/RiA

စစ်တွေ၊ အောက်တိုဘာ ၃ ရက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသော မူဆလင်များအား ပြန်လည်နေရာ ချထားမည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် ကန့်ကွက် အဆိုတင်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဝင် ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ အနောက်ဖက် နယ်စပ်ဒေသက လေ့လာတွေ့ရှိသလောက် သူတို့ဟာ (သူတို့ဆိုသည်မှာ – ရခိုင် တိုင်းရင်းသားများကို ရည်ညွှန်း လိုခြင်းဖြစ်သည်) မူဆလင်တွေနဲ့ လုံးဝ အတူမနေနိုင်ဘူး။ ဆိုတော့ ပြည်သူတွေရဲ့  အသံဟာ ကျွန်မတို့ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်တွေ အသံဖြစ်ပါတယ်။ဒါကြောင့် အတူတကွ ပူးပေါင်းကန့်ကွက်သွားမယ်။” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အောက်တိုဘာလ ၃ ရက်နေ့တွင် RiA သို့ ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်မြောက်ပိုင်းတွင် နယ်ခြားစောင့်ရဲကင်းစခန်းပေါင်း ၃၀ ကျော်ကို မူဆလင် လက်နက်ကိုင်တပ် (ARSA) က စီးနင်းတိုက်ခိုက်ခဲ့ပြီး ယင်းအား တပ်မတော်မှ နယ်မြေရှင်းလင်းရေး တုံ့ပြန် ဆောင်ရွက်နေစဉ် ကာလအတွင်း မူဆလင် ၅ သိန်းခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဒုက္ခသည်မူဆလင်များနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတစ်ရပ်တွင် “၁၉၉၃ ဥပဒေနှင့် စိစစ်ပြီးမှသာလျှင် မြန်မာနိုင်ငံမှ ပြန်လည် လက်ခံမည်” ဟု ထည့်သွင်းပြောကြားခဲ့ရာ ပြန်လည်နေရာချ ထားရေး အစီစဉ်အပေါ်ရခိုင်တိုင်းရင်းသားများဘက်မှ ယခုလို သဘောထား မှတ်ချက်ပြုလာကြခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂ ရက်နေ့က မောင်တောမြို့နယ်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် ပြန်လည်ထူထောင်ရေး အဖွဲ့နှင့် ဒေသနေ ရခိုင်တိုင်းရင်းသားများ ပါဝင်သော လူထုအစည်းအဝေးတွင်လည်း ဒုက္ခသည်မူဆလင်များ ပြန်လည်နေရာချထားရေး ကိစ္စအပေါ် တိုင်းရင်းသားများ၏ သဘောထားအတိုင်း ကန့်ကွက်မှုများ ပြုလုပ်မည်ဟု သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ပြောကြားခဲ့သည်။

အဲလ်ဂျာဇီးရား သတင်းဌာန၏ ယခုသီတင်းပတ် တနင်္လာနေ့က လွှင့်တင်ခဲ့သော သတင်းတစ်ပုဒ်တွင်မူ “ မြန်မာနိုင်ငံအနေနှင့် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဒုက္ခသည် ၅ သိန်းကို ပြန်လည်လက်ခံရန် သဘောတူညီထားပြီး ဖြစ်ကြောင်း” ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ၏ ပြောကြားချက်ကို ကိုးကား၍ ရေးသားထားသည်ကို တွေ့ရသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးအား ရပ်နားထားပြီး အောက်တိုဘာလ ၁၇ ရက် (အင်္ဂါနေ့) တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဌမအကြိမ် ပုံမှန်အစည်းအဝေးကို စတင် ကျင်းပမည်ဟု ကြေညာထားသည်။

သတင်းဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သြဂုတ် ၂၅ နောက်ပိုင်း ရောက်ရှိလာသည့် ဒုက္ခသည်များ (ရိုက်တာ)

Related Post

Comments

comments

Root Agency