ရခိုင်နယ်မြေပြန်လည်ထူထောင်ရေး ဒေါက်တာအေးချမ်းအဖွဲ့ မောင်တောကို လာရောက်

By Admin | Posted on October 4, 2017 | Also posted in News, North Rakhine | | Tagged , , , |

186 Views

Rakhine Myo Chits1

နောင်နောင်/RiA

မောင်တော၊ အောက်တိုဘာ ၄ ရက်။ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် ရခိုင်မြောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသား နယ်မြေများ ပြန်လည်ထူထောင်နိုင်ရေးအတွက် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း ဦးဆောင်သည့် အဖွဲ့က ၂ ရက်ကြာ လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ခဲ့သော အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ လိုလားချက်များကို မေးမြန်းခဲ့သလို ဝိုင်းဝန်းအကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်းလည်း ကတိပေးပြောကြားမှုများ ရှိခဲ့သည်။

“ဒေသခံတွေအတွက် လုံခြုံရေးကို ကိုယ့်ဘက်က ဘယ်လိုစွမ်းဆောင်ပြီး လုပ်ပေးနိုင်မလဲ ဆိုတာတွေကို စဉ်စားရပါမယ်။  ဒါကြောင့် ကျွန်တော်တို့ လိုအပ်လာလျှင် အစိုးရနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီစဉ်တွေရှိပါတယ်။” အနောက်ဘက် နယ်စပ်ဒေသ ရခိုင်နယ်မြေပြန်လည်ထူထောင်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဒေါက်တာအေးချမ်းက RiA သို့ ပြောသည်။

ခရီးစဉ်တွင် ပါဝင်သော ရခိုင်အမျိုးသားပါတီဝင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒုက္ခသည် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တို့ကို မူလနေရပ်များသို့ ပြန်လည်ခေါ်ယူနိုင်ရေးနှင့် လုံခြုံစွာ အခြေချနေထိုင်နိုင်ရေးတို့ကို ပါဝင် ဆောင်ရွက်မည်ဟု အဆိုပါခရီးစဉ်အတွင်း ဒေသနေပြည်သူလူထုများကို ပြောကြားခဲ့သည်။

“ ကျွန်မတို့တွေ့ဆုံခဲ့ရတဲ့ ဒေသခံတွေအားလုံးရဲ့ တောင်းဆိုချက်က မူဆလင်ကျေးရွာတွေနဲ့ အနီးကပ်နေဖို့ မဖြစ်နိုင်ဘူး ဆိုတာကိုပဲ ကျွန်မတို့ ကြားခဲ့ရတယ်။ နောက်ပြီး ဒုက္ခသည် ဟိန္ဒူတွေနဲ့လည်းတွေ့ခဲ့တယ်။ သူတို့ကလဲ ဒီအတိုင်းပဲ တောင်းဆိုကြတယ်။ သူတို့တွေ ကိုယ့်နယ်မြေမှာ ဘေးကင်းစွာနေထိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်သွားမှာပါ။ ရခိုင်တမျိုးသားလုံးလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာပါ။” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် မူဆလင်များ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်နေရသည့် ဒုက္ခသည်များ၏ အခက်အခဲကို ဖြေရှင်းနိုင်ရေးမှာ “ရခိုင်တိုင်းရင်းသားနယ်မြေ” လိုအပ်သည်ဟု အဆိုပါအဖွဲ့က ယုံကြည်နေသည်။

ထိုအဖွဲ့ကို သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ဥက္ကဌအဖြစ် ဦးဆောင်နေခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ပါတီဝင်အချို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပြီး ခရီးစဉ်တွင် အဖွဲ့ဝင် ၁၂ ဦး လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။

Related Post

Comments

comments

Root Agency