ပိုက်လိုင်းစီမံကိန်းက ပျက်စီးလယ်ပိုင်ရှင်တွေ လျော်ကြေးလက်ခံ

By Admin | Posted on October 7, 2017 | Also posted in News, South Rakhine | | Tagged , , , |

94 Views

အောင်အောင်ထူး/RiA

စစ်တွေ၊ အောက်တိုဘာ ၇ ရက်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရခိုင် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွင်း ကျောက်ဖြူမြို့နယ်မှ ပျက်စီး ဆုံးရှုံးလယ်မြေများအတွက် လျော်ကြေးများကို ကုမ္ပဏီမှ အပြီးတိုင် ပေးအပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ကျောက်ဖြူမြို့နယ်ရှိ လိပ်ခမော်အုပ်စုနှင့် မလကျွန်းအုပ်စုအတွင်းရှိ ဒေသခံများ လုပ်ကိုင်စားသောက်နေကြသည့် လယ်မြေ ၂၈ ဧကမှာ ၂၀၁၁ ခုနှစ်က CNPC ကုမ္ပဏီ၏ ဓာတ်ငွေ့သိုလှောင်ရုံနှင့် တွန်းစက်များ တည်ဆောက်နိုင်ရန် အနီးရှိ တောင်ကုန်းများအား တူးဖြိုမှုကြောင့် မြေများဖုံးလွှမ်းပြီး စိုက်ပျိုးမရနိုင်လောက်အောင် ပျက်စီးခဲ့ရသည်။

ပျက်စီးမြေများ၏ သီးနှံလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲနှုန်းထားဖြင့် ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်မှ (၂၀၁၄) ခုနှစ်ထိ ကုမ္ပဏီမှ ဆက်တိုက်လျော်ကြေးပေးခဲ့ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် လျော်ကြေးမရရှိတော့ဘဲ အပြီးသတ် ငွေချေရန် ကုမ္ပဏီဘက်မှ ကမ်းလှမ်းလာခဲ့သလို လယ်သမားများဘက်မှလည်း ငွေကြေးလက်မခံဘဲ မြေများကိုသာ ပြန်လည် ကောင်းမွန်ရန် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြသည်။

လယ်သမားများအနေနှင့် ဆန္ဒပြတောင်းဆိုမှုများအား အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ထူးခြားမှု ရှိမလာသဖြင့် ကုမ္ပဏီဘက်မှ ကမ်းလှမ်းသည့်အတိုင်း လက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

လျော်ကြေးရရှိရန် ကျန်ရှိနေသည့် လယ်သမား ၁၉ ဦးထဲမှ ဒေါ်ကြည်ကြည်နှင်းက “ ငွေကမလုံလောက်တော့ ခု ပျက်စီးသွားတဲ့ လယ်တွေကို ပြန်လုပ်ဖို့ဆိုတာမလွယ်ကူဘူး။ ပျက်စီးသွားတာက အများကြီး။ ဆန္ဒပြတောင်းဆိုတာလည်း မနည်းတော့ဘူး။ ဒါပေမဲ့ လိုက်လျောမှုမှမရှိတာ။ လုပ်ကိုင်ဖို့အတွက်ကလည်း လယ်သမားတွေ အခက်အခဲဖြစ်လာတယ်။ ပြီးတော့ စောင့်ရတာကလည်း မနည်းတော့ဘူး။ ဒါကြောင့် လက်ခံလိုက်တာ။”ဟု အောက်တိုဘာလ ၇ ရက်နေ့က RiA သို့ ပြောသည်။

ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ရွှံ့ဖုံးကာ ပျက်စီးသွားသည့် မြေယာများအတွက် China National Petroleum Corporation (CNPC) ကုမ္ပဏီမှ လျော်ကြေးငွေများ စတင်ပေးအပ်သည့်အချိန်တွင် ကုမ္ပဏီမှပေးသည့်အတိုင်း လယ် သမား ၄၆ ဦးက လက်ခံရယူခဲ့ပြီး ယခု လျော်ကြေးငွေ လက်ခံသူ လယ်သမား (၁၉) ဦးမှာ လျော်ကြေးငွေ လုံလောက် မှုမရှိသဖြင့် လုံလုံလောက်လောက်ပေးရန် တောင်းဆိုခဲ့ကြသူများလည်း ဖြစ်သည်။

သူတို့ကို အောက်တိုဘာလ ပထမသီတင်းပတ်အတွင်း ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချူပ်ရေးရုံးတွင် လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၁၉ ဦးတွင် ၁၇ ဦးကို လက်ခံပြီး ဖြစ်သလို ကျန် ၂ ဦးမှာ စာရင်းအနည်းငယ် ကွာဟမှုရှိ၍ စိစစ်နေဆဲ ဖြစ်သည်။

“ အရင်ကနည်းတယ်ဆိုပြီး မယူဘူး။ အခုယူသွားကြပြီ။ လယ်တစ်ဧကကို ဘယ်လောက်။ အဲဒီလိုတော့မဟုတ်ဘူး။ အဲဒီ လယ်မှာ စိုက်ပျိုးတဲ့ဟာအပေါ် မူတည်ပြီးပေးတာပါ။ သီးပင်စားပင်စိုက်ထားတဲ့ဟာနဲ့ လွှင့်ပစ်ထားတဲ့ဟာနဲ့ ဘယ်တူမလဲ” ဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

Related Post

Comments

comments

Root Agency