စစ်တွေက ICRC ကယ်ဆယ်ရေးပစ္စည်းများပါ ဘုတ်ကို လူစုလူဝေးဖြင့် တားဆီးဟန့်တားမှုတွင် ပါဝင်သူများအား ရုံးထုတ်စစ်ဆေးမည်

By Admin | Posted on October 10, 2017 | Also posted in News, North Rakhine | | Tagged , , , |

117 Views

ICRC Boat in Sittwe

အောင်အောင်ထူး/RiA

စစ်တွေ၊ အောက်တိုဘာ ၁၀ ရက်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ၏ ကယ်ဆယ်ရေး ပစ္စည်းများပါ ဘုတ်အား တားဆီးနှောင့်ယှက်ခဲ့မှုတွင် ပါဝင်သူများကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။

“ ရုံးထုတ်မှာက ၁၀ ယောက်ပါ။ စစ်တွေမြို့ ဆတ်ရိုးကျရယ်၊ စက်ရုံစုရယ်၊ မင်းဒရားရှစ်ရယ် အဲဒီ ရပ်ကွက်တွေကပေါ့။ အလုပ်ကတော့ ပန်းရံနဲ့ ကျပန်းလုပ်သူတွေပါ။ အရက်မူးပြီး လာကြတာလည်းပါတယ်။” ဟု စစ်တွေမြို့အမှတ် (၂) ရဲစခန်းမှ ရဲအုပ်ကျော်မိုးက ပြောသည်။

ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒုက္ခသည်များသို့ ပေးပို့မည့် ကယ်ဆယ်ရေးပစ္စည်းများအား ရွေ့ပြောင်းနေစဉ် စစ်တွေ လူစုလူဝေးက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဆတ်ရိုးကျဆိပ်ကမ်း၌ တားဆီး ဟန့်တားခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လူအုပ်မှ ၉ ဦးအား အခင်းဖြစ်သည့်ညတွင်ပင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ရုံးတင် စစ်ဆေးမှုများပြုလုပ်နိုင်ရန် စစ်တွေမြို့နယ် တရားရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ထုတ်ဖော်ပြောကြားချက်အရ အမှုတွင်ပါဝင်သူ နောက်ထပ် ၃ ဦးကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ယင်းထဲမှ ၁ ဦးကိုသာ ဖမ်းမိခဲ့ကာ ကျန် ၂ ဦးမှ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ရုံးတင်စစ်ဆေးခံရန် ၁၀ ဦး ဖြစ်လာသည်။

၎င်းတို့အား အမိန့်ပေးထားပြီးသည်ကို သိသော်လည်း ဥပဒေကို ချိုးဖောက်လျက် အစုအဝေး၌ ပါဝင်နေခြင်း သို့မဟုတ် ဆက်လက်ပါဝင်နေခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၄၅ နှင့် မီးဖြင့်သော်လည်းကောင်း၊ ပေါက်ကွဲစေတတ်သော အရာတစ်ခုခုဖြင့်သော် လည်းကောင်း ကျူးလွန်ရန် ကြိုးပမ်းခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၄၃၈ စသည့် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထားခြင်းလည်း ဖြစ်သည်။

Related Post

Comments

comments

Root Agency