အပစ်ရပ်တစ်လပြည့်ပြီးနောက် စစ်တွေအပါအဝင် ရခိုင်၏ မြို့နယ်များကို လုံခြုံရေး တိုးမြှင့်

By Admin | Posted on October 10, 2017 | Also posted in News | | Tagged , , , , |

100 Views

Sittwe Police in Township (2)_Logo

နောင်နောင်/RiA

ရခိုင်မြောက်ပိုင်းအား ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်မှုကို တစ်လကြာ ရပ်နားမည်ဟု အာဆာအဖွဲ့၏ ကြေညာချက်မှာ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့က ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များရှိ ရဲကင်းစခန်း အမြောက်အမြားကို အလစ်ဝင် တိုက်ခိုက်ခဲ့သည့် အာဆာအဖွဲ့အား တပ်မတော်မှ တုံ့ပြန်ရှင်းလင်းရေးများ ဆောင်ရွက်နေစဉ် အတောအတွင်း ဒုက္ခသည် ၅ သိန်းဝန်းကျင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

၎င်းဒုက္ခသည်များအား လူသားချင်းစာနာမှု အကူအညီပေးရေးများ ပြုလုပ်နိုင်ရေး ပစ်ခတ်တိုက်ခိုက်မှုများကို စက်တင်ဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့ထိ တစ်လကြာ ရပ်နားထားမည်ဖြစ်ကြောင်း အာဆာအဖွဲ့မှ စက်တင်ဘာ ၁၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အပစ်ရပ်တစ်လမပြည့်မီ အောက်တိုဘာလ ပထမသီတင်းပတ်အတွင်း အာဆာအဖွဲ့မှ ကြေညာချက် ၃ စောင်ကို ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်ကာလပြီးဆုံးတော့မည်ကို သတိပေးခဲ့သလို၊ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသည်ဟုလည်း အဆိုပါ ကြေညာချက်များမှတဆင့် တောင်းဆိုထားသည်။

ယခုလို အာဆာအဖွဲ့၏ ထုတ်ပြန်ချက်များကြောင့် ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု လူထုကြားတွင် စိုးရိမ်မှုများ မြင့်တက်နေသဖြင့် ပြည်နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးများအား ယခင်ကထက် ပိုမိုသတိရှိဖို့နှင့် တင်းကြပ်ထားလိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“ အကြမ်းဖက်သမားတွေ အပစ်ရပ်စဲထားတဲ့ တစ်လပြည့်နေ့မှာ ပြန်ပြီး အကြမ်းဖက်မှုတွေ ပြုလုပ်လာမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် ပြည်သူတွေ အထိတ်တလန့် မဖြစ်စေဖို့ ဖောက်ခွဲမှု တစ်စုံတစ်ရာ မဖြစ်စေဖို့အတွက် မြို့အ၀င်အထွက်တွေမှာ လုံခြုံရေးတွေချထားပြီး လှည့်ကင်းတွေ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ မြို့နယ် (၁၇) မြို့နယ်လုံးမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား စစ်တွေမြို့နယ်အပါအဝင် ပြည်နယ်၏ မြို့နယ်များအားလုံးရှိ သဘောင်္ဆိပ်ကမ်းများ၊ အဝေးပြေးကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ယခင်ထက် ပိုမိုတိုးချဲ့ ချပေးထားခြင်းဖြစ်သည်ဟုလည်း အဆိုပါ အရာရှိ၏ ပြောကြားချက်အရ သိရသည်။

Related Post

Comments

comments

Root Agency