ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံခွင့်ရမည်

By Admin | Posted on October 12, 2017 | Also posted in News | | Tagged , , , |

86 Views

Japan

အောင်အောင်ထူး/RiA

စစ်တွေ၊ အောက်တိုဘာ ၁၁ ရက်။ အသက် ၉ လ မှ ၁၅ နှစ်အောက်ရှိ မြန်မာနိုင်ငံအတွင်းမှ ကလေးသူငယ်များအား ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမည်ဖြစ်သည်။

“ ကလေးအားလုံးကို ပထမဆုံး ထိုးနှံနိုင်မယ့် အခွင့်အရေးပါ။ ဒီအခွင့်အရေးမှာ ကျနော်တို့ ရခိုင်ပြည်နယ်လည်း ပါဝင်ပါတယ်။” ဟု ရခိုင်ပြည်နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောသည်။

ဆေးထိုးနှံမှုကို လာမည့် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာကြည်လွင်၏ ပြောကြားချက်အရ သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတစ်လုံးကို တန်ဖိုးငွေကျပ် ၄၀၀၀၀နှင့် ၇၀၀၀၀ ကြားရှိပြီး သာမန်လူတန်းစားများအဖို့ မလွယ်ကူမှုများရှိနေခဲ့သည်။

“ဒီရောဂါကိုကုလို့လည်းမရဘူး။ ကာကွယ်လို့တော့ရတယ်။ အဓိကကတော့ ကာကွယ်ဆေးပဲ။ သူများနိုင်ငံတွေမှာ ကာကွယ်ဆေးပေါ်နေတဲ့အချိန်မှာ ကျွန်နော်တို့ဆီမှာ မရောင်းနိုင်သေးဘူး။ ဈေးကြီးလို့။ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်ကတော့ နှစ်ကြိမ်လောက် ထိုးခဲ့ပါတယ်။ ဒါပေမဲ့ ဆေးက အကန့်အသတ်နဲ့ဖြစ်တဲ့ အတွက်ကြောင့် လူတိုင်းအားလုံးကို မထိုးနိုင်ခဲ့ဘူး။”ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

ယခုအခါ အခမဲ့ဆေးထိုးနှံပေးတော့မည်ဟု ကြေညာထားပြီး ကျောင်းအခြေပြုနှင့် ပြည်သူအခြေပြုဟု၍ နှစ်ပိုင်းခွဲ၍ လုပ်ဆောင်မည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ၂၃ ရက်နေ့ထိ ကျောင်းအခြေပြုနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့ထိကို ပြည်သူအခြေပြုကလေးငယ်များအား ထိုးနှံသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လတ်တလော ၁၀ နှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောကာ ဖြစ်ပွားခဲ့သူ စုစုပေါင်း ၁၃၉ ဦးထိ ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ယခုနှစ်အတွင်း ဦးနှောက်ရောင်ရောဂါ လက္ခဏာရှိသည်ဟု သံသယ ရှိသော လူနာ ၁၁၇ ဦးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါရှိသည်ဟု အတည်ပြုဓာတ်ခွဲထားပြီး လူနာ ၃၉ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ရောဂါဖြစ်ပွားသူများတွင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ သေဆုံးနိုင်ပြီး အသက်ရှင်ကျန်ရစ်သူ ၃၀ ရာခိုင်နှုန်းတွင် ကိုယ်လက်မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏ တက်ခြင်းနှင့် စကားမပြောနိုင်ခြင်းများအပါအဝင် စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမှုဆိုင်ရာများ ချို့ယွင်းနိုင်သည်ဟု အဆိုပါ ရောဂါပိုးဆိုးကျိုးများဆိုင်ရာ ဆေးဝါးအသိပညာပေးမှတ်တမ်းများအရ သိရသည်။

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency