ALP အရာရှိတစ်ဦး ထောင်ဒဏ် ၁ နှစ် ၆ လ ချမှတ်ခံရ

By Admin | Posted on October 12, 2017 | Also posted in News | | Tagged , |

376 Views

Khine Myo Twan

နောင်နောင်/RiA

စစ်တွေ၊ အောက်တိုဘာ ၁၂ ရက်။ နိုင်ငံတော်ကို အသရေဖျက်မှု၊ မမှန်မကန် စွပ်စွဲပြောကြားမှုတို့ဖြင့် စစ်တွေမြို့နယ်တွင် တရားရုံးတင် စစ်ဆေးခံနေရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ အဆင့်မြင့်အရာရှိတစ်ဦးကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ကျခံစေရန် စီရင်ချက် ချမှတ်ခဲ့သည်။

“မြန်မာ့တပ်မတော်မှ ရခိုင်ပြည်တွင်းစစ်အတွင်း ဒေသခံများကို အတင်းဓမ္မစေခိုင်းမှု၊ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း” ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ကြေညာချက်နှင့် ပတ်သက်၍ တာဝန်ရှိသည်ဟုဆိုကာ ပါတီ၏ ပြန်ကြားရေးဌာန၊ ဒုဥက္ကဌ ဦးခိုင်မျိုးထွန်းကို ယခုလို စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ အခုထောင်ချတာဟာ ကျွန်တော့ကို ချတာမဟုတ်ဘူး။ အန်စီအေ (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်) ကိုပဲ ထောင်ချတာ ဖြစ်ပါတယ်။ ဒီစာ ထုတ်ပြန်တာဟာလည်း ပါတီက ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။  ငြိမ်းချမ်းရေးလိုလို့ အန်စီအေ စာချုပ်ချုပ်တဲ့အခါ ကျွန်တော်က (ALP) ပါတီက ဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်ပါတယ်။ ဒီပြဿနာကို အန်စီအေ ဥပဒေအရ မရှင်းပဲ ဒီလိုလုပ်တာဟာ စစ်အာဏာရှင် တစ်စုက အမိန့်ချလိုက်တာလို့ ကျွန်တော်ခံစားရတယ်။”  ဟု စီရင်ချက် ချမှတ်ခံရသူ ALP အရာရှိ ဦးခိုင်မျိုးထွန်းက ပြောသည်။

ဦးခိုင်မျိုးထွန်းအား ပုဒ်မ ၅၀၅ (က) ၅၀၅ (ဂ) တို့ဖြင့် အရေးယူရန် အနောက်ပိုင်းတိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချူပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက တရားလို ပြုလုပ်ကာ ၂၀၁၆ မေလ ၆ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရုံးချိန်းပေါင်း လေးဒါဇင်နီးပါးကို တစ်နှစ်နှင့် လေးလကြာ ပြုလုပ်ပြီးနောက် စစ်တွေမြို့နယ်တရားရုံးက ချမှတ်ခဲ့သော စီရင်ချက်နှင့် ပတ်သက်၍ ဦးခိုင်မျိုးထွန်းက အယူခံဝင်ရန် ဆန္ဒမရှိကြောင်း ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ တရားစီရင်မှုအပြီး သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့နှင့်အတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချူပ်ကို ချူပ်ဆိုနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Related Post

Comments

comments

Root Agency