သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အစ္စလမ်မုန်းတီးရေး

By မင်းမင်း | Posted on October 13, 2017 | Also posted in Opinion | | Tagged , , |

1521 Views

Media and Islam
ရခိုင်မြောက်ပိုင်းမှာ အစ္စလမ်မုန်းတီးရေး မြင့်မားနေသလို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေပါတယ်လို့ အထင်ခံနေရချိန်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကလည်း ထိုက်သင့်သလောက် လွတ်လပ်မှုကို မရနိုင်သေးတာက နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဖြေရှင်းဖို့ အခွင့်အလမ်းနည်းပါးလာစေပါတယ်။
 
ဒါတင်မကသေးပါဘူး။ ဝါရင့်သတင်းထောက်များရဲ့ စုံစမ်းမေးမြန်းရေးသားမှုတွေကို လက်ခံဖို့ ငြင်းဆန်လာကြတဲ့ မြန်မာနိုင်ငံရဲ့ သတင်းစာဖတ်ပရိသတ်တွေ လိုအင်ဟာလည်းပဲ သတင်းစာပညာ ရင့်ကျက်မှု မရှိသေးတဲ့ အမျိုးသားရေးနဲ့ ဘာသာရေးကို ကာကွယ် လိုစိတ်နဲ့ သတင်းရေးသားကြတဲ့ ငယ်ရွယ်သူတွေရဲ့ သတင်းထုတ်လုပ်မှုကို ပိုမို ယုံကြည်လိုစိတ်မြင့်မားလာတာက နိုင်ငံရဲ့ သတင်းစာအဆင့်အတန်းကို ပိုမို ထိခိုက်စေပါတယ်။
 
ရခိုင်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ဆူပူမှုတွေအပါအဝင် နယ်စပ်လုံခြုံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို သတင်းရေးသားကြရာမှာ သတင်းမီဒီယာလွတ်လပ်မှုနဲ့ အစ္စလမ်မုန်းတီးရေးက ရောထွေးနေတာ တွေ့ရပါတယ်။
 
လူဦးရေ ၅ သိန်းခန့်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ရခိုင်မြောက်ပိုင်း ပြဿနာက ဒုက္ခသည် အစ္စလမ်ဘာသာဝင်များရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အခွင့်အရေးကို ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမားများ အပါအဝင် မြန်မာနိုင်ငံက သတင်းထောက် အတော်များများက မဖန်တီးပေးနိုင်ခဲ့ပါဘူး။
 
ဒါသည်ပင်လျှင် သူတို့ကိုယ် သူတို့ အမျိုးသားရေးနဲ့ ဘာသာရေးကို ကာကွယ်ပေးနိုင်တဲ့၊ နိုင်ငံတော်အပေါ် သစ္စာရှိတဲ့ သတင်းသမားများအဖြစ် ဂုဏ်ယူဝင့်ကြွားစရာဖြစ်နေပါသေးတယ်။
 
ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမားများရဲ့ သတင်းထုတ်လုပ်မှု အတော်များများကို လေ့လာရာမှာ သတင်းတစ်ပုဒ်ထဲ အစ္စလမ်မုန်းတီးရေး စကားလုံးတွေပြွတ်သိပ်ထည့်တတ်ကြတာ တွေ့ရပါတယ်။
 
တစ်ဖက်လူ့အဖွဲ့အစည်းက ဘယ်လိုမှ လက်ခံဖို့ မဖြစ်နိုင်တဲ့ စကားလုံးတွေဖြစ်တဲ့… “ဘင်္ဂလီအကြမ်းဖက် ကုလားဆိုးသောင်းကျန်းသူများ” ဆိုတဲ့ ဝေါဟာရများကို သတင်းခေါင်းစဉ်ကနေ သတင်းတစ်ပုဒ် စလယ်ဆုံးမှာ ထည့်သွင်းဖော်ပြ တတ်ကြပါတယ်။ အဆိုပါ သတင်းသမားများရဲ့ သတင်းထုတ်လုပ်မှုတွေက အစ္စလမ်ဘာသာဝင်များကို ဆက်သွယ်မေးမြန်းပြီး သတင်းရေးသားမှုတွေထက် ပိုများနေပါတယ်။
 
ဒါတင်မကသေးပါဘူး။ သတင်းသမားအချင်းချင်းတွေကြား ခပ်တုံးတုံး သတင်းသမားတွေက သူတို့ရဲ့ သတင်းစာပညာ မကြွယ်ဝမှုနဲ့ ဘက်လိုက်မှုတွေကို ဖုံးကွယ်ဖို့ တစ်ခုတည်းအတွက် လွတ်လပ်တဲ့ သတင်းသမားများကို အစ္စလမ်နိုင်ငံများဆီက ငွေကြေးရယူတယ်လို့ စွပ်စွဲလာကြပါတယ်။
 
အကျိုးရလဒ်က ရခိုင်မြောက်ပိုင်းကိစ္စမှာ သတင်းမီဒီယာလွတ်လပ်မှု ကျဆုံးသွားတာပါ။ ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့က စုံစမ်းမှုတွေ ပြုလုပ်ခွင့်မရှိသမျှ ကမ္ဘာကြီးက လက်ခံဖို့ ခက်လာတဲ့ထိ ဖြစ်လာတာပါ။
 
ဒီလို ရောထွေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းသမားတစ်ဦးဖြစ်ဖို့ဆိုတာ မလွယ်တော့တဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။
 
တကယ်တော့ မြန်မာနိုင်ငံရဲ့ ရခိုင်မြောက်ပိုင်းပြဿနာကို အဖြစ်မှန်အတိုင်း သိဖို့ လိုအပ်နေပါပြီ။ ဖုံးကွယ်ထားတာ၊ ထိန်ချန် ထားတာတွေ ရှိနေတယ်လို့ ကမ္ဘာကြီးက ရရှိထားတဲ့ သက်သေတချို့နဲ့ ပြစ်တင်ဝေဖန်နေချိန်မှာ ပြည်တွင်း သတင်းသမားများနေနဲ့ အစ္စလမ်မုန်းတီးရေးနဲ့ သတင်းစာပညာကို အသုံးချနေကြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။
 
ဆိုတော့ ရခိုင်တိုင်းရင်းသားများကို ပြောပိုင်ခွင့် အပြည့်အဝပေးနေသလို တစ်ဖက်လူ့အဖွဲ့အစည်းရဲ့ သတင်းဖြေကြားပိုင်ခွင့်ကိုလည်း ဖန်တီးပေးဖို့ လိုအပ်နေပါတယ်။
 
နှစ်ဖက်ရဲ့ ပြောကြားပိုင်ခွင့်တွေ ရရှိလာမယ်ဆိုရင် ရခိုင်မြောက်ပိုင်းရဲ့ အဖြစ်မှန်ကို ဖုံးကွယ်လို့ မရနိုင်တော့ပါဘူး။ လိမ်ညာဖြေကြားမှုတွေ၊ ထိန်ချန်တာတွေ ရှိလာမယ်ဆိုရင်လည်း သူတို့ရဲ့ ဖြေကြားချက်တွေကို အခြေပြုပြီး သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူများက ဒါကို ဆက်လက် ဖော်ထုတ်ပြီး အရေးယူနိုင်ခွင့် ရှိလာမှာပါ။
mm
မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Related Post

Comments

comments

Root Agency