ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေး (ဒေါ်စောမြရာဇာလင်းနှင့် ဆက်သွယ်မေးမြန်းချက်)

ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေး (ဒေါ်စောမြရာဇာလင်းနှင့် ဆက်သွယ်မေးမြန်းချက်)

By Admin | Posted on November 1, 2017 | Also posted in Interview | | Tagged , , , |

320 Views

SMRZL- ALP

၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၁ ရာစု ပင်လုံညီခံသို့ တက်ရောက်ခဲ့စဉ်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းကို သတင်းထောက်များက မေးမြန်းနေစဉ် (ဓာတ်ပုံ – RiA)

 

RiA

စစ်တွေ၊ နိုဝင်ဘာ ၁ ရက်။ လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အကြောင်းပြပြီး ရခိုင်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပဖို့ အဆင်မပြေဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာလ ၃၁ ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ နှစ်ရက်ကြာ (အောက်တိုဘာ ၃၀-၃၁) ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးအပြီး ယခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့သူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းကို RiA က ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

RiA ။ ။ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်အတွက် ညှိနှိုင်းမှုတွေ မပြေလည်ခဲ့ဘူးလို့ သိရပါတယ်။ ဆိုတော့ ဒေါ်စောမြရာဇာလင်းတို့ဘက်က ဘယ်လို ဆွေးနွေးတင်ပြခဲ့တာတွေ ရှိပါသလဲ။ ကျင်းပခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ ပြောချင်ပါသလဲ။

ဒေါ်စောမြရာဇာလင်း ။ ။ အဓိကကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရတဲ့ အဖွဲ့က ၂ ဖွဲ့ ရှိပါတယ်။ တစ်ဖွဲ့က ရှမ်း။ ရှမ်းကတော့ မရတာ မဟုတ်ပါဘူး။ နေရာသတ်မှတ်ချက် အခက်အခဲရှိနေတယ်။ ဒါကြောင့်မို့ နိုင်ငံရေး ဆွေးနွေးခွင့်က ရှမ်းကို ပေးထားပြီလို့ ပြောလို့ရတယ်။ ရခိုင်ကိုကျတော့ အကြောင်းအမျိုးမျိုးကို ပြပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးခွင့်ကို မပေးဘူး။ အဲဒါနဲ့ ပတ်သက်ပြီး မနေ့က တစ်ရက်လုံး အချိန်ကုန်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် အချေအတင်ပြောကြတာ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဆက်လက်ကြိုးစားကြမယ်ဆိုတဲ့ အနေအထားလောက်ပဲ ကျတယ်။ UPDJC အစည်းအဝေးမှာ ဆရာမလည်းပဲ ပါတယ်။ ဒေါက်တာအေးမောင်လည်း ပါတယ်။ ရခိုင်ကဆိုလို့ နှစ်ယောက်ပေါ့။ နှစ်ယောက်စလုံးကတော့ ဒီကိစ္စကို တိုက်ပွဲဝင်ခဲ့ကြတယ်။ ကြိုးစားကြတယ်။ သို့သော် ဒါက ရခိုင်တစ်ခုတည်းကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး မပေးတာဟာ တစ်နည်းအားဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီကို မပေးတာဆိုပေမယ့် ရခိုင်လူမျိုးတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို အများကြီး ညိုးနွမ်းစေတယ်လို့ ဆရာမတို့ဘက်က မြင်တယ်။ ဒါက ပေးသင့်ပါတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းသည် ရခိုင်ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုပြီး အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။  ဘာကြောင့် လုပ်သလဲ။ ရခိုင်ပြည်သူတွေအတွက် လုပ်တယ်။ ရခိုင်ပြည်အတွက်လုပ်တယ်။ ဒါကို တော်လှန်တယ်ဆိုတဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုဖို့လိုတယ် ဆိုတာကို NCA မှာလည်းပဲ ရေးဆွဲထားပြီးသား ရှိတယ်။ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးကို လုပ်ခဲ့ရသလဲ။

ဒီနေ့မှာတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စားပွဲပေါ်မှာ လက်နက်ကိုင်ဆိုတဲ့ သဘောတရားတွေနဲ့၊ တော်လှန်တယ်ဆိုတဲ့ သဘောတရားများကို အားလုံးကို နောက်ကွယ်မှာ အတိုင်းအတာတစ်ခုထိ ချန်ထားပြီး စားပွဲပေါ်မှာ နိုင်ငံရေးဆွေးနွေးမှုနဲ့သာလျှင် အဖြေထုတ်ရဖို့ဆိုတဲ့ နှစ်ဘက်စလုံးရဲ့ အာသီသကို ခု အကောင်ထည်ဖော်နေတဲ့နေရာမှာ ၇ ဖွဲ့မှာ ကျန်သော အဖွဲ့အစည်းတွေကို လုပ်ခွင့်ပြုပြီးတော့ ရခိုင်ကိုကျတော့ လုပ်ခွင့်မပေးဘူးဆိုတာ ကျောသားရင်သား ခွဲခြားတာ ဖြစ်ပြီး အစိုးရဘက်က လုံးဝကို မညီညွတ်တာဖြစ်တယ်။ ဒါကတော့ မလုပ်သင့်တဲ့အပိုင်းဆိုပြီး ကျမတို့အနေနဲ့ အများကြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ သို့သော် နောက် ဆက်လက်ကြိုးစားမယ်ဆိုတဲ့ အနေအထားလောက်ပဲရခဲ့တယ်။

RiA ။ ။ ဟုတ်ကဲ့ပါ ဒေါ်စောမြရာဇာလင်း။ ကျနော်တို့ သိရသလောက်က ယခုနှစ်မကုန်ခင်မှာပဲ ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ်အစည်းအဝေးကို ကျင်းပသွားမယ်လို့ သိရပါတယ်။ ဆိုတော့ ဒီကြားထဲမှာပဲ ရခိုင်အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို မကျင်းပနိုင်ခဲ့ဘူးဆိုရင် ဘာတွေ ဆက်ဖြစ်သွားနိုင်ပါသလဲ။

ဒေါ်စောမြရာဇာလင်း ။ ။ ဒါကိုတော့ ပါတီကို ဒီကနေ့ ညနေလောက်မှာ တင်ပြဖို့ရှိပါတယ်။ ပါတီက ဘယ်လို ဆုံးဖြတ်မလဲဆိုတာကို ပါတီက စဉ်းစားပါလိမ့်မယ်။ ကိုယ်တစ်ယောက်တည်း အနေနဲ့ကတော့ ပြောလို့မရသေးပါဘူး။ ဆိုတော့ နည်းနာတွေကိုတော့ အများကြီးကြိုးစားကြရမယ့် အနေအထား ရှိနေပါတယ်။ ဘာနည်းနာတွေကို ကြိုးစားမလဲ။ တစ်ခုကတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မရဆိုခဲ့ရင်တောင် စာတမ်းတင်ပိုင်ခွင့်ရှိတယ် ဆိုတာမျိုးကို ပြောတယ်။ စာတမ်းတင်သည် မတင်သည် စာတမ်းတင်တယ်ဆိုတာက ကိုယ့်အဖွဲ့အစည်းတစ်ခု၏ စာတမ်းသဘောထားနဲ့ အများ သဘောဆန္ဒနဲ့က အားလုံးတစ်ထပ်တည်းကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ တစ်ဖွဲ့တစ်စည်းက စာတမ်းတင်တယ် ဆိုတာထက် ပါသင့်ပါထိုက်တဲ့ ဆွေးနွေးမှုတစ်ခုခုကို လုပ်ပြီးမှ ရခိုင်အမျိုးသား၏ ဆန္ဒကို တင်ပြနိုင်တာကပဲ အကောင်းဆုံးဖြစ်တယ်ဆိုတာကို ယုံကြည်ထားပါတယ်။

RiA ။ ။ ဟုတ်ကဲ့ပါ ဒေါ်စောမြရာဇာလင်း။ အခု လက်ရှိမှာ ဆရာမတို့ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ဖို့ ဘယ်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကြိုးပမ်းမှုတွေ ရှိနေပါသလဲ။

ဒေါ်စောမြရာဇာလင်း ။ ။ အားလုံးသော အဖွဲ့အစည်းနဲ့ ကြိုးစားနေပါတယ်။ ကိုယ်တို့ EAOs ၈ ဖွဲ့နဲ့လည်း ကြိုးစားနေသလို ပြင်ပမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပြင်ပနိုင်ငံမှာ လက်မှတ်မထိုးသေးဘဲနဲ့ ရှိနေကြတဲ့ ရခိုင်အဖွဲ့အစည်း တွေနဲ့လည်း ကြိုးစားရပါမယ်။ တစ်နည်းအားဖြင့် ပြောရရင် သူတို့တွေပါဝင်တဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကော်မတီကိုလည်း ဖွဲ့စည်းထားတာရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေနဲ့ ပြန်ပြီးမှ ဆွေးနွေးနိုင်ဖို့ကိုလည်း အဆင်သင့်ဖြစ်အောင် ကျမအနေနဲ့ လုပ်နေပါတယ်။ ထိုနည်းလည်းကောင်း ပြည်သူလူထုတစ်ရပ်လုံးက ရွေးကောက် တင်မြှောက်ထားတဲ့ မဲအနိုင်ရပါတီ ANP နဲ့လည်း ဆွေးနွေးရမယ်၊ ပြီးရင် နောက်ဖြစ်ပေါ်လာသော ခု အသစ်ဖြစ်ပေါ်နေတဲ့ အရင်က ALD။ အဲဒီပါတီနဲ့ ကျမတို့ ဆွေးနွေးပြီး အလုပ်လုပ်သွားဖို့ လိုအပ်ပါသေးတယ်။ အားလုံးအဖွဲ့အစည်းတွေနဲ့တော့ အလုပ်လုပ်ဖို့ စဉ်းစားထားပါတယ်။

RiA ။ ။ ဟုတ်ကဲ့ပါ ဒေါ်စောမြရာဇာလင်း။ ယခုလို အချိန်ပေးဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

Related Post

Comments

comments

Root Agency