“မိုင်းအန္တရာယ် စိုးရိမ်လာရသည့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ”

By Admin | Posted on December 4, 2017 | Also posted in Opinion | | Tagged , , , |

388 Views

ria_sittwe

သတင်းသုံးသပ်ချက်/RiA သတင်းအဖွဲ့

ခရီးသည် ၂၀၀၀ နှင့်အထက် နေ့စဉ် သွားလာဖြတ်သန်းလျက်ရှိတဲ့ ရန်ကုန် စစ်တွေ အဝေးပြေးလမ်းမဟာ ဒီကနေ့အချိန်မှာတော့ မိုင်းထောင်ဗုံးခွဲတိုက်ခိုက်ခံရမှု အန္တရာယ်နဲ့ ခြိမ်းခြောက်ခံနေရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမတည်ရှိရာ မင်းပြားနှင့် မြောက်ဦးမြို့နယ်ကြားမှာ မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ အဲဒီ အဝေးပြေးလမ်းပေါ်မှာပဲ ကျောက်တော် မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြားက မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၄ လုံးကို ထပ်မံ တွေ့ရှိခဲ့ ပြန်ပါတယ်။

မိုင်း စုစုပေါင်း ၃ လုံးပေါက်ကွဲပြီး မပေါက်ကွဲသေးတဲ့ မိုင်း ၄ လုံး တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်မှာ လူ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဖြတ်သန်းသွားလာတဲ့ ယာဉ်တချို့ကို မှိုင်းဆံတွေ ထိခဲ့ပါတယ်။

ယခု မိုင်းကွဲမှုများမတိုင်ခင် ၂ လလောက်အလို စက်တင်ဘာလ ၁၉ ရက်နေ့ကလည်းပဲ စစ်တွေ – ရန်ကုန် အဝေးပြေးကားလမ်း မြောက်ဦးနှင့် မင်းပြားကြား မြောင်းဘွေရွာအနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့သလို ယခုနှစ် အစောပိုင်းတွေတုန်းကလည်း မပေါက်ကွဲတဲ့ လက်လုပ်ဗုံးများနဲ့ မိုင်းတွေကို ပုဏ္ဏားကျွန်းမြို့တည်ရှိရာ အဆိုပါ အဝေးပြေးလမ်းမပေါ်က တွေ့ရှိခဲ့ပါသေးတယ်။

ပေါက်ကွဲမှုတွေကြောင့် လူသေဆုံးတာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရတာတွေ မရှိသေးပေမယ့် ရန်ကုန် စစ်တွေ အဝေးပြေးလမ်းရဲ့ လုံခြုံရေးဟာ ခြိမ်းခြောက်ခံလာရတဲ့ အနေအထားပါ။

ဒါပေမယ့် ဘယ်သူ ကျူးလွန်တယ်၊ ဘယ်အဖွဲ့အစည်းက စေခိုင်းတယ် ဆိုတာတော့ အစိုးရဘက်က သတင်း မထုတ်ပြန်နိုင်သေးပါဘူး။

ရခိုင်ပြည်နယ်ဟာ ၂၀၁၀ မတိုင်မီ ဆယ်စုနှစ်အတော်သင့်တိုင်အောင် မိုင်းထောင် ဗုံးတိုက်ခိုက်မှုနဲ့ သေနပ်သံတွေ လုံးဝ မကြားရသလောက် မတွေ့သလောက် လို့ ဆိုရတဲ့ ဒေသတစ်ခုပါ။

ဦးသိန်းစိန် အစိုးရ တက်လာပြီးချိန် ၂၀၁၂ ခုနှစ် ရခိုင်ပဋိက္ခများ စတင်လာချိန်နဲ့ ကြုံရပြီး ဒေသခံတွေကြား လက်လုပ်သေနပ်တွေ လက်လုပ်မိုင်းတွေ အသုံးပြုလာကြတာ တွေ့လာရပေမယ့် ယခုလို အဝေးပြေးလမ်းမနဲ့ မြို့ပေါ်တွေမှာ ပေါက်ကွဲမှုတွေတော့ မရှိခဲ့ပါဘူး။

အဝေးပြေးလမ်းက မိုင်းတွေနဲ့ ပတ်သက်ပြီး တစ်ဘက်မှာ ရခိုင်မြောက်ပိုင်း မောင်တောဒေသမှာ စစ်ရေး လှုပ်ရှားနေတဲ့ မူဆလင် လက်နက်ကိုင်တွေ ARSA တွေနဲ့ ပတ်သက်မှု ရှိနေနိုင်သလား။ ဒါမှမဟုတ် ရခိုင့်တပ်မတော် လက်ချက်များလားဆိုတာကလည်း ပြည်သူလူတွေကြားထဲ ဝေဖန်မှုတွေ ရှိနေပါတယ်။

ရခိုင့်တပ်မတော်ဟာ ၂၀၀၉ နှစ်မှာ ကေအိုင်အေ ထိန်းချူပ်နယ်မြေအတွင်း စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ရခိုင်ပြည်နယ်ကို ပြည်ထောင်စုက ခွဲထွက်ပြီး လွတ်လပ်ရေးကို အရယူပေးဖို့ ရခိုင်တိုင်းရင်းသားများကို ကတိပေးဆော်သြထားတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရက အသိ အမှတ်ပြု ဖိတ်ခေါ် ဆွေးနွေးနေတဲ့ အဖွဲ့ထဲ ရခိုင်တပ်မတော် မပါဝင်သလို အေအေအနေနဲ့ မူဆလင် လက်နက်ကိုင်အဖွဲ့ ARSA နဲ့ ချိတ်ဆက်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်လို့လည်း နိုင်ငံတော်က ကြေညာ ထားပါသေးတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ ရခိုင့်တပ်မတော်က ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများးကို အရှိန်မြင့်လာပြီး တပ်မတော်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတကြောမှာ အစိုးရတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား လျက်ရှိပါတယ်။

၂၀၁၅ ခုနှစ် ဧပြီလကနေ စတင်ခဲ့တဲ့ AA ရဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုကို ကြည့်ရင် မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝ၊ ပုဏ္ဏားကျွန်းဒေသတွေထိ လှုပ်ရှားခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ARSA ရဲ့ လှုပ်ရှားမှုများ စတင်လာချိန်မှာတော့ AA ရဲ့ လှုပ်ရှားမှုများကို မောင်တောဘက်မှာ မတွေ့ရတော့ဘဲ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး ဘက်တွေမှာ တွေ့မြင်လာရတာကြောင့် ယခု အဝေးပြေးလမ်းမပေါ်က မှိုင်းထောင်ဗုံးတိုက်ခိုက်မှုများအပေါ် AA လက်ချက်လို့လည်း ဝေဖန်သူတွေ ရှိလာတာပါ။

ဘာပဲ ပြောပြော ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသနေ လူထုများကတော့ ကျီးလန့်စာ စားနေရသလို ကြောက်လန့်မှုတွေ ရှိလာကြတာ တွေ့ရပါတယ်။

ဘယ်အချိန်မှာ ဗုံးထပေါက်မယ်။ ဘယ်အချိန်မှာ လုပ်ကြံသတ်ဖြတ်ခံရမယ်ဆိုတာ ကြိုတင် မခန့်မှန်းနိုင်လောက်အောင်ပါ။

တလောကပဲ စစ်တွေမြို့က စားသောက်ဆိုင်တစ်ခုအတွင်း သေနပ်ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။

ယခု အဝေးပြေးလမ်းမပေါ်မှာ မကြာခဏ မှိုင်းတွေ တွေ့ရှိတာ၊ ဗုံးပေါက်ကွဲတာတွေက နေ့စဉ် အဲဒီလမ်းကို ဖြတ်သန်းနေကြတဲ့ ခရီးသည်ပေါင်း ၂၀၀၀ ကျော်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတာကတော့ အငြင်းပွားစရာ မဟုတ်တော့ပါဘူး။

Related Post

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency