ဒေါက်တာအေးမောင်ကို ANP ၌ တာဝန်ပြန်ထမ်းဆောင်ဖို့ တိုက်တွန်းမည် (ဗဟို ဒုဥက္ကဌ ၂ ဦးခိုင်ပြည်စိုးနှင့် ဆက်သွယ်မေးမြန်းချက်)

By Admin | Posted on December 4, 2017 | Also posted in Interview | | Tagged , , |

443 Views

ANP

 

ရခိုင်အမျိုးသားပါတီ အေအန်ပီ ဗဟို ဥက္ကဌ ဒေါက်တာ ဦးအေးမောင်ရဲ့ နုတ်ထွက်စာနဲ့ ပတ်သက်ပြီး RiA က ဆက်သွယ်မေးမြန်း ထားတာ ဖြစ်ပါတယ်။

RiA/ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် ANP ကနေ နုတ်ထွက်ဖို့အတွက် အကြောင်းကြားစာ တင်ထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ပါတီအတွင်းက ဘာတွေ ဆောင်ရွက်နေလဲဆိုတာ သိချင်ပါတယ်။

KPS/ANP/ ကျွန်တော်တို့ ဒီကိစ္စကို CEC အကုန်လုံးကို တင်ပြထားပါတယ်။ နောက်ပြီး ဗဟိုကော်မတီဝင်တွေ အားလုံးကိုလည်း တင်ပြ ထားပါတယ်။ ဒီကိစ္စကို ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲပေါ့နော်။ ဆရာ ဦးအေးမောင်ကတော့ နုတ်ထွက်စာ တင်တာက နုတ်ထွက်ခွင့်ပြုဖို့ စာတင်ထားတာလို့ပဲ ထင်ပါတယ်။ ဒါပေမယ့် ဆရာဦးအေးမောင်နဲ့ ပတ်သတ်လို့ကတော့ ကျွန်တော်တို့ ဗဟိုကော်မတီဝင်တွေ အားလုံး အစည်းဝေးထိုင်ပြီးမှ ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားပါမယ်။ ရခိုင်ပြည်နယ်မှာ ဒီလောက်အကျပ်အတည်းတွေ ဖြစ်နေတဲ့ကြားမှာ ပါတီက ဥက္ကဌ တစ်ယောက် နုတ်ထွက်စာ တင်တယ်ဆိုတာကတော့ စိတ်မကောင်းစရာတစ်ခုဖြစ်ပါတယ်။  ဒါကို အားလုံးဝိုင်းဝန်း ပူးပေါင်းပြီး အဆင်ပြေအောင် လုပ်ရမယ်လို့တော့ ကျွန်တော်တို့ စဉ်းစားထားပါတယ်။

RiA/ ဟုတ်ပါတယ်ဆရာ။ တစ်ဖက်မှာလည်း ကျွန်တော်တို့ ကြားနေရတာက ပါတီအတွင်းမှာ ဒေါက်တာ ဦးအေးမောင်ကို နိုင်ငံရေး ထိန်းချူပ်မှုတွေအပြင် ပါတီဝင် လူမှုကွန်ယက်အကောင့်တွေကနေပြီး တိုက်ခိုက်ရေးသားတာတွေကိုလည်း သူ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ရော ပါတီက ဘာတွေများပြောချင်ပါလဲ။

KPS/ANP/ ဒါတွေကတော့ ကျွန်တော်တို့မြင်တာက ရခိုင်အမျိုးသားပါတီကို တိုက်ခိုက်တယ်ဆိုတာကတော့ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး တိုက်ခိုက်တာမဟုတ်။ အားလုံးကို ရည်ရွယ်ပြီး ဘက်ပေါင်းစုံက တိုက်ခိုက်ခံနေရတာပါ။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဟာ အတွင်းရေးထက် အပြင်က တိုက်ခိုက်မှု ဂယက်တွေများတဲ့ အတွက်ကြောင့် ကျွန်တော်ထင်ပါတယ်။ ပါတီတွင်းမှာ အဲလောက်ထိ တိုက်ခိုက်မှုတွေ တစ်ယောက်ကို တစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေက အရင်ကထက် နည်းလာပြီလို့တော့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာတွေနဲ့ ကြည့်ပြီးပြောမယ်ဆိုရင် ဆရာဦးအေးမောင် တစ်ယောက်တည်းမဟုတ်ပါ။ ကျွန်တော်တို့အားလုံးပေါ့နော်။ ရခိုင်အမျိုးသားပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အတိုက်ခံရတဲ့ အထဲမှာ အများဆုံးလို့တော့ ကျွန်တော် အဲလိုမြင်ပါတယ်။

RiA/ ဟုတ်ပါတယ်။ ကျွန်တော်တိုလဲ တွေ့နေရတာပါပဲ။ ဆိုတော့ တစ်ဖက်မှာ ဦးအောင်သန်းဝေကို ထုတ်ပယ်လိုက်တဲ့ ကိစ္စမှာလည်း သူ့ကို အကြောင်းမကြားခဲ့လို့ သူ့ နုတ်ထွက်စာမှာ ရေးသားထားတာတွေ တွေ့ရပါတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ရော ဆရာတို့ဖက်က ဘာများ တုံ့ပြန်ပြောကြားလိုပါလဲ။

KPS/ANP/ ဦးအောင်သန်းဝေကို ထုတ်ပယ်တဲ့အချက်မှာ သူမသိလိုက်ဆိုတဲ့ အချက်ကတော့ မဖြစ်သင့်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ CEC အစည်းဝေးမှာ ဥက္ကဌ ကိုယ်တိုင်ရှိပါတယ်။ ဥက္ကဌ ကိုယ်တိုင်ရှိပြီးတော့ အောင်သန်းဝေကို အရေးယူသင့် မယူသင့် အားလုံး ညှိနှိုင်းတိုင်ပင်ဆွေးနွေးတဲ့အခါမှာ အရေးယူဖို့လိုအပ်တယ်ဆိုလို့ မဲခွဲဆုံးဖြတ်တဲ့နေ့မှာ ဥက္ကဌ ကိုယ်တိုင်ရှိပါတယ်။ ပြီးတော့မှ ကျွန်တော်တို့က လှို့ဝှက်မဲစနစ်နဲ့ မဲခွဲပြီးမှ ပါတီက ထုတ်သင့်မထုတ်သင့် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

RiA/ ကျွန်တော်တို့ သိရသလောက် ရခိုင်အမျိုးသားပါတီရဲ့ ညီလာခံလည်း မကြာခင်ကျင်းပဖို့ရှိပါတယ်။ တစ်ဖက်မှာ ပါတီက ယခင်နုတ်ထွက်ခဲ့တဲ့ လူတွေကလည်း နုတ်ထွက်စာတင်ပြီးတော့ နောက်ပိုင်းမှာ ပါတီက နုတ်ထွက်ခွင့် အတည်ပြုပြု၊ မပြုပြု ပါတီနဲ့ ဆက်လက်လက်တွဲမှုတွေ မရှိတာလည်း တွေ့နေရတာပါပဲ။ ဆိုတော့ မကြာခင် ကျင်းပသွားမယ့် ညီလာခံမှာ တကယ်လို့ ဒေါက်တာဦးအေးမောင်ကို ပြန်ပြီး ပါတီတွင်းမှာရှိမနေဖို့ သေချာသွားပြီ ဆိုရင် ဥက္ကဌ နေရာအတွက် ဖြစ်လာနိုင်မယ့်ထဲမှာ ဆရာက ပါဝင်နိုင်ပါလာ။ ဆရာက ဒုဥက္ကဌ တစ်ယောက်ဆိုတော့။

KPS/ANP/ လောလောစဉ်မှာ ကျွန်တော်တို့မှာက ဘယ်သူပဲရှိနေရှိနေ ဆရာဦးအေးမောင်တို့ အတွက်ကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် တစ်ခုလုပ်ရမှာပဲ။ တကယ်လို့ ဆရာဦးအေးမောင်ကနေပြီး မိမိတာဝန်ကို ပြန်ပြီး ထမ်းဆောင်မယ်ဆို့ရင်တော့ ဒါကတော့ ကျွန်တော်တို့မှာက အမှန်တိုင်းပါပဲ။ ဒီအချိန်မှာက ကျွန်တော်တို့ပါတီက ခေါင်းဆောင်းပိုင်းတွေ နုတ်ထွက်တာကို ဘယ်သူတစ်ယောက်မှလဲ မလိုလားပါ။ ဒါကြောင့် ညီလာခံတစ်ခုဖြစ်လာတဲ့ အချိန်ခါ ဆရာဦးအေးမောင် ပြန်ရှိနေသေးမယ်ဆိုလို့ရှိရင် ပါတီတာဝန်တွေကို ပြန်ပြီး ထမ်းဆောင်ချင်စိတ်တွေ ထပ်ပြီး ရှိသေးတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ပါတီအတွင်းကတော့ ပြန်ပေးဖို့အဆင်သင့်ပါ။

RiA/ ဟုတ်ကဲ့ပါ။ ဆရာပြောသွားတဲ့ စကားတွေအရဆိုရင် ဒေါက်တာအေးမောင်ရဲ့ နုတ်ထွက်မှုအပေါ်မှာ ပါတီအတွင်းက တော်တော်များများ စိတ်မချမ်းမြေ့ဖြစ်နေရတယ်ဆိုတဲ့ သဘောပေါ့။ ဆိုတော့ မကြာခင်ကျင်းပမယ့် ဗဟိုကော်မတီ အစည်းဝေးမှာ ဒေါက်တာအေးမောင်ကို ပြန်ပြီးတာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းမှုတွေ ရှိလာနိုင်မှာလား။

KPS/ANP/ ကျွန်တော်တို့က တိုက်တွန်းမှုတွေ လုပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလိုပေါ့ ကျွန်တော်တို့မှာ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက် အရေးကြီးတဲ့ကာလမှာ ပါတီတွင်းက နုတ်ထွက်မှာကို မလိုလားပါ။ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းလားဖို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ဒီစဉ်းစားချက်တွေကလဲ ပါတီ ဗဟိုကော်မတီအစည်းဝေးက ကျွန်တော်တို့အားလုံး ပြင်ဆင်ပြီးလုပ်မယ်ဆိုတဲ့ အချက်တွေရှိပါတယ်။

RiA/ ရခိုင်အမျိုးသားပါတီ စဖြစ်လာကတည်းကနေ ကျနော် စောင့်ကြည့်မှုတွေအရ သိရသလောက် ပါတီက ထွက်သွားတဲ့သူတွေ အပါအ၀င် အခြားနိုင်ငံရေးသမားတွေ ပူးပေါင်းပြီး ရခိုင်မျိုးချစ်ပါတီတစ်ခု ပေါ်လာတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ANP ထဲက ထွက်သွားတယ်လို့ ဆိုပါတယ်။ ယခုလည်း လူထုအများအပြားက ထောက်ခံနေတဲ့ ဒေါက်တာဦးအေးမောင်က နုတ်ထွက်တယ်ဆိုတော့ ပါတီအနေနဲ့ ယခင်ရှိနေဆဲ လူထုထောက်ခံမှုတွေကို ဆက်လက် ထိန်းချုပ်ထားနိုင်မှာလားဆိုတာကို စိုးရိမ်မိပါတယ်။ ဆရာတို့အနေနဲ့ ဒီကိစ္စအတွက် ဘာတွေများ ပြင်ဆင်မှုတွေရှိပါလဲ။

KPS/ANP/ ကျွန်တော်တို့စဉ်းစားတာက မြန်မာနိုင်ငံမှာ ဂယက်ရိုက်တဲ့ ပါတီ(၃) ခုရှိပါတယ်။ NLD ပါတီရှိတယ်။ နောက်တစ်ခါ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီရှိတယ်။ ရခိုင်အမျိုးသားပါတီရှိတယ်။ ဒီပါတီ ၃ ခုဟာလည်း တကယ့် ထိပ်ပိုင်းရောက်နေတယ့် ပါတီတွေပေါ့။ ဘာဖြစ်လို့ ဒီလို ဂယက်ရိုက်ရလည်းဆိုတော့ မြန်မာနိုင်မှာ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ လျှောက်လမ်းနေရတဲ့ နိုင်ငံရေးပါတီတွေဆိုတာ လွှတ်တော်အပိုင်းနဲ့ နိုင်ငံရေးပါတီအပိုင်းဆိုတာ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ သိရတာက လွှတ်တော် အမတ်တွေက ပါတီက နုတ်ထွက်တယ်ဆိုတာ များပါတယ်။ သို့သော် ပါတီဟိုဟာက နုတ်ထွက်တာတွေရှိပါတယ်။ တချို့အမတ်တွေက ကျွန်တော်တို့ ပါတီက နုတ်ထွက်စာတင်တယ်။ တချို့က ပြောကြတယ် ပါတီက နုတ်ထွက်စာတင်တယ်။ ပါတီက ပြန်ပြီး နုတ်ထွက်မှာလား ဆိုတာတွေရှိပါတယ်။ ဆိုလိုတာကတော့ ညီညွတ်ရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခင်းအကျင်းမှာတော့ ပါတီတိုင်း ပါတီတိုင်းမှာ သဟာဇာတဖြစ်မှု အားနည်းတယ်ဆိုတဲ့ အချက်ကတော့ အဲလို ယူဆပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ဘာပဲဖြစ်နေဖြစ်နေ စုစုစည်းစည်းနဲ့ ပြန်ပြီးတော့ အကောင်ထည်ဖော်သွားပြီးတော့ ဒီထက်မက အမျိုးသားစည်းလုံးညီညွတ်မှု အပိုင်းတွေကို လုပ်သွားမယ့် အချက်တွေရှိပါတယ်။ အခုလည်း ပါတီအစည်းဝေးတစ်ခုကိုခေါ်ပြီး ဒါကိုခိုင်ခိုင်မာမာနဲ့ ပြန်ပြီးလုပ်နိုင်အောင် ကြိုးစားနေပါတယ်။

RiA/ ဟုတ်ပါတယ်ဆရာ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Related Post

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency