“ဦးအေးထွန်းနှင့် ဆက်သွယ်မေးမြန်းချက်”

By Admin | Posted on December 5, 2017 | Also posted in Interview, Society | | Tagged , |

2216 Views

Aye Tun

နောင်နောင်/RiA

စစ်တွေ၊ ဒီဇင်ဘာ ၅ ရက်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာအသုံးပြုသူ ရခိုင်အသိုင်းအဝန်းကြား ထင်ရှားတဲ့ ဝေဖန်စာ ရေးသူ ဦးအေးထွန်းဟာ ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်က စစ်တွေမြို့ လမ်းမကြီး၊ ဦးဥတ္တမ ပန်းခြံရှေ့မှာ ထိုးကြိတ်ခံခဲ့ရပါတယ်။

ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ အပါအဝင် ရခိုင်အဖွဲ့အစည်းများအပေါ် သူ့ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူ ရခိုင်တွေကြား လူသိများသလို အင်လိုင်းပေါ်တင်မက တယ်လီဖုန်းနဲ့ပါ ဆဲဆို ခြိမ်းခြောက်မှုတွေကို မကြာခဏ ရင်ဆိုင်နေရသူလည်း ဖြစ်ပြီး ယခုချိန်မှာတော့ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကာယကံရှင် ဦးအေးထွန်း https://www.facebook.com/maung.ayetun.37?fref=ts ကို RiA က ယခုလို ဆက်သွယ် မေးမြန်းထားပါတယ်။

RiA/ မနေ့က ဦးအေးထွန်း ထိုးကြိတ်သတ်ပုတ်ခံရတယ်လို့ ကြားရပါတယ် ခင်ဗျာ။ ဘယ်လိုတွေ ဖြစ်ကြတာပါလဲ။ ရှင်းပြပေးပါလား။

ဦးအေးထွန်း/ ကျွန်တော်က ဦးဥတ္တမပန်းခြံရှေ့ ဗလီဖက်ခြမ်းမှာ မုန့်တီ သွားစားတဲ့အခါ ကားကို ဦးဥတ္တမပန်းခြံရှေ့မှာ ရပ်ထားတယ်။ မုန့်တီ သောက်ပြီးတော့ ကားဆီသို့ ပြန်လာတဲ့အခါ သူကနေပြီးတော့ ဟိုင်းဂျတ်ကားနဲ့ လာတယ်။ ကျွန်တော့်ကားကို မြင်တော့ သူက ကားကို ရပ်ပြီးတော့ ဆင်းလာတယ်။ ဆင်းလာတော့ သူက အော်ဟစ်ဆဲလာပြီးတော့ လာတယ်။ ကျွန်တော်က ဘာလဲ။ ဘာဖြစ်တာလဲဆိုပြီး ပြောတော့ သူက။  ဆဲဆိုပြီးတော့ ဘာဖြစ်လို့ မာန်အောင် စာရင်းရှင်းဖို့ ပြောတာလားဆိုတော့ ကျွန်တော်က မင်းငါ့ကို အကြိမ် တစ်ရာလောက် ပြောထားတာရှိတယ်။ ငါဒီလောက်လေး ပြောတာကို အဲလောက်တောင် အရေးတကြီးလား ဆိုပြီး ပြောလိုက်တယ်။ သူကနေပြီး ANP ပါတီက ဥက္ကဌ ဒေါက်တာ အေးမောင် နုတ်ထွက်တဲ့အခါ ၂၀၁၅ ရွေးကောက်ပွဲရှင်းတမ်းကို ရှင်းစေချင်တယ်ဆိုပြီး ထွက်စာမှာပါခဲ့တယ်။ အဲဒါကို စောသာမောင်က နောက်ထပ်ပြီး တင်တယ်။ အဲဒါကို ရှင်းရမှာက အမှန်တကယ်က ဗဟိုအောင်နိုင်ရေးကော်မတီက သိန်းတစ်ရာနှင့် တစ်ဆယ်လောက်သာ ကောက်ခံရခဲ့တယ် ထင်တယ်။ သို့သော် စောသာမောင်က ပါတီမှာ ကျန်ခဲ့တဲ့ သူတွေကို ဒုက္ခရောက်စေချင်တဲ့ ဆန္ဒနဲ့ ခိုင်ပြည်စိုး သိန်းလေးရာကျော်၊ အေးနုစိန်က သိန်းဘယ်လောက်။ ဒေါ်ခင်စောဝေက သိန်း ဘယ်လောက်ဆိုပြီး အဲဒါကိုရှင်းကြဆိုပြီး သူကတင်တယ်။ အဲဒီကိစ္စကို တစ်ယောက်က တင်တဲ့အခါ ကျွန်တော်က အောက်က ရေးလိုက်တယ်။ အဲဒီအခါက ကောက်ခံရတဲ့ ငွေက သိန်းတစ်ရာ ကျော်ကျော်လေးပဲ ရှိတာ။ အဲဒီအခါက စာရင်းတွေကို ရှင်းစရာမှမလိုတာ။ အလှူထည့်တဲ့ ပံ့ပိုးကူညီတဲ့ သူတွေကလဲ တောင်းဆိုမှုတွေလဲ ဘာမ မလုပ်ပဲနဲ့။ အလှူထည့်တဲ့ သူတွေတောင် မတောင်းဆိုဘဲနဲ့ အဲဒီစာရင်းကို ရှင်းစရာမှမလိုတာ။ စောသာမောင်ကိုပဲ မာန်အောင်စာရင်းကို ရှင်းရမှာ။ မာန်အောင်မှာ ဒေါက်တာအေးမောင် မဲဆွယ်ဖို့အတွက် ကျွန်တော် မန္တလေးက သိန်း (၁၄၀) အလှူခံပြီးပေးလိုက်တယ်။ အဲဒီစာရင်းကို ရှင်းရမှာလို့ ကျွန်တော်က အဲဒီအောက်က ကမန်း ရေးပေးလိုက်တယ်။ အဲဒါကြောင့်သူက ကျွန်တော့်ကိုလာပြီး ထိုးကြိတ်တာဖြစ်ပါတယ်။

RiA/ ဦးအေးထွန်း ပြောတဲ့အထဲမှာ ပါတဲ့ သူဆိုတာက ဘယ်သူလဲ ဘယ်အဖွဲ့အစည်းကလဲ။ ရခိုင်အမျိုးသားပါတီနဲ့ရော ဘယ်လို ပတ်သက်နေတာလဲ။ ကျနော်တို့ကို တိတိကျကျလေး ပြောပေးနိုင်မလား။

ဦးအေးထွန်း/ အဲဒါဟာ သူကနေပြီး ကရာတေး (အားမန်က) ဆရာကြီး။ အခု သူလုပ်နေတာက ဒေါက်တာအေးမောင်ရဲ့ အဓိက လော်ဘီပေါ့။ အခုဖြစ်တာက ANP ပါတီနဲ့ ပတ်သတ်ပါတယ်။ ဒေါက်တာ အေးမောင်ထွက်တဲ့ အခါ သူက ပါတီကို မကျေနပ်။ ကျွန်တော်က ဒေါက်တာ အေးမောင်လုပ်တဲ့ မမှန်တဲ့ လုပ်ရပ်တွေကို ထောက်ပြလာခဲ့တာ တော်တော်လေးကြာခဲ့ပြီ။ အဲဒါတွေကို သူတို့က လုံးဝမကျေနပ်။ သူတို့က ပါတီမှာ လုပ်နေတုန်းက ကျွန်တော့်ကို ရန်ရှာတာ မရှိခဲ့ဘူး။ အဲဒီကိစ္စတွေကြောင့် သူတို့ ထွက်ရတယ်ဆိုပြီး သူတို့လမ်းကြောင်း ပျက်စီးသွားရတယ်ဆိုပြီး ကျွန်တော့်ကို အငြိုးထားတယ်။

SS

RiA/ ဆိုတော့ ခု ဦးအေးထွန်း မနေ့ကလို ဖြစ်ရပ်မပေါ်ပေါက်ခင်ထိ ဦးစောသာမောင်ရဲ့ ကြိုတင် ခြိမ်းခြောက်မှုကို ခံခဲ့ရတာ ရှိသလား။

ဦးအေးထွန်း/ အရင်ကလဲ သူဟာ ကျွန်တော့်ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ ရှိပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာလဲ ခြိမ်းခြောက်ဆဲဆိုတယ်။ အိမ်ရှေ့ကို လာပြီးတော့လဲ စော်ကားတာတွေ ရှိပါတယ်။ ကျွန်တော်က အိမ်က ရှောင်ထွက်နေရတာတွေ ရှိပါတယ်။

RiA/ အဲဒီခြိမ်းခြောက်မှုတွေနဲ့ ကြုံခဲ့ရတုန်းက ဘယ်လို တုံ့ပြန်ခဲ့သလဲ။ ရဲကို အကြောင်းကြား တိုင်ကြားတာတွေကော မလုပ်ခဲ့ဘူးလား။

ဦးအေးထွန်း/ ဒီလို ခြိမ်းခြောက်တာတွေကို ရဲကို တိုင်ကြားထားတာတွေလဲ မရှိသေးပါ။ အခုကိစ္စကိုလဲ ရဲကို မတိုင်ရသေးဘူး။ ရဲကို သွားတိုင်မယ်လုပ်တော့ သူကနေပြီး ငါရဲစခန်းရှေ့မှာ ထိုင်စောင့်နေတယ်။ မင်းရဲစခန်းကို တိုင်ကြားဖို့ လာရဲရင် လာကြည့်။ ငါရောက်နေတယ်ဆိုပြီး ဖေ့စဘုတ်မှာ တင်ထားတယ် အခု။ ဒါပေမယ့် ဒီကိစ္စကို ရဲကို ဖြစ်အောင်တိုင်ရမယ်။  ဒီလိုမျိုးတွေ နောက်ထပ်မရှိရအောင် ဖြစ်အောင်တိုင်ရမယ်။

RiA/ မနေ့က ဖြစ်သွားတဲ့ ကိစ္စမှာ ဦးအေးထွန်း ဒဏ်ရာတွေများ ရရှိခဲ့လား။

ဦးအေးထွန်း/ ကျွန်တော့မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေတော့ မရရှိဘူး။ ပထမဆုံးလက်နဲ့ သတ်ပြီး နောက် သူ့ကားကို သွားပြီး သံတုတ် သွားယူလာတယ်။ လမ်းလယ်မှာ အသတ်ခံရတော့ ကျွန်တော် သိက္ခာကျတယ်ပေါ့။ ကျွန်တော်အရှက်မဲ့ရတယ်ပေါ့။ သူက ကျွန်တော့ကို သေအောင်သတ်ချင်နေတာ။

RiA အနေဖြင့် ဦးစောသာမောင်သို့ ဆက်သွယ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ရရှိပါက လာမည့် အင်တာဗျူး အစီစဉ်တွင် လွှင့်တင်သွားပါမည်။

Comments

comments

Root Agency