ANP က ခွဲထွက်လာကြသည့် ရခိုင်ပါတီနှစ်ခု ပူးပေါင်းနိုင်ဖွယ်ရှိ

By Admin | Posted on December 20, 2017 | Also posted in Uncategorized | | Tagged , , , , |

586 Views

APP and ALD

နောင်နောင်/RiA

စစ်တွေ၊ ဒီဇင်ဘာ ၂၀ ရက်။ ရခိုင်အမျိုးသားပါတီ ANP မှ ခွဲထွက်လာသော နိုင်ငံရေးသမားများ ဦးဆောင် တည်ထောင်ထားကြသည့် နိုင်ငံရေးပါတီ ၂ ခုမှာ ပူးပေါင်းနိုင်ဖွယ်ရှိနေသည်။

ထိုပါတီ ၂ ခုမှာ ရခိုင်အမျိုးသားပါတီ စတင်ဖြစ်ပေါ်လာပြီးနောက် ထိပ်သီးများကြား နိုင်ငံရေးအရ သဘောထားများ မတူညီဟု ဆိုကာ ခွဲထွက်လာကြသည့် ရခိုင်မျိုးချစ်ပါတီ APP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ ဖြစ်သည်။

ဒီဇင်ဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်မျိုးချစ်ပါတီ၏ ၄ ကြိမ်မြောက် ပါတီ ဗဟိုကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်နှင့် ပူးပေါင်းရန် ရလဒ်ထွက်ပေါ်လာခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပူးပေါင်းလိုကြောင်း တရားဝင် ကမ်းလှမ်းစာကို ပေးပို့ခဲ့သည်။

“ အခု ALDနဲ့ ကျွန်တော်တို့ပါတီ ပေါင်းစည်းတာကတော့ မူဝါဒလမ်းစဉ် တူညီနေလို့ပါ။ ကျွန်တော်တို့ ဆိုလိုတာကတော့ (UNA) အတိုင်း သွားနေတဲ့ မူတူတဲ့ လူပုဂ္ဂိုလ်နဲ့ သော်လည်းကောင်း၊ အဖွဲ့စည်းနဲ့ သော်လည်းကောင်း ရည်ရွယ်တဲ့ ရခိုင်တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းသွားမှာပါ။” ဟု ရခိုင်မျိုးချစ်ပါတီ ဗဟို ဥက္ကဌ ဦးဇော်ဝင်းထွန်းက RiA သို့ ပြောသည်။

ရခိုင်မျိုးချစ်ပါတီ၏ ပူးပေါင်းလိုကြောင်း ကမ်းလှမ်းသည့်စာကို ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ဒီဇင်ဘာလ ၁၉ ရက်နေ့က လက်ခံရရှိထားပြီး ဖြစ်သော်လည်း ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ပါတီတွင်း ဆွေးနွေးမှုများ ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ALD ၏ ဗဟိုအဆင့် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

“ ကမ်းလှမ်းစာကိုတော့ လက်ခံရရှိထားပါပြီ။ ဒါပေမယ့် ပါတီတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မဆွေးနွေးရသေးပါဘူး။ ဒါပေမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်ခု ရှိပါတယ်။ အဲဒီအစည်းအဝေးကနေ ဒီကိစ္စအပေါ် သဘောထားမှတ်ချက်ယူသွားမှာပါ။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်သည် ၂၀၁၅ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ပူးပေါင်းပြီး မိခင်ပါတီကို ဖွဲ့စည်းပုံအရ အလိုအလျောက်ဖျက်သိမ်းခံခဲ့ရသော်လည်း ရွေးကောက်ပွဲအလွန် အဆိုပါ ပူးပေါင်းပါတီမှ ခွဲထွက်ခဲ့သည်။

အဆိုပါ အတွေ့အကြုံများကြောင့် ယခုအကြိမ်တွင် အခြားပါတီတစ်ခုဖြင့် ပူးပေါင်းမည်ဆိုခြင်းကို လုပ်နည်းလုပ်ဟန်များ မှန်ကန်စေရန် ကြိုးစားသွားမည်ဟု ဦးမျိုးကျော်က ပြောသော်လည်း ပူးပေါင်းမည် မပူးပေါင်းမည်ဆိုသည်မှာ မသေချာသေးဟု RiA သို့ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီ ၃၆ မိနစ်အချိန်တွင် ပြောကြားခဲ့သည်။

သို့ရာတွင် ရခိုင်မျိုးချစ်ပါတီက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ပူးပေါင်းပါတီအဖြစ် ရပ်တည်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း ဆိုသည်။

“ကျွန်တော်တို့ကတော့ စာပို့ထားတယ်ပေါ့။ သူတို့ဖက်ကတော့ ဘယ်လိုအကြောင်းပြန်လာမယ် မသိသေးဘူး။ ကျွန်တော်တို့ ဖက်ကတော့ စောင့်မျှော်နေပါတယ်။ သူတို့ဖက်က အစည်းဝေးထိုင်ပြီးတော့မှ ဆုံးဖြတ်မယ်လို့တော့ ပြောတယ်။ တကယ်လို့ ပေါင်းစည်းဖြစ်ရင် ဘယ်ပုံစံနဲ့သွားမယ်။ ဘယ်ပုံစံနဲ့ ဆောင်ရွက်သွားမယ်ဆိုတာကို မူဝါဒ ရေးဆွဲရပါအုံးမယ်။” ဟု ရခိုင်မျိုးချစ်ပါတီ ဗဟို ဥက္ကဌ ဦးဇော်ဝင်းထွန်းက RiA သို့ ပြောသည်။

ရခိုင်မျိုးချစ်ပါတီ (APP) ကို ကြေညာချက်အမှတ် (၁၅/၂၀၁၄) အရ နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၉၇) ဖြင့် ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ်လည်းကောင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ပါတီကို ကြေညာချက် အမှတ် (၁၈/၂၀၁၇) အရ  နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၁၀၃) ဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် လည်းကောင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသီးသီး တည်ထောင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Related Post

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency