ရခိုင်နိုင်ငံရေးပါတီနှစ်ခုပူးပေါင်းမည့်ကိစ္စ အတည်ပြုဆုံးဖြတ်မည့်ရက်ကို ရွေ့ဆိုင်း

By Admin | Posted on January 9, 2018 | Also posted in News, Politics | | Tagged , , , |

224 Views

APP and ALD - 1_ RiA

နောင်နောင်/ RiA

စစ်တွေ၊ ဇန်နဝါရီ ၉ ရက်။ ရခိုင်နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းမည့် ကိစ္စနှင့်ပတ်သက်၍ မူလက ဇန်နဝါရီလ ၈ ရက်နေ့တွင် အတည်ပြုဆုံးဖြတ်ချက်ကို ထုတ်ပြန်မည်ဟု ဆိုခဲ့သော်လည်း ဇန်နဝါရီလ နောက်ဆုံး သီတင်းပတ်တွင်သာ ထုတ်ပြန်တော့မည်ဟု ရွေ့ဆိုင်းလိုက်သည်။

အဆိုပါ နိုင်ငံရေးပါတီ နှစ်ခုမှာ ပူးပေါင်းပါတီ ရခိုင်အမျိုးသားပါတီမှ ခွဲထွက်လာကြသည့် နိုင်ငံရေးသမားတို့ ဦးဆောင်ပြီး တည်ထောင်ခဲ့ကြသော ရခိုင်မျိုးချစ်ပါတီ APP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ ဖြစ်ကြသည်။

“ကျနော်တို့က အခုစည်းရုံးရေး ခရီးစဉ်က သွားနေကြတုန်းပဲရှိပါသေးတယ်။ ခရီးစဉ်က မပြီးဆုံးသေးပါဘူး။ ဒီခရီးစဉ်ပြီးဆုံးမှပဲ အတည်ပြုသွားမှာပါ။” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ဗဟို ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က RiA သို့ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားသည်။

ရခိုင်မျိုးချစ်ပါတီ (APP) သည် ဒီဇင်ဘာလ ၂ ရက်နေ့က ၎င်းတို့၏ (၄) ကြိမ်မြောက် ပါတီမျက်နှာစုံညီ အစည်းဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပြီး ယင်းအစည်းဝေးမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD ) နှင့် ပူးပေါင်းရန် သဘောတူဆုံးဖြတ်ခဲ့ကြပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပူးပေါင်းလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဌာနချုပ်ရုံးသို့ တရားဝင်စာပေးပို့ခဲ့သည်။

အဆိုပါ ပေးပို့စာနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်အနေနှင့် ပါတီတွင်း ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ထားပြီး ဖြစ်သော်လည်း အကြောင်းပြန်ထုတ်ပြန်ချက်ကိုမူ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်မည်ဟု အစောပိုင်းက သတင်းမီဒီယာများသို့ ဖြေကြားထားခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ စောင့်ကြည့်ရအုံးမှာပါ။ ကျနော်တို့ ဖက်ကတော့ တရားဝင် ပေးပို့ထားတာဖြစ်တဲ့အတွက် ဇန်နဝါရီလကုန်ပိုင်း အထိ စောင့်ဆိုင်းသွားမှာပါ။ ထွေထွေထူးထူးပြောစရာတော့မရှိပါ။ သူတို့ဖက်က ဘယ်လို ပုံစံမျိုးနဲ့ ဘာတွေ အကြောင်းပြန်လာရမလဲ ဆိုတာကို စောင့်ဆိုင်းနေပါတယ်။ ဒီလကုန်ပိုင်းထိ အကြောင်းပြန်တာတွေ မရှိဘူးဆိုရင်တော့ ထပ်ပြီးတော့ ပါတီအစည်းဝေးခေါ်ယူသွားရမှာပါ။ တကယ်လို့ သူတို့ဖက်က မပူးပေါင်းဘူးဆိုလဲ APP အတိုင်းပဲ ရှေ့ဆက်သွားမှာပါ။ ပူးပေါင်းလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။” ဟု ရခိုင်မျိုးချစ်ပါတီ ဥက္ကဌ ဦးဇော်ဝင်းထွန်းက RiA သို့ ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်သည် လက်ရှိအချိန်တွင် ရခိုင်မြောက်ပိုင်းမြို့နယ်များသို့ ပါတီစည်းရုံးခရီးစဉ်များ ဆင်းလျက်ရှိပြီး ယခုလ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြီးဆုံးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။

အဆိုပါ ခရီးစဉ်ပြီးဆုံးသည့်အခါမှသာ ဇန်နဝါရီလမကုန်ခင် နောက်ဆုံးထား၍ နှစ်ပါတီ ပူးပေါင်းမည်၊ မပူးပေါင်းမည်ကို အတိအလင်း သတင်းထုတ်ပြန်နိုင်မည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ဗဟို ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က ပြောသည်။

“နောက် ၁၄ ရက်၊ ၁၅ ရက်လောက်ဆိုရင်တော့ ဒီခရီးစဉ် ပြီးဆုံးမယ်ထင်ပါတယ်။ ပြီးမှပဲ ရန်ကုန်မှာ ပါတီဝင်တွေ ဆုံပြီးတော့ ပါတီပေါင်းဖို့ မပေါင်းဖို့ကို စီစဉ်ရမှာပါ။” ဟု ဦးဦးလှမြင့်က RiA ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

Related Post

Comments

comments

Root Agency