ANP မှ ခွဲထွက် တည်ထောင်သည့် တတိယမြောက် ပါတီ ပေါ်ပေါက်ရန် ကြိုးပမ်းနေ

By Admin | Posted on January 10, 2018 | Also posted in News, Politics | | Tagged , , |

1137 Views

DSC_0195-1024x678 _ Dr Aye Maung

နောင်နောင်/RiA ၊

စစ်တွေ၊ ဇန်နဝါရီလ ၁၀ ရက်။ ရခိုင်အမျိုးသားပါတီမှ ခွဲထွက်လာသည့် နိုင်ငံရေးသမားတို့ ဦးဆောင်ပြီး နိုင်ငံရေးပါတီသစ် နှစ်ရပ် ပေါ်ပေါက်ခဲ့ပြီး ဖြစ်ရာ ထပ်မံ၍ ပါတီသစ်တစ်ရပ် ထွက်ပေါ်လာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ယင်းပါတီသစ်ကို ဒေါက်တာ ဦးအေးမောင်မှ ဦးဆောင်မည်ဟု ရခိုင့်နိုင်ငံရေးအသိုင်းအဝန်းက ခန့်မှန်းထားကြသည်။

ဒေါက်တာ ဦးအေးမောင်မှာ ရခိုင်အမျိုးသားပါတီ၏ ဗဟို ဥက္ကဌ ရာထူးမှ နုတ်ထွက်လိုကြောင်း တင်ပြထားပြီးနောက် ပြည်တွင်းအခြေစိုက် ရုပ်သံသတင်းဌာနတစ်ခုဖြစ်သော MCN နှင့် တွေ့ဆုံစဉ်တွင် ပြည်သူလူထု တောင်းဆိုပါက ပါတီသစ်တရပ် ထူထောင်သွားမည်ဟု ပြောကြားထားသူလည်း ဖြစ်သည်။

သူ့အနေဖြင့် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်တို့ အပါအဝင် မြို့နယ်တစ်ချို့တွင် နိုင်ငံရေးသမားများနှင့် တွေ့ဆုံ၍ နိုင်ငံရေးပါတီသစ်တစ်ရပ် ထူထောင်သင့်မသင့် ဆွေးနွေးလျက်ရှိနေသည်။

အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ၎င်းအား ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ပါတီသစ် တစ်ရပ်ပေါ်ပေါက်လာမည့် သတင်းနှင့် ထိုပါတီကို ဒေါက်တာ ဦးအေးမောင်မှ ဦးဆောင်သွားမည့်ကိစ္စနှင့် စပ်လျဉ်းပြီး အတည်ပြု မေးမြန်းခဲ့ရာတွင်မူ မဆုံးဖြတ်ရသေးဘဲ ဆွေးနွေးနေဆဲ အဆင့်တွင်သာ ရှိသည်ဟု ဖြေကြားခဲ့သည်။

“ပါတီသစ် တည်ထောင်ဖို့ဆိုတာက အခုပြောလို့မရသေးဘူးဗျ။ တည်ထောင်ဖို့အတွက်တော့ လူတွေက တိုက်တွန်းနေကြတဲ့ သူတွေလည်း ရှိနေပါတယ်။ တကယ် တည်ထောင်မယ် လို့လဲ အတည်ပြုမပြောသေးဘူး။ အခုက တိုင်ပင်ဆွေးနေတဲ့ အချိန်ကာလပဲ ရှိသေးတယ်။ အခုလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်ဖို့ ခရီးသွားနေပါတယ်။” ဟု ဒေါက်တာ ဦးအေးမောင်က RiA သို့ ပြောသည်။

ANP ပါတီမှ နုတ်ထွက်စာ တင်ထားသည့် ဗဟိုဥက္ကဌ ဒေါက်တာ ဦးအေးမောင်ကို ပါတီက တရားဝင် နုတ်ထွက်ခွင့် မပြုသေးဘဲ နုတ်ထွက်စာကို ပြန်လည်သုံးသပ်ဖို့ ဇန်နဝါရီ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ ၄ ရက်တာ ကျင်းပခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံရေးသမား တစ်ဦးသည် ပါတီနှစ်ခုတွင် တပြိုင်နက်တည်း ဝင်ရောက်လှုပ်ရှားခွင့်မရှိဟု ဖော်ပြထားရာ ဒေါက်တာ ဦးအေးမောင်အား ပါတီမှ တရားဝင် ထုတ်ပယ်ခြင်း၊ နုတ်ထွက်ခြင်းပြုခြင်းကို မရရှိသေးသမျှ ၎င်းအနေဖြင့် ပါတီသစ်တစ်ရပ်ကို ထူထောင်ရန်ဖြစ်စေ၊ အခြားပါတီတစ်ရပ်တွင် ဝင်ရောက်ရန် ဖြစ်စေ ပါဝင်နိုင်ခြင်း ရှိဦးမည် မဟုတ်ပါ။

ရခိုင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်တို့ ပူးပေါင်း၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းပြီးနောက် သဘောထားမတိုက်ဆိုင်ဟု ဆိုကာ ပါတီဝင်တချို့ နုတ်ထွက်ခဲ့ပြီး ရခိုင်မျိုးချစ်ပါတီကို ၂၀၁၅ ခုနှစ်တွင် ထူထောင်ခဲ့သလို ၂၀၁၆ ခုနှစ်တွင် ပါတီထိပ်သီးတချို့ ထပ်မံနုတ်ထွက်ခဲ့ကြပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်အား ခွဲထွက်၍ ပြန်တည်ထောင်ခဲ့ကြခြင်းလည်း ဖြစ်ရာ ယခု ပါတီသစ် ထပ်မံပေါ်ပေါက်မည်ဆိုပါက ANP ၏ ခွဲထွက် တတိယမြောက်ပါတီဟု ဆိုရမည် ဖြစ်သည်။

Related Post

Comments

comments

Root Agency