ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်မှု ဥပဒေပုဒ်မနှင့် ဖမ်းဆီး၊ စစ်တွေ အကျဉ်းထောင်ကိုပို့

By Admin | Posted on January 18, 2018 | Also posted in News, Politics | | Tagged , |

231 Views

DSC_0189

နောင်နောင်/RiA

စစ်တွေ၊ ဇန်နဝါရီလ ၁၈ ရက်။ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ဥပဒေပုဒ်မ ၁၂၁ (ခ) ဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ၎င်း၏ နေအိမ်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ယခုအခါ စစ်တွေအကျဉ်းထောင်သို့ ပို့လိုက်ပြီဖြစ်သည်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားမှာ ဒေါက်တာ ဦးအေးမောင်၏ ဟောပြော ချက်များသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေသည့် စကားရပ်ဝန်းများပါရှိပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပျက်ပြားအောင် ဟောပြောမှုများ ပြုလုပ်သည်ဟုဆိုကာ အမှုဖွင့် ဖမ်းဆီးရန် သမ္မတရုံးမှ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

“သူက မဟုတ်တာမလုပ်ဘူး။ မှန်တာပဲလုပ်တယ်။ အဲလိုအာဏာရှင်ဆန်ဆန် ပုဒ်မတွေစွဲပြီး ဖမ်းသွားတယ်ဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ကျမကတော့ ဝမ်းတော့မနည်းပါဘူး။ သူကကောင်းတဲ့အလုပ်ကိုပဲ လုပ်တယ်။ အမျိုးသားရေး တစ်ခုတည်းတောင် မဟုတ်ဘဲ တိုင်းရင်းသားအရေးတွေကိုလဲ လုပ်တယ်။ သူတို့က ဘာပုဒ်မနဲ့ စွဲတယ်ဆိုတာတော့ ကျမ မသိဘူး။” ဟု ဒေါက်တာ ဦးအေးမောင်၏ ဇနီးမှ မီဒီယာများကို ပြောသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် “လလေ့ကွယ် ပြည်လေ့ဆုံး” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ကျင်းပခဲ့သည်။

ထိုဟောပြောပွဲပါ ပြောကြားချက်များသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေသည်ဟု ဆိုကာ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကိုဝေဟင်အောင်ကို ဖမ်းဆီးခဲ့သလို ယနေ့တွင် ဒေါက်တာ ဦးအေးမောင်အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – RiA

Related Post

Comments

comments

Root Agency