ရခိုင်အရေးဝေဖန်သုံးသပ်သူ နေဆန်းလွင်နှင့် အင်တာဗျူး

By မင်းမင်း | Posted on January 19, 2018 | Also posted in Interview | | Tagged |

4533 Views

နေဆန်းလွင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မေးဖွားခဲ့ပြီး၊ ငယ်စဉ်ကတည်းက အစိုးရအမှုထမ်း မိဘနှစ်ပါး တာဝန်ကျရာ ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့သည်။ ၎င်းသည် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။

၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အလုပ်လုပ်ကိုင်ခဲ့ကာ ၂၀၁၁ ခုနှစ်မှစ၍ ဥရောပတွင် နေထိုင်လျက်ရှိသည်။ လက်ရှိ ရိုဟင်ဂျာအရေးကိစ္စများကိုသာ ဇောက်ချ၍ လုပ်ကိုင်လျက်ရှိသည်။ ၎င်း၏ ဖခင် ဦးဘစိန် တည်ထောင်ထားသည့် Rohingya Blogger တွင် တတ်နိုင်သရွေ့ ကူညီ အားဖြည့်လျက်ရှိသည်။

NSL-DW2

ဥရောပတွင် အခြေစိုက်၍ ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေသူ နေဆန်းလွင် (Photo Credit: Arafatul Islam/DW)

 

၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ (၃)၊ အမှတ် (၁) The Root Magazine မှ အင်တာဗျူး ဖြစ်ပါသည်။

 

မင်းမင်း မေးမြန်းသည်။

 

မေး။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။ လက်ရှိမြန်မာ့နိုင်ငံရေးကို အများအားဖြင့် အရပ်သားအစိုးရက အာဏာအပြည့်အဝ မရှိသေးဘူးလို့ ပြောနေကြပေမယ့် ရခိုင်အရေးကျတော့ အရပ်သားအစိုးရရော၊ စစ်တပ်ပါ တစ်သွေးတည်းတစ်သားတည်း မြင်နေရတယ်။ ပြီးတော့ သတင်းလွတ်လပ်ခွင့်နဲ့ အခြားလွတ်လပ်စွာ ပြောဆိုခွင့်တွေမှာလည်း စစ်တပ်နဲ့ အစိုးရက တစ်ပုံစံတည်း ဖြစ်နေတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျော့ပါးသွားအောင် အရပ်အစိုးရက လုပ်ဆောင်နေတာလည်း မတွေ့ရဘူး။ အရပ်သားအစိုးရက စစ်တပ်ရဲ့ အလိုအတိုင်း မျှောပြီး သွားနေတယ်။ အရပ်သားအစိုးရလက်ထက်မှာ စစ်တပ်ဆိုတာ နိုင်ငံတော်လုံခြုံရေးအတွက်သာ ဖြစ်ပြီး၊ အခြား အခန်းကဏ္ဍတွေမှာ စွက်ဖက်ခွင့်မရှိဘူး၊ တပ်ချုပ်ကြီးဆိုတာ သမ္မတနဲ့ ယှဉ်လိုက်ရင် သာမန် ၀န်ကြီး တစ်ပါးလောက်တောင် အဆင့်မရှိပေမယ့် အခုကတော့ တပ်ချုပ်ကြီးရဲ့ အာဏာက အားလုံးထက် မြင့်နေတယ် ဆိုတာ အတိုင်းသား မြင်နေရတယ်။ အတိုချုံး ပြောရရင် ဒီမိုကရေစီ အရပ်သားအစိုးရ အုပ်ချုပ်ရေးကို ရောက်ဖို့ အခြေခံဥပဒေ မပြင်နိုင်တဲ့အတွက် (ပြင်ဖို့လည်း အစီအစဉ် ဘာမှမမြင်ရတဲ့အတွက်) အရပ်သားအစိုးရက အမြင်သာ ဖြစ်ပြီး စစ်တပ်ကသာ ဆက်လက်အုပ်စိုးသွားမယ့် အနေအထားမှာ ရှိနေပါတယ်။

မေး။ အကိုပြောသွားတဲ့ထဲမှာ – ရခိုင်အရေးကျတော့ အရပ်သားအစိုးရရော၊ စစ်တပ်ပါ တစ်သွေးတည်း တစ်သားတည်း မြင်နေရတယ်။ ပြီးတော့ သတင်းလွတ်လပ်ခွင့်နဲ့ အခြားလွတ်လပ်စွာ ပြောဆိုခွင့်တွေမှာလည်း စစ်တပ်နဲ့ အစိုးရက တစ်ပုံတည်း ဖြစ်နေတယ်။ – ဆိုတဲ့အပိုင်းကို ပြန်ရှင်းပြပေးနိုင်မလား။ ဘယ်လိုနေရာတွေမှာ ဆိုတာ တိတိကျကျ ပြောပေးစေချင်တာပါ။

ဖြေ။ ရခိုင်အရေး ဆိုတာ – အဓိက ရိုဟင်ဂျာအရေးပါ။ ၂၀၁၆ အောက်တိုဘာလ ၉  ရက်နေ့နဲ့ ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့တွေမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေကို ARSA လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်တာကို အကြောင်းပြပြီး နယ်မြေ ရှင်းလင်းရေးခေါင်းစဉ်နဲ့ ရိုဟင်ဂျာအရပ်သား သောင်းဂဏန်း အထက် သတ်ဖြတ်ခဲ့တယ်၊ အမျိုးသမီးနဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်တယ်။ ရွာတွေ ရာနဲ့ချီပြီး မီးရှို့ခဲ့တယ်။ ဒီရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ငြင်းလို့မရတဲ့ အထောက်အထား မျိုးစုံရှိတယ်။ ကျွန်တော်ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကလေးငယ်တွေကို လောင်ချာနဲ့ ပစ်လို့ ခြေထောက် ဖြတ်ထားရတာတွေ၊ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေ အကုန်မြင်ခဲ့ရတယ်။ ဆေးမှတ်တမ်းတွေ ဖတ်ခဲ့တယ်။ ဆိုတော့ စစ်တပ်က ရာဇ၀တ်မှု ကျူးလွန်ခဲ့တာ ၁၀၀% သေချာတယ်။

ဒီပြစ်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်က မဟုတ်ဘူးလို့ ငြင်းနေသလို၊ အစိုးရဘက်ရော အာဏာရပါတီ NLD ရော အကုန်တူတူပါပဲ။ လုံးဝ ကျူးလွန်ခြင်း မရှိပါဘူးလို့သာ ပြောနေတယ်။

ပြီးတော့ ရိုဟင်ဂျာတွေ အာရ်ကာန်ဒေသမှာ နှစ်ပေါင်းရာနဲ့ချီ ရှိနေခဲ့မှုတွေ၊ သမိုင်းကို ငြင်းပယ်နေမှုတွေက အစိုးရ၊ အာဏာရပါတီ၊ စစ်တပ် အားလုံးတူတူပါပဲ။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အခု ကိုဝလုံး ကိုကျော်စိုးဦးတို့ အဖမ်းခံထားရတယ်။ ဒါက အဓိက ရိုဟင်ဂျာတွေကို သတ်ဖြတ်တာတွေနဲ့ ပတ်သက်တဲ့ အထောက်အထား ကိစ္စနဲ့ ဖမ်းထားတာပါ။ နောက် ကိုအောင်နိုင်စိုးတို့ နေပြည်တော်မှာ ဖမ်းခံရတယ်။ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ပြောဆိုသူတွေကို ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးတယ်။ အရင် ဦးသိန်းစိန်လက်ထက်နဲ့ အခု NLD အစိုးရ လက်ထက် ယှဉ်လိုက်ရင် ၆၆ (ဃ) နဲ့ ဖမ်းဆီးမှုက အခု အစိုးရ လက်ထက်မှာ ပိုများနေတယ်။

ရခိုင်ဒေသကို သတင်းထောက်တွေကို သွားလာခွင့်မပေးဘူး။ အစိုးရ အစီအစဉ်နဲ့သာ သွားခွင့်ပေးတယ်။

စစ်အစိုးရလက်ထက်က အတိုင်းပါပဲ။ အခုထိ ဘာမှ ပြောင်းလဲမှု မရှိဘူး။ ၆၆ (ဃ) ကိစ္စမှာ အာဏာရပါတီက ပါတီဝင်တွေတောင် ဒီပုဒ်မနဲ့ ခြိမ်းခြောက်တာတွေ ရှိတော့ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်မှာ အစိုးရနဲ့ စစ်တပ်က သဘောထား တူတူပါပဲလို့သာ ပြောရပါမယ်။

 

IMG_6681

မောင်တောမြို့နယ် မြို့သူကြီးရွာ၊ မင်းကြီးရွာ (တိုလာတူလီ) နှင့် အခြားရွာများမှ အသက်ရှင်ထွက်ပြေးလွတ်မြောက်လာသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူသူပါလောင် ဒုက္ခသည်စခန်းတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့က တွေ့ဆုံ မေးမြန်းနေစဉ်

 

မေး။ ရခိုင်အရေးမှာ အရပ်သားအစိုးရနဲ့ စစ်တပ်က တသားတည်းလို့ အစ်ကိုက ယူုဆတယ်ဆိုတော့ စစ်တပ်ဟာ ဘယ်လိုနေရာကနေ ရှိနေသင့်တယ်လို့ အစ်ကို ထင်ပါသလဲ။

ဖြေ။ စစ်တပ်က နိုင်ငံတိုင်းမှာ ရှိပါတယ်။ စစ်တပ်ကို အရပ်သားအစိုးရ အကြီးအကဲ သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ်က အမိန့်ပေးတာ။ အနီးဆုံးကို ပြောရရင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း အမျိုးသမီး အုပ်ချုပ်နေတာပါ။ ဟိုတလောက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့ စစ်တပ်ကို လွှတ်တော့ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက တပ်ချုပ်ကြီးကို ကျွန်မ အမိန့်ပေးလိုက်တာပါလို့ မီဒီယာတွေကို ပြောတယ်။ အခြားနိုင်ငံတွေ အားလုံးမှာ ဒီလိုပါပဲ။ ကျွန်တော် အခု ဥရောပမှာနေတယ်။ တပ်ချုပ်ကြီးက ဘယ်သူလဲဆိုတာ သိတောင် မသိဘူး။ သူ့အလုပ် သူလုပ်တယ်။ သူက အများပြည်သူရှေ့ ထင်ပေါ်ရမယ့် သူမဟုတ်လို့ မထင်ပေါ်ဘူး။ အဲဒီတော့ အများက သူ့ကို မသိကြဘူး။

ကျွန်တော့် သဘောကလည်း အခြားနိုင်ငံတွေမှာ စစ်တပ်က ဘယ်လိုနေရာမှာနေလဲ အဲလိုနေရာမှာသာ နေရမှာပါ။

စစ်တပ်က စစ်တပ်နေရာ နေမှသာ အခြား လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးယူမယ့် ကိစ္စတွေ အောင်မြင်မှာပါ။

နိုင်ငံတော်နဲ့ ပတ်သက်တာအားလုံး အရပ်သားအစိုးရကသာ ဆုံးဖြတ်ခွင့်ရှိရပါမယ်။

မေး။ ARSA အပေါ် ကိုနေဆန်းလွင် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ ရှိနေပါပြီ။ AA, ALP နဲ့ အခုနောက်ဆုံးပေါ် ARSA ပါ။ အဖိနှိပ် ခံရတာများရင် လက်နက်ကိုင် တော်လှန်တာ ဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ARSA ကို AA, ALP နဲ့ အခြား လက်နက်ကိုင်အဖွဲ့တွေလို လက်နက်ကိုင် တော်လှန်တဲ့ အဖွဲ့တစ်ဖွဲ့လိုသာ မြင်ပါတယ်။ ဒါပေမယ့် ARSA နဲ့ အခြားအဖွဲ့တွေ ယှဉ်ကြည့်လိုက်ရင် ARSA က စနစ်တကျ တည်ထောင်ထားတဲ့ အဖွဲ့ မဟုတ်ဘဲ ရရာ လက်နက်စွဲကိုင် တော်လှန်မယ်ဆိုတဲ့ အဖွဲ့မျိုးလို့ မြင်ရတယ်။ စနစ်တကျ မရှိဘူး။ စနစ်တကျ မရှိတဲ့ အဖွဲ့တွေက ရေရှည်မြဲဖို့တော့ မလွယ်ဘူး။ အဲဒါကြောင့် ARSA ရဲ့ တိုက်ခိုက်မှု နှစ်ခု နောက်ပိုင်းမှာ မြေပြင်မှာ ARSA အဖွဲ့ဝင်တွေ မရှိသလောက်လို့ ကြားနေရတယ်။

မေး။ အစိုးရက ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသလို အခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သဘောချင်း မတူဘူးလို့ ယူဆထားပုံ ရပါတယ်။ ဘာကြောင့်လို့ ထင်လဲ။

ဖြေ။ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့လို့ သုံးတာတွေ ရှိပါတယ်။ ဥပမာ အခုတလော AA ကို အဲလိုသုံးတယ်။ ARSA ကို ကျတော့ အစွန်းရောက် အကြမ်းဖက်အဖွဲ့လို့ သုံးတယ်။ အဓိက ရိုဟင်ဂျာက မွတ်စလင်ဖြစ်လို့ အစ္စလာမ် နာမည် အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်တဲ့ အဖွဲ့တွေနဲ့ ဆက်နွယ်ပြီး နိုင်ငံတကာက မြင်လာအောင် ရုပ်လုံးဖော်ကြည့်တာပါ။ နိုင်ငံတကာမှာ ARSA ကို insurgency အနေနဲ့သာ သုံးပါတယ်။ မြန်မာအစိုးရနဲ့ စစ်တပ်က ပြောသလို terrorism နဲ့ ဘောင်မ၀င်ပါဘူး။ မွတ်စလင်ဖြစ်လို့ terrorrist ဖြစ်ရမယ်ဆိုပြီး လုပ်လိုက်ပေမယ့် နိုင်ငံတကာရဲ့ ထောက်ခံမှု မရလိုက်ဘူး။

မေး။ ကျွန်တော်တို့ သိလိုတာက ARSA ကို အခြားတိုင်းရင်းသားလက်နက်ကိုင်တွေ EAOs တွေနဲ့ တန်းတူ ထည့်သွင်းစဉ်းစားတာ မတွေ့ရဘဲ အကြမ်းဖက်ပြဿနာဖြေရှင်းရေးလို အစိုးရဘက်က ယူဆ ဖြေရှင်းနေတာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ထင်လဲ။

ဖြေ။ အခုနက ကျွန်တော်ပြောခဲ့သလို အဓိက ပြဿနာက မွတ်စလင် ဖြစ်နေလို့ပါ။ မွတ်စလင် လက်နက်ကိုင်တိုင်း အကြမ်းဖက်မှု ဆိုတာမျိုးကို ဆွဲယူလိုက်တာပါ။

တကယ်တော့ ဒါက အကြမ်းဖက်မှု ပြဿနာမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်မှု၊ သူပုန်ထမှု ပြဿနာပါ။

ရိုဟင်ဂျာကို နိုင်ငံသား၊ တိုင်းရင်းသားလို့ မစဉ်းစားတော့တဲ့ အတွက် အခြားတိုင်းရင်းသားတွေနဲ့ တန်းတူ မစဉ်းစားတာကလည်း တစ်ပိုင်းပါပါတယ်။

နိုင်ငံတကာမှာ ပေါ်ပြူလာဖြစ်တဲ့ terrorism နဲ့ ချက်ချင်းချိတ်ဆက်ပြပြီး နိုင်ငံတကာက ARSA ကို ဖိနှိပ် နှိပ်ကွပ်လာမယ်၊ ရိုဟင်ဂျာတွေကို ထောက်ခံမှု လျော့နည်းလာမယ် စတဲ့ မျှော်လင့်ချက်လည်း ပါပါတယ်။

 

IMG_6567

မောင်တောမြို့နယ် မင်းကြီးရွာ (တိုလာတူလီ) တွင် စစ်သားများက မုဒိမ်းကျင့်ပြီးနော်က မီးရှို့ခံခဲ့ရသည့် ဒေါ်မွန်သာဇ်ဘေဂမ်နှင့် ဒေါ်ဒီလ်ဒါလ်ဘေဂမ်တို့ ညီအစ်မနှစ်ဦးနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီ ဒုက္ခသည်စခန်း၌ တွေ့ဆုံ၍ ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့က ၎င်းတို့အား စစ်သားများက အကြမ်းဖက်ခဲ့ပုံကို မေးမြန်းနေစဉ်

 

မေး။ အပေါ်က အကို့ အဖြေထဲမှာ စစ်တပ်က စစ်တပ်နေရာနေမှသာ အခြားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ယူမယ့်ကိစ္စတွေ အောင်မြင်မယ်လို့ ဖြေထားတာ တွေ့ရပါတယ်။ အစ်ကိုက လက်နက်ကိုင် တော်လှန်မှုလို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်မှာ ARSA ကိုပါ ခေါ်သင့်တယ်လို့  ဆိုလိုတာလား။

ဖြေ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူမျိုးစုအားလုံးရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ဆုံးဖြတ်ရမှာက အစိုးရက ဆုံးဖြတ်ရမှာပါ။ စစ်တပ်က မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်မှာ AA လည်း မပါသေးပါဘူး။ ARSA ဆိုတာတော့ အဝေးကြီးမှာပါ။ နိုင်ငံအတွင်း တကယ် ငြိမ်းချမ်းရေးလိုချင်ရင် ဘယ်အဖွဲ့အစည်းကိုမှ ပစ်ပယ်ထားလို့ မရဘူး။

ARSA ဖြစ်ပေါ်လာတာက ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး အတွက်ကြောင့်ပါ။ အခြားသဘာဝ သယံဇာတ ကိစ္စတွေ မပါပါဘူး။ အဲဒီတော့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားကိစ္စ၊ လူ့အခွင့်အရေး ကိစ္စတွေ ပြေလည်အောင် ဖြေရှင်းလိုက်ရင် ARSA ဆိုတာလည်း သူ့အလိုလို ပျောက်သွားမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်မှာ ARSA ပါဖို့ မပါဖို့ ဆိုတာထက် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကိစ္စသာ အရေးကြီးတာပါ။

မေး။ အစိုးရဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေအပေါ် ဘယ်လို သုံးသပ်ချင်သလဲ။

ဖြေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အမျိုးသားမှတ်ပုံတင် ထုတ်ပေးတော့ မောင်တောနဲ့ သန်လျင်မှာ ပထမဆုံး ထုတ်ပေးခဲ့တာပါ။ ၁၉၈၂ မတိုင်မီအထိ ရိုဟင်ဂျာတွေ အားလုံး အမျိုးသားမှတ်ပုံတင် ရခဲ့ကြတယ်။ ၁၉၈၉ မှာ နိုင်ငံသား စိစစ်ရေးကဒ်ပြား (ပန်းရောင်ကဒ်) တွေ ထုတ်ပေးမယ်ဆိုပြီး လျှောက်ခိုင်းခဲ့တယ်။ ပန်းရောင်ကဒ် မထုတ်ပေးဘဲ အဖြူကဒ် (ယာယီသက်သေခံကဒ်ပြား) တွေကို ၁၉၉၄ ခုနှစ်မှာ အတင်းအဓမ္မ ထုတ်ပေးခဲ့တယ်။ ၂၀၁၅ ကျတော့ အဖြူကဒ်တွေကို ဖျက်သိမ်းပစ်တယ်။ နောက်ပိုင်းမှာ NVC ကဒ်ကို အတင်း ကိုင်ခိုင်းနေတယ်။ NVC ကဒ် လျှောက်တာမှာ မြန်မာနိုင်ငံကို ဘယ်လမ်းကြောင်းကနေ ရောက်လာသလဲဆိုတာမျိုး မေးထားတယ်လို့ လူတွေက ပြောကြတယ်။ ဒါက နိုင်ငံခြားက ရောက်လာသူဆိုတာမျိုး ဖန်တီးထားတာပါ။ နောက်တစ်ဖက်မှာ အထောက်အထား မရှိသူတွေသာ NVC ကိုင်ရမယ်လို့ ပြောတယ်။ ရိုဟင်ဂျာတွေမှာ အထောက်အထား အနေနဲ့ အနည်းဆုံး အိမ်ထောင်စုစာရင်းတော့ ရှိကြတယ်။ NVC က အဓိက နိုင်ငံခြားက ရောက်လာသူ ဆိုတဲ့ အသွင်မျိုး ဖမ်းထားတာကြောင့် ဘယ်သူ့မှ NVC ကိုင်ဖို့ သဘောမတူကြဘူး။ ၁၉၈၉  ခုနှစ်မှာ ပြောခဲ့တာတစ်မျိုး၊ ၂၀၁၀ မှာ မဲဆွယ်တော့တစ်မျိုး၊ ပြောသမျှ တစ်ခုမှ ဖြစ်မလာတဲ့အတွက် ဘယ်သူ့မှ အယုံအကြည် မရှိကြဘူး။ အဲဒါကြောင့် လက်ရှိ NVC အတင်း ကိုင်ခိုင်းတာထက် နိုင်ငံသား တိုက်ရိုက် လျှောက်ခိုင်းတာက ပိုပြီး အဆင်ပြေစေမယ်။ အားလုံး လက်ခံမယ်လို့ ထင်တယ်။

မေး။ အစိုးရဘက်ကတော့ ရခိုင်ဒေသမှာ တစ်ဘက်နိုင်ငံက ခိုးဝင်လာသူတွေ ရှိနေတယ်။ ဒါကြောင့် စိစစ်လက်ခံမှ ရမယ်လို့ ယူဆထားတယ်။ တကယ်နိုင်ငံသားဖြစ်ထိုက်သူတွေ နိုင်ငံသားဖြစ်လာအောင်၊ တစ်ဘက်နိုင်ငံက လာသူတွေကိုလည်း စိစစ်လို့ ရအောင် ဆိုရင် ဘယ်လိုစိစစ်သင့်ပါသလဲ။

ဖြေ။ ခိုးဝင်လာတယ်ဆိုတာကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၀ါဒဖြန့်ခဲ့ပြီး၊ ဦးသိန်းစိန်နဲ့ ဦးခင်ရီတို့က ခိုးဝင်လာသူ မရှိသလောက်နည်းပါးတယ်လို့ ပြန်ဖြေခဲ့တယ်။

ရိုဟင်ဂျာတွေကို အမိုးပွင့်အကျဉ်းထောင်ထဲမှာ ထားသလို ထားလာတာ ၁၉၉၂ ခုနှစ်ကတည်းကပါ။ ၁၉၇၈ ခုနှစ်ကစပြီး စစ်ဆင်ရေး ပေါင်းစုံလုပ်ခဲ့တယ်။

ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေ ခိုးဝင်မယ် မ၀င်ဘူးဆိုတာကို သုံးသပ်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေအနေကိုလည်း နားလည်ရပါမယ်။ ကျွန်တော့်အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အချိန်အတန်ကြာနေပြီး လေ့လာဖူးတာရယ်၊ နိုင်ငံပေါင်းစုံမှာ ဘင်္ဂါလီတွေ ပြောင်းရွှေ့လုပ်ကိုင်တာတွေကို လေ့လာဖူးတာရယ်၊ ကျွန်တော်တို့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂါလီတွေရဲ့ ကွာခြားပုံတွေကို သုံးသပ်ပြီး ပြောရရင် ခိုးဝင်မရှိဘူးလို့ အာမခံနိုင်တယ်။

အဲဒါကြောင့် ၁၉၇၄ ခုနှစ်မှာ စံပယ်စီမံကိန်းချမှတ်ပြီး သိမ်းဆည်းခဲ့သမျှ အမျိုးသားမှတ်ပုံတင်တွေ ပြန်ထုတ်ပေးပြီး ရှင်းလိုက်ရင် ခိုးဝင် ရှိ/မရှိ ဆိုတာ ရှင်းသွားပါမယ်။

အဓိက မှတ်ပုံတင်တွေ၊ စာရွက်စာတမ်းတွေ အကုန်သိမ်းပစ်တယ်။ လူတွေကို အထောက်အထားမဲ့အောင် လုပ်ပြီးမှ ခိုးဝင်တွေလို သမုတ်တာပါ။ နှစ်ရှည်စီမံကိန်းနဲ့ ဒီလူမျိုးစုတစ်ခုလုံးအောင် ရှင်းဖို့ လုပ်ထားတာကြောင့် ချမှတ်ထားတဲ့ မူဝါဒအရ ခိုးဝင်ဆိုတဲ့ စကားလုံးက ဖြစ်လာတာပါ။ ခိုးဝင်တကယ်ရှိလို့ ဖြစ်လာတာ မဟုတ်ပါဘူး။

မေး။ အကိုကတော့ ခိုးဝင်မရှိဘူးလို့ အာမခံနိုင်တယ်ဆိုပေမယ့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေကတော့ ဒီဒေသမှာ ခိုးဝင်သူတွေ ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။  တကယ်တမ်း ဒီပြဿနာက ကွန်မျူနတီနှစ်ခု ပြေလည်မှ ငြိမ်းချမ်းမယ့် ကိစ္စဖြစ်နေတော့ ဒီစိုးရိမ်မှုတွေကို ဖြေဖျောက်ဖို့ ပြဿနာဖြေရှင်းဖို့ နှစ်ဘက် ယုံကြည်မှုတွေကို ဘယ်လို တည်ဆောက်လို့ ရမလဲ။

ဖြေ။ နှစ်မျိုးလူမျိုးစု ပြဿနာဆိုတာ ကျွန်တော် မြင်တာတော့ ၂၀၁၂ ခုနှစ်မှာပါ။ ၂၀၁၂ အရင်က ပြဿနာရှိခဲ့တယ် ဆိုရင်တောင် မပြောပလောက်တဲ့ ပြဿနာသာ ဖြစ်ပါတယ်။

အမှန်တရားကို ၀ါဒဖြန့်မှုတွေနဲ့ လွှမ်းမိုးထားတယ်။ ၀ါဒဖြန့်တာကို ရည်ရွယ်ချက်ချက်ရှိရှိနဲ့ သေချာ လုပ်လာတယ်။ အမှန်တရားပြောချင်သူက မပြောရဲတော့အောင် ခြိမ်းခြောက်မှုတွေ လုပ်ထားတယ်။ ဥပမာအားဖြင့် ပြောရရင် ရိုဟင်ဂျာတွေကို ကူညီသူတွေကို နာဇီတွေက ဂျူးတွေကို ကူညီသူတွေကို ပြစ်ဒဏ်ပေးသလို ပုံစံမျိုးနဲ့ လုပ်လိုက်တော့ ရှေ့ထွက်ရဲမယ့်သူ မရှိတော့ဘူး။ ကွန်မြူနီတီနှစ်ခုလုံး မိသားစုလို နေလာသူတွေ၊ အိမ်နီးချင်းကောင်းတွေ အများကြီးပါ။ ဒါပေမယ့် ၂၀၁၂ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ပုံစံကတော့ တကယ်ကို အံ့သြစရာကောင်းပါတယ်။

ယုံကြည်မှုတည်ဆောက်ဖို့ — ပွင့်ပွင့်လင်းလင်းပြောရရင် နေ့စား ဆန္ဒပြတဲ့ အုပ်စုကို အသံတိတ်အောင် လုပ်ရပါမယ်။ အဲဒီအုပ်စုက ဖန်တီးထားတဲ့ အုပ်စုပါ။ ကျွန်တော်တို့က မဆလ လက်ထက်၊ န၀တ လက်ထက်မှာ ကြီးပြင်းခဲ့သူတွေ ဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးကို အတော်အတန်သင့် နားလည်ပါတယ်။

ပြီးတော့ ကွန်မြူနီတီနှစ်ခုထဲက moderate ဖြစ်တဲ့သူတွေကို ထိတွေ့ခွင့်ပေးရပါမယ်။ တစ်ဖက်စောင်းနင်း ပြောနေတာတွေကို ရပ်တန့်ဖို့ လူတွေကို educate လုပ်ရပါမယ်။ အစိုးရနဲ့ စစ်တပ် ကိုယ်တိုင်က လိုလို လားလား မရှိတဲ့အတွက် ကွန်မြူနီတီနှစ်ခု ဆိုတဲ့ ပြဿနာဖြစ်နေတာပါ။ အစိုးရနဲ့ စစ်တပ်က အိုကေ ဆိုရင် ကွန်မြူနီတီနှစ်ခု ပြဿနာဆိုတာ ရှိမှာ မဟုတ်ပါဘူး။ ရခိုင်နဲ့ ရိုဟင်ဂျာ ပြဿနာဆိုတာ မြန်မာ့နိုင်ငံရေး အမြတ် ထုတ်မှုလို့သာ ကျွန်တော်ခံယူတယ်။ ကျွန်တော်ကိုယ်တိုင် ရခိုင်ပြည်နယ်မှာ မကြီးပြင်းခဲ့ပေမယ့် ဆွေမျိုးများစွာ၊ အသိအကျွမ်းများစွာ၊ ပြီးတော့ ကိုယ်ပိုင် နက်ဝပ်လည်း ရှိတဲ့အတွက်ကြောင့် အခြေအနေက အစိုးရနဲ့ စစ်တပ်က ထိန်းထားတယ်လို့သာ ပြောချင်ပါတယ်။

မေး။ ကိုနေဆန်းလွင်အနေနဲ့ နိုင်ငံခြားကနေ ခုလို လှုပ်ရှားဆောင်ရွက်နေရတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကိုလည်း သိလိုပါတယ်။

ဖြေ။ ကျွန်တော့်ရဲ့ လှုပ်ရှားမှုမှာ နိုင်ငံရေးရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ ကျွန်တော် ငယ်စဉ်ကတည်းက မိဘနှစ်ပါး အစိုးရအမှုထမ်း အလုပ်နဲ့ ရန်ကုန် ပြောင်းလာခဲ့တော့ ရိုဟင်ဂျာတွေကို ညှဉ်းပန်းနှိပ်စက် အမိုးပွင့် အကျဉ်းထောင်ထဲ ထည့်ထားခဲ့တာ မမြင်ခဲ့ဖူးဘူး။ ဆက်သွယ်ရေး ခက်ခဲမှုကြောင့် အဲဒီဘက်က သတင်းတွေ ရန်ကုန်ကို လာတာ အရမ်းနည်းတယ်။ အိတ်ချိန်းကနေ ဖုန်းဆက်ရတော့ ဘယ်သူ့မှ မပြောရဲကြတာလည်း ပါတယ်။ ၁၉၉၇ ခုနှစ် ကျွန်တော် နိုင်ငံခြားထွက်တော့မှ ABSDF က ထုတ်တဲ့ စာတမ်းကို ဖတ်ပြီး အတော်လေး ၀မ်းနည်းခဲ့ရတယ်။ နောက် ၂၀၀၁ ခုနှစ်မှာ မြန်မာပြည်ကနေ အပြီးထွက်လာတော့ ဒီလူမျိုးက ကိုယ့်လူမျိုးလည်း ဖြစ်တယ်။ ဖိနှိပ်ခံနေရတဲ့ လူမျိုးအတွက် တတ်နိုင်သမျှ လုပ်ရမယ်ဆိုပြီး ကမ်ပိန်းတွေ လုပ်လာတာပါ။

ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ နံပါတ် (၁) ရိုဟင်ဂျာတွေက ဂုဏ်သိက္ခာရှိတဲ့လူတွေ အဖြစ် နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ရပ်တည်နိုင်ရမယ်။ အဲဒါရပြီဆိုရင် နံပါတ် (၂) အချက်အနေနဲ့ အဲဒီဒေသကို ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ဖြစ်လာအောင် ကြိုးစားချင်ပါတယ်။

ကျွန်တော်တို့ အခုလက်ရှိ မြင်နေရတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ရခိုင်ဒေသရဲ့ အနေအထားက မိုးနဲ့မြေလို ကွာခြားနေပါတယ်။

ဒေသဖွံ့ဖြိုးရေးမှာ ရိုဟင်ဂျာလူမျိုး တိုးတက်ရေးတစ်ခုတည်းသာ မဟုတ်ပါဘူး။ ဒေသတစ်ခုလုံး တိုးတက်ရေးကို ရည်ရွယ်တာပါ။ အိပ်မက်တွေကို ချပြောနေတာထက် တကယ်ဖြစ်နိုင်မယ့် အချိန်ကျမှ အကောင်အထည် ဖော်ပြချင်ပါတယ်။

 

NSL-DW1

ဂျာမဏီနိုင်ငံ၏ အကြီးဆုံး သတင်းဌာနဖြစ်သည့် Deutsche Welle (DW) က ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် သတင်းမှတ်တမ်း ရိုက်ကူးနေစဉ် (Photo Credit: Arafatul Islam/DW)

 

မေး။ ကိုနေဆန်းလွင်ဟာ နိုင်ငံတကာမှာလည်း လူသိများတော့ ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး ရပ်တည်ပြောဆိုတဲ့အခါ နိုင်ငံတကာ အသိုင်းအဝိုင်းက အတိုင်းအတာတစ်ခုအထိ ယုံကြည်လက်ခံတယ်လို့ ယူဆပါတယ်။ အစ်ကို့ရဲ့ ဆောင်ရွက်ချက်တွေ ကန်ပိန်းတွေဟာ အစ်ကို မူလရည်ရွယ်ချက်နဲ့ ပဋိပက္ခ တကယ်ခံစားနေရတဲ့ အသိုင်းအဝိုင်း နှစ်ခုအပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်ပါသလား။

ဖြေ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုရဖို့ ကျွန်တော့် အလုပ်နဲ့ သက်သေပြရတယ်။ ကျွန်တော်ကတော့ data ပို့တာကို မလုပ်ဘူး။ ကျွန်တော့်မှာရှိတဲ့ data ကို social media, Rohingya Blogger တို့ကနေ ဖြန့်တယ်။ အဲဒါတွေကို သူတို့က သူတို့နည်း သူတို့ဟန်နဲ့ ပြန် verify လုပ်တယ်။ ကျွန်တော် တင်တာတွေနဲ့ သူတို့ရတာတွေ တူနေတော့ ယုံကြည်မှုရလာတယ်။ အဲဒီတော့ အဖွဲ့အစည်း အကုန်လုံးက ဆက်သွယ် လာတယ်။ သူတို့အတွက် ခက်ခဲတာတွေကို ကူညီဖို့ တောင်းဆိုလာတယ်။ ကျွန်တော့်ဘက်က အတတ်နိုင်ဆုံး ကူညီပေးတယ်။

ဘယ်နေရာမှာ အကျိုးသက်ရောက်သလဲဆိုတော့ documentation မှာ အကျိုးသက်ရောက်ပါတယ်။ သူတို့ရဲ့ documentation ကနေ နိုင်ငံတကာ ဖိအားလာတဲ့အတွက် ကျွန်တော်ကူညီပေးတာက အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်တယ်။

ဒီမှာ တစ်ဆက်တည်းရှင်းချင်တာက အခု ဖြစ်နေတဲ့ ပြဿနာက ပဋိပက္ခ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းက ကွန်မြူနီတီ နှစ်ခုကြား ပဋိပက္ခဖြစ်ခဲ့တာကလည်း ၁၉၇၈ မတိုင်မီ ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်ဖို့၊ လူမျိုးစုအလိုက် ရှင်းလင်းဖို့ ချမှတ်ခဲ့တဲ့ နှစ်ရှည်စီမံကိန်းရဲ့ အစိတ်အပိုင်းသာ ဖြစ်ပါတယ်။

၂၀၁၆ – ၁၇ မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေက လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ တော်တော်များများ အပြင် လူမျိုးတုန်းသတ်ဖြတ်မှု ကျွမ်းကျင်သူတွေ ပြောနေကြပါတယ်။

ကျွန်တော့်အနေနဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းတွေ ဖလှယ်တဲ့အခါမှာ ဘယ်တုန်းကမှ ရခိုင်လူမျိုးဘက်က နာရမယ်၊ ရိုဟင်ဂျာဘက်က သာရမယ်ဆိုတဲ့ ပုံစံမျိုး မရှိခဲ့ဘူး။ ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကြုံတဲ့အခါ မေးမြန်းလို့ရပါတယ်။ အမြဲ အမှန်အတိုင်း ပြောခဲ့တယ်။

မေး။ လူမျိုးတုန်းသတ်ဖြတ်မှုလို့ အစ်ကိုရော ယူဆပါသလား။ ဘာကြောင့်ပါလဲ။

ဖြေ။ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို ကျွန်တော်လည်း သေချာ လေ့လာပါတယ်။ ကျွန်တော့်ရဲ့ အမြင်ပြောရရင် မြန်မာအစိုးရအဆက်ဆက် ရိုဟင်ဂျာတွေပေါ် လုပ်လာတာက လူမျိုးတုန်းသတ်ဖြတ်မှု မြောက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အချက်တွေမှာပါသမျှ အားလုံးနဲ့ အကျုံးဝင်နေပါပြီ။ အခုဆိုရင် နောက်ဆုံးအဆင့်မှာ ရောက်နေပြီ။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ အဲဒီလူမျိုး တစ်စုလုံးကို သတ်ဖြတ်ဖို့မလိုဘူး။ အဓိက အဲဒီလူမျိုးဖြစ်သူကို ပစ်မှတ်ထားရင်လည်း အကျုံးဝင်ပါတယ်။ ၁၉၇၈ ကစပြီး မရေမတွက်နိုင်အောင် သတ်ဖြတ်လာတယ်။ အခုအချိန်ထိ ဖြစ်သမျှကို ၀န်မခံဘဲ ငြင်းဆန်နေတယ်။ အဲဒီလို ငြင်းဆန်နေခြင်းကလည်း Genocide ရဲ့ အပိုင်းတစ်ပိုင်းသာ ဖြစ်တယ်။

ဒီလူမျိုး တစ်မျိုးတည်းကို ပစ်မှတ်ထားပြီး နည်းလမ်းပေါင်းစုံနဲ့ ပိတ်ဆို့ထားတယ်။ ရရင်ရသလို သတ်ဖြတ်တယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံအခွင့်အရေး၊ သွားလာခွင့် အကုန်ကန့်သတ်ထားတယ်။ နာဇီတွေက ဂျူးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ ပုံစံနဲ့ နှိုင်းယှဉ်ရင် အရေအတွက်သာ ကွာမယ်။ လုပ်နေတဲ့ ပုံစံက တစ်ပုံစံတည်းပါ။

မေး။ လူမျိုးစု တစ်စုအပေါ် နည်းလမ်းပေါင်းစုံနဲ့ ပိတ်ဆို့ နေတယ်လို့ အစ်ကိုက ယူဆတော့ ဒါတွေဟာ ဘာကြောင့် လုပ်နေတယ်လို့ ထင်ပါသလဲ။

ဖြေ။ နှစ်ရှည်စီမံကိန်းနဲ့ ရှင်းတာပါ။ ၁၉၇၄ မှာ စပြီး မှတ်ပုံတင်တွေ စသိမ်းတယ်။ ၇၈ မှာ နဂါးမင်းလုပ်တယ်။ ဘင်္ဂါလီတွေဆိုပြီး မောင်းထုတ်တယ်။ ရိုဟင်ဂျာတွေဆိုပြီး ပြန်လက်ခံတယ်။ တစ်ခါ ၉၁/၉၂ မှာ ထပ်လုပ်တယ်။ အဓိက ဒီလူမျိုးစုကို အပြီးရှင်းဖို့ပါ။ အခုဆိုရင် ရိုဟင်ဂျာ ၇၅% က နိုင်ငံပြင်ပရောက်သွားပြီ။ ခိုးဝင်လို့ သမုတ်ပေမယ့် အခု ပြန်လက်ခံမယ်ဆိုပြီး စာချုပ်ချုပ်ထားတယ်။ ပြန်ခေါ်လာပြီးရင်လည်း ထပ်မလုပ်ဘူးလို့ အာမခံချက် မပေးထားဘူး။ အဲဒီတော့ နောက်တစ်ကြိမ် စစ်တပ်က ဘယ်လို အကြမ်းဖက်သတ်ဖြတ်ပြီး ထပ်လုပ်မယ်ဆိုတာ ပြောလို့မရဘူး။

ဒီလူမျိုး နိုင်ငံထဲက မကုန်မချင်း နည်းပေါင်းစုံနဲ့ ဆက်လုပ်နေလိမ့်မယ်။ အဲဒါကြောင့် နိုင်ငံတော်က ချမှတ်ထားတဲ့ ရိုဟင်ဂျာလူမျိုးပြုတ် ရှင်းလင်းရေး မူဝါဒကို ပြောင်းလဲပစ်ဖို့ လိုပါမယ်။

မေး။ စစ်တပ်ဘက်ကလည်း ARSA ဟာ အကြမ်းဖက်တယ် ဒါကြောင့် ရှင်းလင်းရတယ်လို့ ပြောတယ်။ နိုင်ငံတကာ အသိုက်အဝန်းနဲ့ လှုပ်ရှားသူတွေကလည်း တပ်မတော်က အကြမ်းဖက်တယ် ပြောတယ်။ ဒီတော့ ဒီစွပ်စွဲမှုတွေ ကြားမှာပဲ ထိခိုက်သေဆုံးသွားတဲ့ ဝန်ထမ်းတွေ၊ အရပ်သား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိတယ် ထင်ပါသလဲ။

ဖြေ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား ဖြစ်တိုင်း စစ်တပ်က မဆိုင်တဲ့ အရပ်သားကို ပစ်မှတ်ထား သတ်ဖြတ်တယ်။ ရွာတွေ မီးရှို့တယ်။ ဒါတွေက ကချင်၊ ကရင်၊ ရှမ်းပြည်နယ်တွေမှာ အများအပြားဖြစ်ခဲ့တယ်။ ARSA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တယ်။ စစ်တပ်က ပြန်တိုက်ရင် ARSA ကို တိုက်ရမယ်။ အရပ်သား အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို ကလေး၊ နို့စို့ကလေးကိုပါ သတ်ဖြတ်လို့မရဘူး။ အခုက သတ်ဖြတ်တာတင်မက မုဒိမ်းပါကျင့်တာ။

အဲဒီတော့ ARSA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့အတွက် သူတို့ တာဝန်ရှိတာ နယ်ခြားစောင့်ရဲတွေကို သတ်ဖြတ်ခဲ့တာ။

စစ်တပ် တာဝန်ရှိတာက ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်တာ၊ အရှင်လတ်လတ်မီးရှို့တာ၊ ရွာတွေ မီးရှို့တာ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်တာ။ နိုင်ငံတကာက မှတ်တမ်းတွေမှာလည်း သူ့အပိုင်းနဲ့သူ ခွဲထားပါတယ်။

ရာဇ၀တ်မှုကျူးလွန်သူတွေအတွက် သူ့မှတ်တမ်းနဲ့ သူရှိပါတယ်။

မေး။ အစ်ကိုတို့ လေ့လာတဲ့ အခါ ARSA က အရပ်သားပြည်သူတွေအပေါ် ကျူးလွန်တာ လုံးဝ မတွေ့ရဘူးလို့ ဆိုလိုတာလား။

ဖြေ။ လွန်ခဲ့တဲ့နှစ်က ငါးခူရမှာ တစ်ယောက် မီဒီယာတွေနဲ့ စကားပြောပြီး အသတ်ခံရတယ်။ အဲဒါကို ARSA က သတ်တယ်လို့ အစိုးရဘက်က စွပ်စွဲခဲ့တယ်။ ဒါပေမယ့် အဲဒီလူ ဘယ်နေရာကနေ ဘယ်လိုပျောက်သွားလဲ ဆိုတာ ကျွန်တော်တို့မှာ မျက်မြင်သက်သေ ရှိခဲ့တဲ့အတွက် အစိုးရဘက်က ထုတ်ပြန်တဲ့သတင်းကို ယုံကြည်လို့ မရခဲ့ဘူး။ အစိုးရဘက်က ARSA က သတ်တယ်ဆိုပြီး ထုတ်ပြန်ထားတာ အများကြီးရှိတယ်။ အဲဒါတွေကို ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေသူတွေ၊ ပြည်တွင်းမှာ ကျန်နေသူတွေနဲ့ verify လုပ်တဲ့အခါ အစိုးရ ထုတ်ပြန်သလို မရဘူး။ မရပေမယ့်လည်း ကျွန်တော်တို့ အနေနဲ့ ဒီထက် အသေးစိတ်စုံစမ်းမှုတွေ လုပ်ချင်တယ်။ ဒါတွေကို ကုလသမဂ္ဂက IFFM လို အဖွဲ့အစည်းက စုံစမ်းစစ်ဆေးပေးမှ သင့်တော်မယ်။ ကျွန်တော်တို့ ဘက်က ပြောရင် ဘက်လိုက်တယ်လို့သာ ပြောမှာဖြစ်တဲ့အတွက် IFFM လို အဖွဲ့အစည်းကို ၀င်ခွင့်ပေးစေချင်တယ်။ အဲဒီတော့ ဘယ်သူမှန်တယ် မှားတယ်ဆိုတာ ရှင်းသွားမှာပါ။ ARSA ဘက်က ကျူးလွန်တာ မှန်ခဲ့ရင် သူတို့ ထိုက်တန်တဲ့ ပြစ်ဒဏ် သူတို့ခံရမှာပဲ။ ကျွန်တော်တို့ဘက်က ဘက်လိုက်စရာ လုံးဝ မရှိဘူး။ ဒါပေမယ့် အစိုးရဘက်က ပြောတာကိုတော့ ကျွန်တော်တို့ မယုံကြည်ဘူး။ ရာဇ၀တ်မှု ကျူးလွန်သူတိုင်းကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ ဒါပေမယ့် မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု ရှိဖို့လိုပါမယ်။

ကျွန်တော်အခုနက ပြောခဲ့တဲ့ စစ်တပ်က သတ်ဖြတ်တယ်၊ မုဒိမ်းကျင့်တယ်ဆိုတာ ကျွန်တော့်မှာ သက်သေ အထောက်အထားတွေ၊ ကိုယ်တိုင်ခံခဲ့ရသူတွေနဲ့ တွေ့ဆုံခဲ့လို့ ပိုပြီး အတိအကျပြောနိုင်တာပါ။

မေး။ အစ်ကိုအနေနဲ့ ဖြည့်စွက်ပြောလိုတာ၊ ကျွန်တော် မေးဖို့ ကျန်နေတာ ရှိရင် သိလိုပါတယ်။

ဖြေ။ ကျွန်တော်ထင်သလောက် တော်တော်ပြည့်စုံတယ် အစ်ကို။

mm
မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Comments

comments

Root Agency