ပြာဖြစ်ခဲ့ရသော ပဋိပက္ခသစ်ဆွေးတုံးများ

By Admin | Posted on January 22, 2018 | Also posted in Feature, North Rakhine | | Tagged |

748 Views

၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ (၃)၊ အမှတ် (၁) The Root Magazine မှ အက်ဆေးဖြစ်ပါသည်။

DSC_0168_RiA

လင်းမြတ် ရေးသားသည်

မုန်တိုင်းက ကြောက်စရာကောင်းလှသည်။ မိုး သာမက လေလည်း ပါ၏။ မိုးသည်းပုံက ထောင်သောင်းချီသော ကျောက်စရစ်ခဲများ အိမ်ခေါင် သွပ်မိုးများအပေါ် သွန်ချနေသလား အောက်မေ့ရအောင် ပြင်းထန်လွန်းသည်။

အခိုင်အမာ မိုးထားသော အိမ်ခေါင်သွပ်မိုးများသည်ပင် လေပြင်းကြောင့် သံများပြုတ်ထွက်၍ အိမ်ခေါင်ရက်မများကို တဒိုင်းဒိုင်း ရိုက်နေကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းနေသဖြင့် လျှပ်စီး တစ်ချက်တစ်ချက် လက်မှသာ  အပြင်ကို မြင်ရသည်။ အိမ်အပြင်တွင် သစ်ပင်များမှာ မြေပြင်မှ ကျွတ်ထွက်မတတ် ဘယ်ညာ ယိမ်းထိုးနေကြသည်ကို တွေ့ရသည်။

မိုးဦးကျ ရခိုင်မုန်တိုင်း ထန်ချေပြီ။ ကျွန်တော်တို့ မိသားစု အိမ်ထဲတွင် အောင်းနေကြ၏။ ညီမနှစ်ယောက်က ဧည့်ခန်းထဲတွင် ကျုံ့ကျုံ့လေးထိုင်၍ စောင်ထဲ ကွေးနေကြသည်။ အဖေက မိုးကာအကျီဝတ်၍ မုန်တိုင်းအခြေအနေကို စောင့်ကြည့်နေ၏။ ရေဒီယိုမှ ငါးမိနစ် တစ်ကြိမ်ခန့် လွှင့်နေသော မုန်တိုင်း သတိပေးချက်များကို နားထောင်နေရ၏။

“ဒုန်း ဒုန်း … ဒုန်း … ဒုန်း” ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ အခါမတော်ရောက်လာသည့် ဧည့်သည်ဖြစ်၍ အဖေက သတိထား၍ တံခါးသွားဖွင့်သည်။ ဘော်လီ။ ဦးဘော်လီ။

“မုန်တိုင်း အရမ်း သည်းနေတယ်။ ကျွန်တော်တို့ အိမ်လည်း ရေမြှပ်တော့မယ်။ ဆရာတို့အိမ်မှာ ခဏလာခိုတာ။ သူတို့ အမေတစ်ယောက်ပဲ ခေါ်မရလို့ ထားခဲ့ရတယ်” ဟု သူနှင့်အတူ ပါလာသော ကလေးနှစ်ယောက်ဆီမှ အထုပ်များကို လှမ်းယူရင်း ရခိုင်ဘာသာစကားဖြင့် အထိတ်တလန့် ပြောလေသည်။

အဖေကလည်း ၎င်းကို ဝင်ခွင့်ပေးကာ အချမ်းပြေစေရန် ရေနွေးကြမ်းတိုက်သည်။ ကလေးနှစ်ယောက်က ကျွန်တော်တို့ ဘေးတွင် ထိုင်ကြ၏။ ဦးဘော်လီ၏ သားမှာ ကျွန်တော်နှင့် အသက်သိပ်မကွာ၍ လူချင်းခင်သော်လည်း မုန်တိုင်းကို ကြောက်၍ နှစ်ယောက်လုံး စကား သိပ်မပြောဖြစ်ကြ။

ညနေ မုန်တိုင်းပြယ်တော့မှ သူတို့ အိမ်ပြန်ကြသည်။ မုန်တိုင်းကြောင့် အမှတ်(၃)ရပ်ကွက် ကုလားရွာတွင် တည်ရှိသည့် သူတို့အိမ် ပျက်စီးသော်လည်း မိသားစုအသေအပျောက် မရှိခဲ့ချေ။ ဦးဘော်လီမှာ အဖေ၏ လက်ရင်းတပည့်ဖြစ်သည့်အပြင် ရိုးသားကြိုးစားသူ ရခိုင်များနှင့် နှစ်ရှည်လများ ခင်မင်ရင်းနှီးကျွမ်းဝင်လာသူ ဖြစ်၍ ကျွန်တော်တို့မိသားစု၏ မိတ်ဆွေရင်းချာတစ်ဦး ဖြစ်သည် ဆိုလျှင် မမှားပေ။ ကျွန်တော်တို့ အကူအညီလိုတိုင်း သူတို့ ကူညီသလို သူတို့အခက်အခဲကြုံတိုင်းလည်း ကျွန်တော်တို့မိသားစုက အပြန်အလှန် ကူညီခဲ့ကြသည်။ အထူးသဖြင့် မုန်တိုင်းတိုက်တိုင်း ကျွန်တော်တို့ အိမ်သို့ ပင်တိုင် လာရောက်ခိုလှုံသူများ ဖြစ်ကြလေသည်။

ဤသို့ဖြင့် မိသားစု ကွေကွင်းခြင်း၊ မိတ်ဆွေများနှင့် ကွေကွင်းခြင်း အလျဉ်းမရှိခဲ့ဘဲ သဘာဝတရားက တိုက်ခတ်သည့် သဘာဝ မုန်တိုင်းများကို သူတို့ ကြံ့ကြံ့ခံခဲ့ကြသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခမုန်တိုင်းကြီးကမူ ၎င်းတို့ကို ၎င်းတို့ မိတ်ဆွေများ၏ အဝေးသို့ ပို့ဆောင်ပစ်ခဲ့ပါသည်။

ကမ္ဘာအနောက်ဘက် သတင်းများမှ မြစ်ဖျားခံလာသော ရိုဟင်ဂျာဆိုသည့် စကားလုံးတစ်လုံးသည် တုန့်ပြန်လွယ်သော ရခိုင်လူမျိုးတို့နှင့် ယုံကြယ်လွယ် အားကိုးလွယ်သော ရခိုင်ဒေသနေ မူဆလင်တို့ထံ ရောက်ရှိလာသည့်အခါ နဂိုတည်ငြိမ်မှုများ ရုပ်ချည်းပျောက်ကွယ်၍ ရုပ်ရှင်ထဲမှ သွေးစုပ်ဖုတ်ကောင်များ၊ ရောမခေတ် စစ်သားများ၊ မြေခွေး လူသားများနယ် အသွင်ပြောင်းကာ အချင်းချင်း တိုက်ခိုက်လိုစိတ်၊ ရန်ပြုလိုစိတ်များ ဖြစ်ပေါ်လာခဲ့ကြတော့သည်။

အထူးသဖြင့် သတင်းပေါက်ရောက်လွယ်သော၊ ယုံလွယ်သော အရပ်ဒေသများတွင် နေထိုင်ကြသူများသည် ပဋိပက္ခကို လှုံ့ဆော်လိုသူ၊ မီးမွှေးလိုသူတို့၏ အဓိက ပစ်မှတ်ဖြစ်ခဲ့သည်။ ၎င်းတို့၏ လေ့ကျင့်အားကောင်းလှသော ပစ်ချက်များအောက်တွင် ရခိုင်ဒေသ မီးတောင်လောင်ခဲ့ပြီး ဒေသခံ ရခိုင်လူမျိုးများအပြင် ဦးဘော်လီတို့ ကဲ့သို့ ရိုးအသော မူဆလင်တို့၏ ဘဝများလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရသည်။ ကျွန်တော်တို့လည်း ကျွန်တော်တို့၏ မိတ်ဆွေများကို ဆုံးရှုံးခဲ့ရပါသည်။

ထိုစဉ်က ကျွန်တော် ဆယ်တန်း ဖြေဆိုပြီးခါစ။ တောင်ပေါ်မှ လှမ်းကြည့်လျှင် စစ်တွေနှင့် အခြားသောနေရာများမှ ထွက်ပေါ်နေသည့် မီးခိုးတန်းကြီးများကို လှမ်းမြင်နေရသည်။ ရေဒီယိုသတင်း၊ လူအချင်းချင်း သယ်လာသည့် သတင်း၊ မရေရာသည့် အင်တာနက်လူမှုကွန်ရက် သတင်းများကို ကိုးကား၍ ရမ်းဗြဲ ကျောက်နီမော်မှ လူသတ်မှု မုဒိန်းမှုသတင်းများနှင့် ဆက်စပ်၍ လူမျိုးစုနှစ်စုအကြား ပဋိပက္ခများ အကြီးအကျယ် ဖြစ်ပေါ်နေသည်ကို ကြားသိရသည်။ကျွန်တော်တို့ မြို့က လူများလည်း ဘာအလုပ်လုပ်မှ မလုပ်ကြတော့။ ပုံမှန်လည်ပတ်မှုများ မရှိတော့။ မုန်း၍ကား ဟုတ်ချင်မှ ဟုတ်မည်။ရခိုင်တို့၏ ပြင်းထန်လွန်းသည့် မျိုးချစ်စိတ်၊မခံချင်စိတ်များ မီးတို့ခံလိုက်ရပြီ။

ဟိုဘက်သည်ဘက် တစ်နေ့တစ်နေ့ ဓားဆွဲ တုတ်ဆွဲဖြင့် ဟန်ရေးတပြင်ပြင် ရှိကြနေပြီ။ သို့သော် တပ်မတော်နှင့် လုံခြုံရေးများက အပြင်းအထန် တားမြစ်ထားသဖြင့် ထိပ်တိုက်တွေ့မှုတွေ မဖြစ်သေး။ မကြာခင် ကျွန်တော်တို့မြို့တွင်လည်း ပဋိက္ခများ ဖြစ်ပေါ်လာတော့မည်ကို သိနေကြသည်။ အကယ်၍ နှစ်ဘက်တွေ့ပြီဟေ့ ဆိုလျှင် အသေအပျောက် အပျက်အစီးများနိုင်သည်။ ထို့ကြောင့် ဟိုး ကုလားတန်မြစ်ကမ်းတစ်နေရာတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းများသို့ ဦးဘော်လီတို့ ရွာသားများ ပြောင်းရွှေ့ကြတော့မည်ဟူသည့် သတင်းကြားရသည်။ယခု မနက် သူတို့ ရွှေ့ကြလိမ့်မည်။ ကျွန်တော့်ဘဝတွင် အိမ်နီးနားချင်းများ ပြောင်းရွှေ့သွားသည်ကို မြင်ဖူုးသော်လည်း ရွာတစ်ရွာလုံး ပြောင်းရွှေ့သွားသည်ကိုမူ မည်သည့်အခါမျှ မမြင်ဖူးချေ။

မြစ်ကမ်းတွင် ဆောက်ထားသည့် ဗလီအဆောက်အဦးမှ ရွာသားများ ထွက်လာကြသည်။ သည်တစ်ကြိမ်သည် သည်နေရာတွင် ၎င်းတို့ နောက်ဆုံးဝတ်ပြုခြင်း ဖြစ်ပေမည်။ ယင်းနောက် တစ်ရွာလုံး လူကြီး ကလေး မကျန် မြစ်ကမ်းနဘေး သောင်ပြင်သို့ ဆင်းလာကြသည်။ ဒီရေကျနေသော သောင်ပြင်တစ်ခုလုံးသည် ၎င်းတို့၏ အသံများဖြင့် ပေါလောညံသွားသည်။ ကလေးတချို့လည်း ငိုယိုနေကြသည်။ အရွယ်ကောင်း ရွာသားတစ်ချို့ကကောင်းပေ့ ခိုင်ပေ့ လှေများ၊ စက်လှေများကို ရွေး၍ ကလေးများကို လှေများပေါ် တင်ကြသည်။ သယ်ယူလွယ်သော ပစ္စည်းများကို တင်ကြသည်။ ထို့နောက် လှေငယ်များကို စက်လှေကြီးများ၏ ဘေးတွင် ဖောင်သဖွယ်ရံ၍ ချည်နှောင်ကြသည်။

လူစုံသည့်အခါ ထွက်ခွာတော့မည့်အကြောင်း အော်ပြောသံ ကြားရသည်။ သောင်ပြင်ပေါ်တွင် ဘာသာရေးဆရာတစ်ဦးနှင့် ကလေးငယ်တစ်ယောက်သာ ကျန်တော့သည်။ ဘာသာရေးဆရာက ဗလီကို သော့ပိတ်၍ နောက်ဆုံးဆင်းလာခြင်း ဖြစ်ပြီး ကလေးက သူမွေးခဲ့သော ခွေးတစ်ကောင်ကို လှေပေါ်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

လှေပေါ်က လူတွေက ခွေးကို ချန်ခဲ့ရန် အော်ပြောကြသော်လည်း ထိုကလေးက လက်မလျှော့ဘဲ မရမက တင်ခေါ်ရန် ပြင်ဆင်လေသည်။ ယင်းနောက် လူစုံသည့်အခါ မြစ်ပြင်မှ စက်နှိုးသံများ တထောင်းထောင်း ထွက်ပေါ်လာပြီး လှေအစုအဝေးကြီး စတင်ရွှေ့လျားလေသည်။ လှေတန်းကြီးသည် ကုလားတန်မြစ်ဝဆီ ဦးတည်နေ၏။ ထိုလှေတန်းကြီးကို မြစ်ရသည်မှာ အင်းလေးဖောင်တော်ဦးလှေများ လှည့်သကဲ့သို့ ရှိလေသည်။ တချို့က အသုံးမလိုသည့် ထီးစုတ်များ အမှိုက်များကို လှေပေါ်မှ ပစ်ချခဲ့ကြသည်။ တချို့က ရေလုပ်ငန်းတွင် အသုံးပြုခဲ့သည့် လှေအဟောင်းများကို ဝမ်းဗိုက်ဖောက်၍ မျှောထားခဲ့ကြသည်။ သူတို့ကား ရွာကို ချန်ခဲ့သွားကြလေသည်။ လူပေါင်းများစွာ တင်ဆောင်သွားသည့် လှေတန်းကြီး မြစ်ဝဘက်သို့ ရောက်သည့်အခါ ၎င်းတို့ရွာမှ မီးခိုးများ အလိပ်လိုက် တက်လာသည်ကို တွေ့ရပြီး ရွာထဲမှ မီးလောင်ပေါက်ကွဲသံများ ကြားလိုက်ရလေသည်။

ထိုအဖြစ်အပျက်များ မဖြစ်ပျက်မီ တစ်ပတ်လောက်က ဦးဘော်လီကို ကျောင်းမုန့်ဈေးတန်း အနီးတွင် နောက်ဆုံး တွေ့လိုက်သည်။ သူသည် မုန့်စိမ်းပေါင်းကြိုက်သူ ဖြစ်၍ မုန့်ဈေးတန်းတွင် ရခိုင်အမျိုးသမီးတစ်ဦးရောင်းသော မုန်းစိမ်းပေါင်းကို မကြာခဏ လာဝယ်စားခြင်း ဖြစ်သည်။ ဦးဘော်လီသည် အမြဲတမ်းဟာသ လုပ်နေတတ်ပြီး တစ်ခါတစ်လေ မုန့်သည်အဒေါ်တို့နှင့် တဟားဟား ပွဲကျနေတတ်သည်။

ဦးဘော်လီက အရပ်ထောင်ထောင်မောင်မောင်း ရှိသည်။ အရပ်ပုသည့် ကျွန်တော့်ကို ခဏခဏ စ၍ အရပ်ရှည်ရန်အတွက် ဘားဆွဲရန် မကြာခဏ တိုက်တွန်းသူ ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည် တုတ်ခိုင်ပြီး အကြမ်းပတမ်း ခံနိုင်သူလည်း ဖြစ်သည်။ သူတို့ အမဲသားစားသဖြင့် ထိုသို့ သန်မာခြင်း ဖြစ်ကြောင်း မကြာခဏ ကြွားသူလည်း ဖြစ်သည်။ သို့သော် သူ့မှာ ထိပ်ပြောင်သူ ဖြစ်၍ ခေါင်းဘေးပတ်လည်မှ လွဲ၍ ခေါင်းတည့်တည့်တွင် ဆံပင်တစ်ပင်မျှ မရှိချေ။

စင်စစ် ဦးဘော်လီမှာ ကျင်သန်တစ်ဦး ဖြစ်လေသည်။ ရခိုင်ရိုးရာကျင်ပွဲများတွင် သူဝင်ပြိုင်ဖူးပြီး မောင်းဆုများပင် ရဖူးကြောင်း ကျွန်တော့်မိဘများက ပြောပြဖူးသည်။ ဈေးနားပတ်ဝန်းကျင်တွင် နေထိုင်သူများက သူ့ကို ကျင်သန်၊ ကျင်သန် ဘော်လီဟု ခေါ်ကြသည်။ သူ့ကို ကျင်ကိုင်တတ်လား မေးတိုင်း ကျင်အဖမ်းကွက်များ (ကျင်ကိုင်မည့်အမူအရာ) ဟန်ရေးပြတတ်သည်။

ဦးဘော်လီသည် ကျွန်တော် ငယ်ဘဝတစ်လျှောက်ရင်းနှီးလာသူ ဖြစ်ပြီး ဦးလေးအရွယ်ဖြစ်သဖြင့် ကျွန်တော်တို့က အခင်ဘော်လီ(ဦးလေးဘော်လီ)ဟု ခေါ်ပါသည်။ ကျွန်တော်မိဘများ မအားလပ်သည့်နေ့များတွင် ကျွန်တော့်အား ကျောင်းလာကြိုတတ်သူလည်း ဖြစ်သည်။

ယခု ဦးဘော်လီကို မတွေ့သည်မှာ ငါးနှစ်ကျော် ခြောက်နှစ်ခန့်ပင် ရှိပါပြီ။ ဒုက္ခသည်စခန်းတစ်နေရာတွင် သူရှိနေသေးလား၊ အခြားတစ်နေရာ တစ်ပါးနိုင်ငံသို့ ထွက်ပြေးသွားပြီလား မသိပါချေ။ ခုနေ သူနှင့် တွေ့ဆုံလျှင် သူမည်သို့ တုန့်ပြန်မည်ကို မစဉ်းစားတတ်ပါ။

သို့သော် ပဋိပက္ခတိုင်မီက ဦးဘော်လီသည် သူ့ကိုယ်သူ “ကုလား”ဟုသာ ခေါ်ဝေါ်သတ်မှတ်၍ ရိုဟင်ဂျာဟု ပြောဆိုသတ်မှတ်သည်ကို တစ်ခါတစ်လေသော်မျှ ကျွန်တော် မကြားဖူးခဲ့ပါ။

သို့သော် သူတို့လူမျိုးစုတို့၏ ဖိအား၊ပဋိပက္ခ၏ နာကျည်းချက်နှင့် နိုင်ငံတကာ၏ သွပ်သွင်း ပုံဖော်မှုများအောက်တွင် ဦးဘော်လီ ရိုဟင်ဂျာ ဖြစ်သွားပြီလား မပြောတတ်ပါ။ သည်အမည်နာမဖြင့် သည်နေရာတွင် သည်လူမျိုး ရှိသည် မရှိသည်ကို ကျွမ်းကျင်သူတို့ကသာ လေ့လာဆန်းစစ် ဆုံးဖြတ်ရမည် ဖြစ်သော်လည်း တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက် ရပ်တည်ခဲ့ရသော၊ ပညာရေးနှင့် အလှမ်းကွာသော လူသားတချို့သည် အမှန်တရားတစ်ခုတည်းကို နှစ်ဘက်လုံးမှ လက်မခံနိုင်သေးသည့် အချိန်ကာလတစ်ခုအတွင်းမှာပင် အတိဒုက္ခရောက်၍ ဆင်းရဲသည်ထက် ဆင်းရဲခဲ့ရပြီ ဖြစ်ပါသည်။

၎င်းတို့အစား ပဋိပက္ခကို ဘက်တစ်ဘက်တည်းမှ ရပ်တည် ချည်းကပ်သည့် လူရည်လည်သူများသာ တဖြည်းဖြည်း ဓနဥစ္စာပြည့်စုံလာပြီး သည်ရခိုင်အရေးကိစ္စမှာလည်း ငွေမိုင်းတွင်းကြီးသဖွယ် ဖြစ်လာခဲ့သည်ကို ခံစားမိပါသည်။

ဒုက္ခသည်စခန်းသို့ မထွက်ခွာမီက ဦးဘော်လီမှာ ရေတွင်းများ၊ အုတ်ကန်များ ပြုလုပ်သည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူတို့ ပြောင်းရွှေ့ရသည့်အခါ သူ့အလုပ်များနှင့် လုပ်ငန်းသုံးပစ္စည်းများကို မြို့ထဲရှိ မူကြိုကျောင်းတွင် အပ်ထားခဲ့သည်။ ထိုပစ္စည်းများ၊ ထိုပညာများသည် ကျွန်တော့်အဖေဆီမှ ဆက်ခံခဲ့ခြင်း ဖြစ်သည်။

ဘိလပ်မြေဖြင့် ပြုလုပ်သည့် အုတ်ကန်အဝိုင်းများ၊ ပြုလုပ်ရောင်းချသည့် လုပ်ငန်းကို အဖေစတင်သည့်အခါ လုပ်ငန်းအတွက် အားကိုးရမည့် အလုပ်သမားတစ်ဦးကို ရှာဖွေခဲ့ရသည်။ ပထမက ဆွေမျိုးတချို့ကို အလုပ်ပေးသော်လည်း မမြဲကြသဖြင့် နောက်ဆုံးတွင် ဈေးထဲတွင် ကူလီထမ်းနေသည့် ဦးဘော်လီကို အလုပ်သမားအဖြစ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ကျွန်တော့်အဖေမှာ ဝန်ထမ်းဖြစ်၍ ယင်းလုပ်ငန်းကို အချိန်ပြည့် ကြည့်မနေနိုင်သဖြင့် တစ်ခါတစ်လေ လုပ်ငန်းတစ်ခုလုံးကို ဦးဘော်လီနှင့် လွှဲထားခဲ့ရသည်။ ယင်းအလုပ်အပြင် အခြား အိမ်ကိစ္စများကိုပါ ကူညီသဖြင့် အဖေ၏ လက်ရင်းတပည့်တစ်ဦး ဖြစ်လာခဲ့ပြီး အခြား ရပ်ကွက်တစ်ခုသို့ ကျွန်တော်တို့ ပြောင်းရွှေ့သည့်အခါ လုပ်ငန်းသုံးပစ္စည်းများနှင့် တကွ လုပ်ငန်းတစ်ခုလုံးကို ဦးဘော်လီအား အပြီးအပိုင် လွှဲပေးခဲ့ခြင်း ဖြစ်လေသည်။ ဦးဘော်လီက ယင်းလုပ်ငန်းကို မြို့ထဲရှိ မူကြိုကျောင်းနောက် မြေကွက်လပ်တွင် သူသားငယ်နှင့်အတူ လုပ်ကိုင်ခဲ့သည်။ သူ့အုတ်ကန်များ ဆက်လက် အရောင်းသွက်ခဲ့ပြီး တစ်မြို့လုံးတွင် ဦးဘော်လီ မတပ်ဆင်ပေးဖူးသည့် အုတ်ကန် ရေတွင်း မရှိသလောက်ပင် ဖြစ်ခဲ့သည်။ သို့သော် လုပ်ငန်းအခြေကျပြီး များမကြာမီ ပဋိပက္ခဖြစ်လာ၍ သည်လုပ်ငန်းကို သူစွန့်ခဲ့ရခြင်း ဖြစ်ပါသည်။

သူ့မှာ ရခိုင်မိတ်ဆွေများကို အားထားစိတ် ယုံကြည်စိတ် ရှိသည်။ ပဋိပက္ခစဖြစ်လာ၍ သူတို့ရွာသားများ တစ်ဦးတစ်လေမျှ မြို့ထဲသို့ မလာသည့်အချိန်တွင် ကျွန်တော့်အဖေတို့ ရုံးသို့ သူရောက်လာခဲ့သေးသည်။ စားစရာ ပြတ်လပ်နေ၍ စားစရာလာတောင်းခြင်း ဖြစ်သည်။ အဖေနှင့် အခြားအသိမိတ်ဆွေများက မြို့ထဲတွင် အန္တရာယ်များ၍ သူ့အား ပိုက်ဆံတချို့ပေးကာ ရွာပြန်ရန် ဖြောင်းဖြပြီး ပြန်လွှတ်ခဲ့ရသည်။

ဦးဘော်လီတို့ ထွက်ခွာသွားပြီး များမကြာမီ ဦးဘော်လီသည် ကုလားတန်မြစ်ကမ်းမှ ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေကြောင်း ကြားသိရပြီး၊ လူကြုံရှိတိုင်း ကျွန်တော်တို့ မိသားစုကို သတိရကြောင်း သတင်းပါးတတ်သည်။ အထူးသဖြင့် သူလုပ်ငန်းသုံး ပစ္စည်းများကို ဂရုစိုက်ပေးရန်နှင့် သူ ပြန်လာလျှင် ပြန်လုပ်မည့်အကြောင်း သူ့မိတ်ဆွေများထံ မှာတတ်သည်။ ထိုစကားများကို ကြားရသည့်အခါ ထိုအချိန်ထိ သူ့အလုပ်အပေါ်ထားသည့် တွယ်တာမှုနှင့် ပြန်လာလိုသည့် ဆန္ဒများကို ကျွန်တော် သတိပြုမိခဲ့ပါသည်။

သို့သော် မူလသူနေထိုင်ခဲ့ရာနေရာသို့ သူတို့ ပြန်လာရန် အခွင့်အလမ်းနည်းပါးခဲ့ပါပြီ။ မီးလောင်သွားသည့် သူတိုရွာနေရာတွင် အစိုးရရုံးများ ဆောက်လုပ်ထားပြီ။ ငါးနှစ်ကျော်ခြောက်နှစ်နီးပါးသော အချိန်များသည် ၎င်းတို့ ပြန်လာရန် အခွင့်အလမ်းကို အရောင်မှိန်စေခဲ့ပြီး လက်ရှိရောက်နေသည့် နေရာတွင် အခြေချနေထိုင်သွားကြရန် ပိုသေချာစေခဲ့ပါသည်။

၂၀၁၂ တွင် စတင်ခဲ့သော ပဋိပက္ခမီးသည် ငြိမ်းခါနီးလိုက် မီးထပ်လောင်လိုက်ဖြင့် နွေမိုးဆောင်း သုံးရာသီလုံး မီးအကြိမ်ကြိမ် လောင်မြိုက်ခဲ့သော သစ်တုံးကြီးများသဖွယ် လူ့အဖွဲ့အစည်းနှစ်ခု၏ လောင်မြိုက်ခံဘဝများကို ဆွေးမြေ့ပြာကျစေခဲ့သည်။

ပဋိပက္ခဆိုသည်မှာ နှစ်ဘက်သို့မဟုတ် နှစ်ဘက်ထက် ပိုသော အုပ်စုများကြားတွင် လိုလားချက်ကိုယ်စီကို တစ်ချိန်တည်းတွင် မရသည့် အခါမျိုးတွင် ဖြစ်တတ်သည်ဟု ပညာရှင်များက အဓိပာယ်ဖွင့်ဆိုကြသည်။ ယခုအချိန်သည် နှစ်အတော်ကြာ ဖြစ်ပေါ်ခဲ့သည့် သည်ပဋိပက္ခ အကျိုးရလဒ်များကို လူ့အဖွဲ့အစည်းနှစ်ခုလုံးက သင်ခန်းစာယူရန် အသင့်ဆုံးအချိန် ဖြစ်သည်ဟု ယူဆမိပါသည်။

ယခုစာကို ရေးသားနေချိန်တွင် ကျွန်တော်၏ တချိန်က မိတ်ဆွေကြီး ဦးဘော်လီသည် ဘေးကင်းလုံခြုံစွာဖြင့် ကမ္ဘာမြေ၏ တစ်နေရာတွင် အသက်ရှင် နေထိုင်နိုင်စေရန် ဆုတောင်းမိပြီး၊ လူအဖွဲ့အစည်းနှစ်ခုကြား၌ ငြိမ်းချမ်းလိုခြင်း၊ ပဋိပက္ခကို မုန်းခြင်း၊ မျှတမှန်ကန်သည့် လိုအင်ဆန္ဒများသာ ထားရှိခြင်း စသည့် ငြိမ်းချမ်းမှုလက္ခဏာများကို တူညီလက်ခံလာသည့် နေ့တစ်နေ့ကို မျှော်လင့်တောင်းတမိပါသည်။

Cover Authorလင်းမြတ်သည် နိရဉ္စရာသတင်းဌာန၊ ရန်ကုန်တိုင်းမ် သတင်းဂျာနယ်၊ ဖလားဝါးနယူးစ်သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်အခြေစိုက် မော်ကွန်းမဂ္ဂဇင်းတွင် ဇာတ်လမ်းအခြေပြု သတင်းဆောင်းပါးများ ရေးသားခဲ့ပြီး လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သုတေသနများ ဆောင်ရွက်လျက် ရှိသည်။

Related Post

Comments

comments

Root Agency