တန်ဖိုးနည်းအိမ်ရာတွေဟာ အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေရဲ့လက်ထဲကို ရောက်နိုင်မလား

By Admin | Posted on January 25, 2018 | Also posted in Feature | | Tagged , |

241 Views

၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ (၃)၊ အမှတ် (၁) The Root Magazine မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။

 

Sittwe Houses

အောင်အောင်ထူး ရေးသားသည်

ပြည်နယ်အစိုးရရဲ့ဘတ်ဂျတ်နဲ့တည်ဆောက်ထားတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကို အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေကို အဓိကထား ရောင်းချသွားဖို့အတွက် လျှောက်လွှာတွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကစပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချပေးနေပါတယ်။

လျှောက်လွှာတွေထဲမှာတော့ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ ပြည်သူနဲ့ အငြိမ်းစားဆိုပြီး လေးမျိုးခွဲခြားရောင်းချပေးနေတာဖြစ်ပါတယ်။

တန်ဖိုးနည်း တိုက်ခန်းတွေထဲမှာတော့ အခန်း ၁၈ ခန်းစီးပါဝင်တဲ့ ၃ ထပ်အဆောက်အအုံ ၄ လုံးဖြစ်ပြီး စုစုပေါင်း အခန်း ၇၂ ခန်းကို လျှောက်လွှာထဲမှာပါတဲ့အတိုင်း နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ ပြည်သူနဲ့ အငြိမ်းစားတွေကို ခွဲဝေပေးမှာ ဖြစ်ပြီးတော့ အဲဒီအဆောက်အဦးတွေကို စစ်တွေမြို့ ဆပ်ရိုးကျတစ်ဖက်ကမ်းမှာရှိတဲ့ ရွှေပြည်သာရပ်ကွက်မှာ ဆောက်လုပ်ထားတာလည်းဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ပြည်သူတွေ၊ အိမ်ယာမဲ့နေကြတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေ၊ ပြီးတဲ့အခါကျရင် ကုမ္ပဏီဝန်ထမ်းတွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြား ရေးမှူး ဦးရွှေဝင်းကဆိုပါတယ်။

ဒါပေမဲ့ အဲဒီရောင်းချသွားမည့် တိုက်ခန်းရဲ့အရေအတွက်ဟာ ၇၂ ခန်းတည်းသာရှိပေမဲ့ ဒီဇင်ဘာ ၁၄ ရက်ကနေ ၂၇ ရက်နေ့ထိ ၁၃ ရက်အတွင်းမှာတောင် ပြည်သူတွေအပါအဝင် နိုင်ငံဝန်ထမ်းတွေဝယ်ယူထားတဲ့ လျှောက်လွှာအရေအ တွက်ဟာ ၉၈၃ စောင်အထိ ရှိနေပြီလို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က သိရပါတယ်။

အခန်းတစ်ခန်းစီရဲ့ဈေနှုန်းကိုတော့ ငွေကျပ်သိန်း ၁၅၀ က ၂၂၀ ထိသတ်မှတ်ထားပြီးတော့ မြေညီထပ်အစွန်ဆုံးအခန်း ကို ကျပ်သိန်း ၂၂၀၊ မြေညီထပ် အတွင်းဖက်အခန်းကို ကျပ်သိန်း ၂၀၀၊ ပထမဆုံးထပ် အစွန်ဆုံးအခန်းကို ကျပ် ၁၈၅ သိန်း၊ ပထမအထပ် အတွင်းဖက်ခန်းကို ကျပ်သိန်း ၁၇၀နဲ့ ဒုတိယထပ် အစွန်ဆုံးအခန်းကို ကျပ်သိန်း ၁၆၀၊ ဒုတိယ ထပ်အတွင်းဖက်ခန်းကို ကျပ်သိန်း ၁၅၀ နဲ့အသီးသီး ရောင်းချပေးနေတာကိုတွေ့ရပါတယ်။

အဲဒီဈေးနှုန်းတွေဟာ အိုးမဲ့အိမ်းမဲ့တွေအတွက်ဆိုပြီး ဒီလောက်ထိတောင်ဈေးများရသလားဆိုပြီး ဝေဖန်ချက်တွေရှိနေသလို အမှန်တကယ် လက်တွေ့ကျကျဝယ်ချင်တဲ့သူတွေက အဲဒီဈေးနှုန်းတွေဟာမြင့်တယ်ဆိုပြီး ဝယ်ချင်ပေမဲ့ မဝယ် နိုင်တဲ့သူတွေရှိတာကို တွေ့မြင်ရမှာ အမှန်အတိုင်းပါ။

ဒီဈေးနှုန်းတွေဟာ ကျနော်တို့လို့ ဆင်းရင်းတဲ့ပြည်နယ်တစ်ခု အနေနဲ့ဆိုရင် များလွန်းနေတယ်လို့ ယူဆနေကြပေမဲ့ ရန်ကုန်၊ မန္တလေးတို့လို ဖွံ့ဖြိုးချမ်းသာတဲ့ တိုင်းဒေသကြီးတွေနဲ့ ယှဉ်ရင်တော့ ဈေးမြင့်တယ်လို့ မဆိုနိုင်ပါဘူး။

ဒါဟာ အိုးပိုင်အိမ်ပိုင် မရှိသေးတဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် လုပ်ဆောင်တဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့အတွက် ကြောင့်လည်း တိုက်ခန်းအတွက် ကုန်ကျတဲ့စရိတ်ကိုသာ ကောက်ခံတာဖြစ်ပြီး အိမ်ယာဆောက်လုပ်တဲ့မြေတန်ဖိုးနဲ့ နောက်ထပ်ကုန်ကျတာတွေ အများကြီးရှိသေးတယ်လို့လည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေး မှူး ဦးရွှေဝင်းက ပြောဆိုပါတယ်။

“အခုအဆောက်အဦးတွေရောင်းနေတယ်ဆိုတာ မြေတန်ဖိုးလုံးဝမပါဘူး။ လမ်းရယ်။ ရေမြောင်းတွေရယ်။ ပြီးရင် လျှပ်စစ်မီးတွေရယ်။ အဲဒီစရိတ်တွေမပါပါဘူး။ အစိုးရပိုက်ဆံနဲ့ ကျခံတာပဲဖြစ်ပါတယ်။ ပြည်သူလူထုတွေဆီက တောင်းခံတာဆိုလို့ အဆောက်အဦးတန်ဖိုးတစ်ခုပဲ ရှိပါတယ်။”

ဝယ်ယူတဲ့ တိုက်ခန်းတစ်ခန်းစီရဲ့ဈေးနှုန်းပေါ်မူတည်ပြီး ကျသင့်တဲ့ငွေကို ဝယ်ယူတဲ့အချိန်ကစပြီး လက်ငင်းပေးချေနိုင် တဲ့ စနစ်နဲ့ အဲဒီငွေရဲ့၃၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေကာ ကျန်တဲ့ငွေတွေကို ၁၀ နှစ်အတွင်း ဘဏ်ကတစ်ဆင့် ပေး ချေတဲ့ စနစ်ဆိုပြီး နှစ်မျိုးနှစ်စားနဲ့ရောင်းချနေပြီး ဘဏ်စနစ်နဲ့ဆိုရင်တော့ တစ်နှစ်စီမှာ အဲဒီငွေတွေရဲ့ ၁၂ ရာခိုင်းနှုန်း ကို ဖြတ်တောက် ခံရမှာဖြစ်ပါတယ်။

ကျပ်သိန်း ၁၅၀ နဲ့အထက်ကျသင့်တဲ့ တိုက်ခန်းတစ်ခန်းဝယ်ယူမယ်ဆိုရင်တော့ ဝယ်ယူတဲ့သူအပါအဝင် တစ်မိသားစု လုံးရဲ့ တစ်လဝင်ငွေဟာ ၅ သိန်းနဲ့ အထက်ရှိဖို့လိုအပ်သလို ကျပ်သိန်း ၂၂၀ နဲ့အောက်ကျသင့်တဲ့ တိုက်ခန်းဝယ်ယူ မယ်ဆိုရင်လည်း အဲဒီမိသားစုရဲ့ဝင်ငွေဟာ ၇ သိန်းနဲ့ အထက်ရှိဖို့ လိုအပ်တယ်လို့ ဦးရွှေဝင်းရဲ့ပြောကြားချက်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။

ကျပ်သိန်း ၁၅၀ နဲ့ ၂၂၀ ကြားဆိုရင် တိုက်ခန်းတစ်ခန်းဝယ်ယူဖို့အတွက် တစ်မိသားစုလုံးရဲ့လစာဝင်ငွေတွေကို စု ပေါင်းလိုက်ရင် လုံလောက်တယ်ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ထုံးတမ်းအစဉ်အလာ တစ်ခုလို့ပြောရင်တောင်မမှားတဲ့ လာဘ်ထိုးမှုတွေကြောင့် အဲဒီတိုက်ခန်းကို ရကိုရရမယ်လို့ မျှော်မှန်းထားတဲ့ဟာတွေ ပျက်ပြယ်သွားမှာကို စိုးရိမ်နေကြသူတွေ တော်တော်များများရှိနေပါတယ်။

“တစ်ချို့က တတ်နိုင်တဲ့အတွက် လက်ငင်းပေးပြီး သူတို့က လာဘ်ထိုးပြီးတော့ ယူကြတာတွေရှိတယ်။ အဲဒီပုံစံမျိုးဖြစ်မှာကို အရမ်းစိုးရိမ်တယ်။ တကယ်ပဲ အိုးပိုင်းအိမ်ပိုင်မရှိလို့ လာလျှောက်တာပေါ့။ မျှော်လင့်မိတယ်။ တရားမျှမျှတတနဲ့ မရှိတဲ့သူတွေ လုံးဝကို အဆင်မပြေတဲ့သူတွေအတွက် ရလိုက်စေချင်တယ်။”ဟု တန်ဖိုးနည်း တိုက်ခန်းဝယ်ရန် လျှောက်လွှာတင်ထားသူ တစ်ဦးဖြစ်တဲ့ ကိုအောင်မင်းစိုးက သူစိုးရိမ်နေတဲ့ အချက်တွေကိုချပြခဲ့တာပါ။

သူ့တို့မိသားစုအနေနဲ့တော့ ကျပ်သိန်း ၁၅၀နဲ့ ၁၆၀ ထဲက တစ်မျိုးမျိုးဝယ်ဖို့ပဲ တတ်နိုင်ပြီးတော့ သာမာန်ဝန်ထမ်းတစ် ယောက်အနေနဲ့လည်း အခုရောင်းချမယ့် တိုက်ခန်းတွေထဲက အနိမ့်ဆုံးဈေးနှုန်းဖြစ်တဲ့ ၁၅၀ ကျပ်သိန်းတန်ကိုပဲ ဝယ် ဖြစ်ကြမယ်ထင်တယ်လို့လဲပြောပါတယ်။

ဒါပေမဲ့ အဲဒီ စိုးရိမ်သူတွေရဲ့ စိုးရိမ်မှုတွေကို “အဲဒီလူဟာ အိမ်ယာရှိတဲ့လူတစ်ယောက်ဖြစ်တဲ့အကြောင်းကို ကျနော်တို့ သိခဲ့မယ်ဆိုရင် အဲဒီလူဟာ လက်ရှိပေးသွင်းထားတဲ့ ငွေရဲ့ ၅ ရာခိုင်နှုန်းကို ဖြတ်တောက်ခံရပြီး အဲဒီနေတဲ့အိမ်ကလည်းဆင်းပေးရပါမယ်ဆိုပြီး လက်ကမ်းစာစောင်မှာရော လျှောက်လွှာရဲ့စည်းကမ်းချက်တွေမှာပါပါတယ်။” လို့ပြောလိုက်တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးရွှေဝင်းရဲ့စကားတစ်ခွန်းက ကယ်တင် လိုက်နိုင်တယ်ဆိုရင်မမှားပါဘူး။

အဲဒီစီမံကိန်းဟာ အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေရဲ့လက်ထဲကို ထည့်ပေးမှာဖြစ်ပြီး လျှောက်လွှာတွေကို လာမယ့် ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့ ၂၆ ရက်နေ့အထိ လက်ခံပြီး အဲဒီလျှောက်လွှာတင်ထားတဲ့သူတွေကို လက်ရှိငွေရဲ့ ၃၀ ရာခိုင် နှုန်းကိုထည့်ဝင်ခိုင်းကာ ထည့်ဝင်နိုင်တဲ့သူတွေကိုသာလျှင် အသေအချာမဲစနစ်နဲ့ စီစစ်ပြီး အိုးပိုင်အိမ်ပိုင်ရှိတဲ့သူဟုတ်မ ဟုတ်စီစစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုလျှောက်လွှာတင်ပြီးတဲ့သူတွေထဲက ဘဏ်စနစ်နဲ့ ၁၀ နှစ်တာအတွင်း ငွေပေးသွင်းပြီးဝယ်ယူမယ့် သူတွေကို ဝယ်ယူမယ့်တိုက်ခန်းရဲ့ ငွေကြေးတန်ဖိုး ၃၀ ရာခိုင်နှုန်းကို ထည့်ဝင်ရမှာဖြစ်ပြီး အဲဒီ ၃၀ ရာခိုင်နှုန်းကိုထည့်ဝင်နိုင် မှ သာ မဲစနစ်နဲ့ရွေးချယ်တဲ့အထဲပါဝင်ရမှာဖြစ်ပါတယ်။

အလားတူစွာ မဲစနစ်နဲ့ရွေးချယ်တဲ့အထဲ ပါဝင်သွားတဲ့သူကတော့ အဲဒီတိုက်ခန်းမှာ အလိုက်သင့်နေထိုင်ခွင့်ရမှာဖြစ်ပြီး အဲဒီရွေးချယ်ခြင်းခံရတဲ့အထဲက တစ်စုံတစ်ယောက်ဟာ ၄ လက်ဆက်တိုက် ငွေမပေးသွင်းနိုင်ခဲ့ဘူးဆိုရင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ခေါ်ယူခြင်းကိုခံရမှာဖြစ်ပြီး ဆက်ပြီး မသွင်းနိုင်ခဲ့ရင်တော့ သူဟာလည်းပဲ အဲဒီတိုက်ခန်းက ဖယ်ပေးရမှာပါ။

မဲစနစ်နဲ့ စိစစ်လို့အပြီး ရွေးချယ်ခံရတဲ့သူတွေဟာ ကိုယ်ဝယ်ယူထားတဲ့တိုက်ခန်းမှာ အလိုက်သင့်နေထိုင်နိုင်ပြီး တစ်စုံ တစ်ယောက်ဟာ နေထိုင်တဲ့အိမ်နဲ့ ခြံမြေတွေရှိတယ် ဆိုတာကို သိရင်တော့ အဲဒီလူဟာ ပေးသွင်းထားပြီဖြစ်တဲ့ ငွေရဲ့ ၅ ရာခိုင်နှုန်းကိုဖြတ်တောက်ခံရမှာဖြစ်ပြီး နေတဲ့အိမ်က ဆင်းပေးရမယ်ဆိုတဲ့ သဘောပါ။

အဲဒီတိုက်ခန်းတွေမှာ နေထိုင်တဲ့ အချိန်ကတည်းက ရေ၊ မီးအစုံပါပြီးဖြစ်သလို တိုက်ခန်းတစ်ခန်းစီမှာ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်း၊ ထမင်းချက်ခန်း ၁ ခန်း၊ အိမ်သာ ၁ ခန်း၊ ရေချိုးခန်း ၁ ခန်းတို့လည်း ပါဝင်ပါတယ်ဆိုတာကို ကွင်းဆင်း လေ့လာမှုတွေအရ သိခဲ့ရပါတယ်။

တစ်ချို့တွေကတော့ အဲဒီတန်ဖိုးနည်း တိုက်ခန်းတွေဟာ စစ်တွေမြို့နဲ့ ခြေလျှင်ခရီးနဲ့ဆိုရင် ၁ နာရီနီးပါးသွားရတဲ့ အဲဒီ ရွှေပြည်သာရပ်ကွက်ဟာ လူနေကျဲပြီး ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့အစရှိတဲ့ ဈေးဆိုင်တွေမရှိတဲ့အတွက် အရေးကြုံရင် အရေးကြုံသလို အဆင်မပြေနိုင်မှာကို စိုးရိမ်ပြီး မဝယ်ချင်တဲ့သူတွေ ရှိနေတာကိုလည်း တွေ့မြင်နေရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ အပါအဝင် လူအများစုကတော့ ရခိုင်ပြည်နယ်ရဲ့မြို့တော် ဖြစ်တဲ့ စစ်တွေမြို့မှာ အလုပ်လုပ်ကိုင်ကြရပြီး စစ်တွေမြို့နဲ့ ၁ နာရီခန့် အလှမ်းဝေးတဲ့ အဲဒီရွှေပြည်သာမှာ သွားပြီးနေ ကြရမယ်ဆိုတော့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ဘာသာရေးကအစ ချို့ယွင်သွားမှာကို စိုးရိမ် ထိတ်လန့်နေကြတာပါ။

“အခုဆိုရင်လမ်းပန်း ဆက်သွယ်ရေးလည်း ရှေ့ဆက်ပြီး လုပ်ပေးမယ်ကြားတယ်။ ကားဂိတ်တွေဘာတွေလည်း ချပေး မယ်ပြောတယ်။ နောက်ဆိုရင်တော့ အဲဒီနေရာတွေဟာ စည်ကားတဲ့နေရာ တစ်ခုဖြစ်လာမယ်တော့ ထင်တယ်။ ပညာ ရေးနဲ့ပတ်သတ်လို့လည်း ကိုယ်ပိုင်ကျောင်းပဲဖြစ်ဖြစ်ရှိမယ် ဆိုရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။”လျှောက်လွှာဝယ် ယူထားတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခုစီမံကိန်းကို တာဝန်ယူဖော်ဆောင်ပေးတဲ့ ဝန်ကြီးဌာနကတော့ စစ်တွေမြို့တွင်းကနေ ဆပ်ရိုးကျချောင်းကို ဖောက် လုပ်ထားတဲ့ တံတားပြီးရင်တော့ အဲဒီရွှေပြည်သာနဲ့ မြို့တွင်းနဲ့ သွားလာမှုတွေ အဆင်ပြေသွားနိုင်ပြီး ကျောင်းတက်တဲ့ ကလေးတွေအတွက်လည်း အဆင်ပြေမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိဆောက်လုပ်ထားတဲ့ တန်ဖိုးနည်းအိမ်ရာတွေရဲ့အနီးမှာ ကားဂိတ်တစ်ခုဆောက်လုပ်မှာဖြစ်ပြီး အခုအချိန်ဟာ အဲဒီနားမှာ လူနေကျဲနေပေမဲ့ အဲဒီလိုကားဂိတ်တွေဆောက်လုပ်လို့ပြီးရင်တော့ လူစည်းကားလာမယ်လို့လည်း မှတ် ချက် ပြုပြောဆိုခဲ့ပါတယ်။

အခုရောင်းချသွားမဲ့ တန်ဖိုးနည်းတိုက်ခန်းတွေဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံချက်နဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ဘတ်ဂျတ်ငွေ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျခံကာ အိုးပိုင်အိမ်ပိုင်သူတွေအတွက်တမင်ရည်ရွယ်ကာ ဆောက်လုပ်ပေးနေတာဖြစ် တယ်လို့လည်း ဆိုပါတယ်။

လာမယ့်နှစ်တွေမှာလည်း အစိုးရက ဒီလိုတန်ဖိုးနည်းတိုက်ခန်းတွေကို ဖော်ဆောင်ပေးသွားမှာဖြစ်တဲ့အတွက် အခု လက်ရှိဆောက်လုပ်ထားတဲ့ တိုက်ခန်းတွေရဲ့အနောက်ဖက်မှာ မြေနေရာတွေကို ဝယ်ယူထားပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပါတယ်။

သတင်းဆောင်းပါးဓာတ်ပုံ – စစ်တွေမြို့၌ ရောင်းချလျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာများ (ဓာတ်ပုံ – RiA)

Related Post

Comments

comments

Root Agency