ပြတင်းတစ်ဖက်မှ ဆွေးမြည့်နေသော အနာဂါတ်များ

By Admin | Posted on January 26, 2018 | Also posted in Feature | | Tagged , |

493 Views

၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ (၃)၊ အမှတ် (၁) The Root Magazine မှ အက်ဆေး ဖြစ်ပါသည်။

ကိုကိုကြီး ရေးသားသည်

ခုံတစ်ခုံပေါ် ကျနော်ထိုင်နေသည်။ ခုံတည့်တည့်တွင် ပြတင်းပေါက်တစ်ခုက ဧရိယာတစ်ခု မြင်ကွင်းကို ဗဟို ပြုထားလေသည်။

တစ်ဖက်တစ်ချက် အဆောင်နှစ်ခုကြား ပျားပန်းခပ်တမျှ သွားလာနေကြသော လူတစ်စု လှုပ်ရှားမှုက ကျွန်တော့် အာရုံကို ဆွဲဆောင်နေစေပါသည်။ ထိုသူများသည် ဝတ်စုံဆင်တူ ဝတ်ဆင်ထားကြပြီး လူကြီးလူငယ် ပေါင်းစုံ ပါဝင်ကြသော်လည်း မိန်းမသားဟူ၍ တစ်ဦးတယောက်မှ မတွေ့ရချေ။

လူအုပ်စု သွားလာနေမှုကို ကြည့်ရင်း ကျနော့် အာရုံက တစ်နေရာဆီ စူးစိုက်မိသည်။ လူတစ်စုသည် အုပ်စုဖွဲ့ကာ ထမင်းဟင်းကို ချက်ပြုတ်နေကြသည်။ ဟင်းရွက် ဖျင်သူကဖျင် ငရုတ်သီး ခြွေသူကခြွေ ထမင်းအိုးကို မွှေသူက မွှေနှင့် သူ့အာရုံနှင့် သူ အလုပ်လုပ်နေကြလေသည်။ တချက်တချက် စကားတွေ လှမ်းပြောကြရင်း တဝါးဝါး ပွဲကျလိုက်ပါသေးသည်။

“ခင်ဗျား ကြည့်လိုက် ဒီလူတွေဟာ ဒီကိုရောက်လာကြတာ ဇာတ်လမ်းကိုယ်စီနဲ့ဗျ။ သူတို့ တစ်ဦးချင်းမှာ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေရှိတယ်။”

ဘေးက မိတ်ဆွေအသံက လူအုပ်ပေါ် အာရုံဝင်စားမှုကို ခဏ ပျက်သွားစေသည်။

သူက ဆက်ပြီး “ဒီ အဆောက်အအုံကို အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တာဗျ။ ခင်ဗျားခုထိုင်နတာက ဒီပတ်ဝန်းကျင်တစ်ခုလုံး ထိုင်ကြည့်လို့ရတယ်။ သူတို့ အပြု အမူအကျင့်စရိုက်လေးတွေကို သုံးသပ်ပြီး ထိန်းကွပ်လို့ရတာပေါ့။”

သူရှင်းပြတော့မှ ကျနော်ထိုင်နေသော ထိုင်ခုံနှင့် ပြတင်းတပေါက် အရေးပါပုံကို စိတ်ဝင်စားမိသွားသည်။

“ခင်ဗျား အေးဆေးထိုင်ကြည့်ပေါ့ဗျာ။ ကျနော် အောက်ခဏ ဆင်းကြည့်လိုက်ဦးမယ်”’

နှုတ်ဆက်ရင်း မိတ်ဆွေ ထွက်သွားတော့ ခုနကထက် မြင်ကွင်းကို စိတ်ဝင်စားစွာကြည့်မိရင်း လက်ထဲက ကော်ဖီကို အရသာခံပြီး တကျိုက် သောက်လိုက်သည်။ သူပြောလိုက်မှ လူအုပ်လှုပ်ရှားမှုကို အာရုံစိုက်ပြီး ပိုကြည့် မိလာသည်။

တချို့က အဆောက်အဦနား အေးဆေးစွာထိုင်နေသည်ကို မြင်ရသည်။ တချို့က ကွက်လပ်လေးမှာ ထိုင်ကာ အလုပ်လုပ်နေကြပြန်သည်။ သေချာကြည့်လိုက်တော့ အချောသတ်ထားသော ကြိမ်ဖြင့် လက်မှုပစ္စည်း လုပ်နေကြသည်။ လက်မှုပစ္စည်း လုပ်နေကြသည်ဟု ယူဆရခြင်းမှာ သူတို့ဘေးတွင် ကြိမ်ခုံကလေးများ/ စင်ကလေးများကို တွေ့ရသောကြောင့် ဖြစ်သည်။

ကြည့်နေစဉ်မှာ ဗလခပ်တောင့်တောင့်နှင့် လူတစ်ယောက်က အဆောင်အကွယ်မှ ထွက်လာပြီး တစ်ခုခု အော်ပြောလိုက်ဟန် ရှိသည်။ အဆောင်နား ထိုင်နေသူထဲမှ တစ်ယောက်က ပျာပျာသလဲလဲ ထလာပြီး အဆောင်အစွန်း လွတ်နေသည့်နေရာပေါ် ဖုတ်ဖက်ခါကာ ပုဆိုးတစ်ထည်ခင်းချပြီး သန့်ရှင်းရေး လုပ်လိုက်သည်ကို တွေ့ရသည်။ ဗလ ခပ်တောင့်တောင့်နှင့် လူက သန့်ရှင်းရေး လုပ်လိုက်သော နေရာတွင် လှဲလိုက်ပြီးနောက် အဆောင်နားက ထလာသူက နှိပ်နယ် ပေးနေလေသည်။

ထိုစဉ် အသံတစ်ခု ထွက်ပေါ်လာပြီး ဟိုတစ်စု ဒီတစ်စု ဖြစ်နေသော သူများသည် သတိအနေအထားဖြင့် မတ်တပ်ရပ်ကာ ငြိမ်နေသည်ကို တွေ့ရသည်။ တံခါးဖွင့်သံတစ်ခု ကြားပြီး လူတစ်စုဝင်လာသည်ကို မြင်နေရသည်။ ထိုလူများသည် အဆောက်အဦပတ်လည် တလျှောက် သွားလာနေကြပြီး တစ်ခုခုကို ညွှန်ကြားနေပုံရသည်။ ထိုလူတစ်စု ပြန်ထွက်သွားပြီးနောက် ငြိမ်သက်နေသော လူအုပ်မှာ ပြန်လည် အသက်ဝင်လာလေသည်။

မြင်ကွင်းကို ထိုင်ငေးနေရင်း “ဟာခင်ဗျား ခုထိ ထိုင်နေတုန်းပါလား။ တော်တော် စိတ်ဝင်စားနေပြီနဲ့တူတယ်” ဟူသော မိတ်ဆွေ အသံကို ကြားလိုက်ရသည်။ ကျနော်က “ဟုတ်တယ်ဗျ” “စိတ်ဝင်စားစရာ ကောင်းသလို၊ တွေးစရာလည်း ကောင်းတယ်ဗျ” ဟု ပြန်လှည့်ကြည့်ရင်း ပြောလိုက်တော့ မိတ်ဆွေက ကျနော့် ဘေးလာရပ်ရင်း “ခင်ဗျား ဟိုလူမြင်လား” ဟု လက်ညိုးညွှန်ပြသည်။ သူ လက်ညိုး ညွှန်ပြရာကြည့်လိုက်တော့ အသားဖြူဖြူနှင့် လူငယ်တစ်ဦးကို မြင်သည်။

“ဒီကောင်လေးက ကျောက်မှုနဲ့ ထောက်ကျတာဗျ။ မိတဲ့ ကျောက်ကလည်း သိန်းဂဏန်း သာသာပဲ။ သိပ်လည်း မများဘူးဗျ။ ဟိုးနားမှာ ထိုင်နေတဲ့ လူမြင်လား” သူက ဆက်ညွှန်ပြပြန်သည်။ “သူက နိင်ငံရေးသမားဗျ။ ဟိုဖက်ကလူက မုဒိန်းကောင်။ ဟိုးဖက်ကလူက သူခိုး” ဟု ညွှန်ပြရင်း ပြောပြောဆိုဆို “ကဲ ရေချိုးဦးမယ်ဗျာ။ ပြီးရင် ထမင်းစားကြတာပေါ့” ပြောကာ အနားမှ ထွက်သွားလေသည်။

ပထမ ကြည့်နေချိန် ထိုလူအုပ်များ၏ လှုပ်ရှားမှုကိုသာ စိတ်ဝင်စားသော ကျနော်သည် သူတို့ဘဝဖြစ်စဉ်ကို အနည်းငယ် တို့ထိခွင့်ရသောအခါ စိတ်ဝင်စားမှုရေချိန်က ပိုမြင့်လာပြီး စိတ်ခံစားမှုက ဝမ်းနည်းမှုဖက်ကို ဦးတည်လာခဲ့သည်။ စိတ်အစဉ်က လူ့ဘဝဖြစ်ပျက်မှုကို တွေးသည်။

အကျဉ်းထောင်ထဲက လူသားများ။ လူသားများသည် ဘဝတွင် အမှားတော့ ကျူးလွန်မိကြသည်။ ထောင်ထဲတွင် ရောက်နေသူများသည်လည်း အမှား တစ်ခုခုကြောင့် ရောက်နေသူများဟု ယေဘုယျ ကောက်ချက်ချနိင်သည်။ ကျောက် အမှုဖြင့် ထောင်ကျသော သူသည် နည်းသည်များသည်ဖြစ်စေ နိုင်ငံတော်က ချမှတ်ထားသော ဥပဒေကို မိမိလောဘကြောင့် လွန်ကျူးမိပြီး အပြစ်ပေးခံရခြင်းဖြစ်သည်။

ထို့အတူ မုဒိန်းသမားသည်လည်း မိမိ ရာဂ အမှောင်ကြောင့်။ သူခိုးသည်လည်း လောဘကြောင့် လူသတ်သမားသည်လည်း ဒေါသကြောင့် အပြစ်ဖြစ်ကြရသည်။

ထူးခြားသည်ကား နိုင်ငံရေးသမားဆီ စိတ်ရောက်သွားပြန်သည်။ ဘာကြောင့်ထောင်ကျရတာလဲ။ သူ့အပြစ်ကို တွေးမိသောအခါ ယုံကြည်မှုဟူသော အဖြေထွက်လာသည်။

သူထောင်ကျရတာက နည်းနည်းတော့ ထူးဆန်းသလို ခံစားရသည်။ နိုင်ငံရေးသမား ဆိုသည်မှာ စနစ်တစ်ခု လိုအပ်ချက်ကို ပြည်သူအတွက် အဖိုးအခမဲ့ တိုက်ပွဲ ဝင်သူများဖြစ်ကြသည်။ သူတို့ယုံကြည်ချက်က ဘာလဲ။ ပြည်သူအတွက် မတရားထင်သည့် စနစ်ကို ပြောင်းလဲရန် မိမိတို့တွင် တာဝန်ရှိသည်ဟု ခံယူထားသူများ ဖြစ်ကြသည်။

ထောင်ကျတာချင်း တူပေမယ့် ပြည်သူအတွက် ယုံကြည်ချက်တစ်ခုကို ကြံ့ကြံ့ခံရပ်တည်ပြီး ဘောင်ခတ်ထားသော ထောင်နံရံထဲတွင် သူပိုင်ဆိုင်သော လူ့ဘဝသက်တမ်းကို အများအတွက် ပေးဆပ်လျက်ရှိသူ။ သူ့ဘဝကို ဘယ်လိုစိတ်နဲ့ ရှေ့ဆက်နေလဲဆိုသည့် မေးခွန်းက ဖြေမထွက်နိုင်ပေ။

ငယ်ရွယ်သူများနဲ့ အသက်အရွယ်ကြီးရင့်သူများ ပြည့်နှက်နေပြီး ဘဝအနာဂါတ်ကို ရပ်တန့်နေစေသည့် အကျဉ်းထောင်။ အနာဂါတ်အဓိပ္ပါယ်မဲ့နေသော သူများရဲ့ ရှင်သန်ခြင်းကာလက နှမြောစရာဖြစ်သည်။ မိမိတို့ စိတ်ဆန္ဒ အလိုအရ အလုပ်တစ်ခုကို လက်တည့်စမ်း လုပ်ကြည့်ရင်း ဥပဒေနှင့် ငြိစွန်းသည့်အခါ မိမိတို့ အနာဂါတ်ကို ရပ်တန့်ထားရပြီး ကျူးလွန်သည့် ပြစ်မှုအတွက် ပေးဆပ်ကြရသည်။

တချို့သော သူများကား အေးချမ်းစွာ နေလိုကြသော်လည်း ဖိနှိပ်မှုကို မခံနိုင်၍ ဒေါသအလျောက် ပြန်လည် တုန့်ပြန်ကာ ရောက်လာခဲ့ရ သူများလည်း ရှိပြန်သည်။ အပြင်လောကတွင် အကျဉ်းသားများနှင့် ဆန့်ကျင်ဖက် ဥပဒေအရ မလွတ်ကင်းသည့်ကိစ္စ လုပ်သည့်တိုင် မျက်နှာဖုံးတပ်ကာ ကျော်ဖြတ်နိင်ကြသူများကလည်း ဒုနဲ့ဒေး။

လူသားများသည် လူ့ပတ်ဝန်းကျင်တစ်ခုကို ပြဿနာနည်းအောင် ကြံဆကာ လူသားများကို ထိန်းချုပ်နိုင်သည့် ဥပဒေကို ဖန်တီးခဲ့ကြသည်။ သို့သော် လူသား ရေးဆွဲထားသော ဥပဒေဟူသည်ကား ပြီးပြည့်စုံသည် မရှိပေ။ မမှားသောရှေ့နေ မသေသော ဆေးသမားဟူသော စကားကို သတိရလာပြီး ဆုံးဖြတ်ချက်အမှားဖြင့် ရောက်လာသူ ဘယ်နှစ်ယောက်ရှိကြမည်နည်းဟု မြင်ကွင်းတွင် လှုပ်ရှားသွားလာနေသူများကို ကြည့်ရင်း အတွေး တစ်ချက် ဝင်မိသည်။

“ဟေ့လူ ကော်ဖီခွက်ကိုင်ပြီး ငေးမနေနဲ့။ ထမင်းစားကြမယ်” ဟု မိတ်ဆွေ လှမ်းအော်တော့ အတွေးမှ ရပ်ကာ ပြတင်းပေါက်မြင်ကွင်းကို အာရုံစိုက်အကြည့် ရေခွက်ကိုင်ကာ တန်းစီ ရေချိုးနေကြသော အကျဉ်းသားများက တစ်ယောက်ကို တစ်ယောက် စလိုက်နောက်လိုက် ရယ်မောကာ ရေချိုးနေကြလေပြီ။

ထိုစဉ် ငယ်ငယ်နှင့် ကျောက်သမားလေးက ရေခပ်ကာ ခုနက အနှိပ်ခံနေသူကို ရေသွန်ပေးနေသည်ကို မြင်သည်။ ရေတခွက်နှစ်ခွက် ချိုးပေးပြီး အနှိပ်ခံသူသည် ကျောလှည့်ကာ ဂျီးတွန်းခိုင်းနေပြန်သည်။ ထိုလူမှာ ထောင်တန်းစီးဖြစ်မည်။ ထောင်တန်းစီးများသည် ဝင်လာသော ထောင်သားသစ်များကို ဗိုလ်ကျလေ့ရှိသည်ဟု ကြားဖူးနားဝ ရှိသည်။ ကောင်လေးကို ဂျီးတွန်းခိုင်းရင်း လက်ညွှန်ပြကာ ဟိန်းဟောက်နေပုံလည်း ရသည်။ ထူးခြားသည့် မြင်ကွင်းတစ်ခုက နိင်ငံရေးသမားဆိုသူသည် ထိုလုပ်ရပ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်ကို တွေ့ရသည်။

သူ့ကိုကြည့်ရသည်မှာ အပြင်လောက စနစ်မမျှတမှု သာမက ထောင်တွင်စနစ်မမျှတမှုကိုပါ တော်လှန်ချင်နေပုံရသည်။ ပြင်ပလောကမှ အမှားကို ပေးဆပ်ဖို့ ထောင်ကျလာရင်း ထောင်တွင်းစနစ်က ဒီလူတွေ အမှားဆက်ဖြစ်ဖို့ တွန်းအားပေနေသလိုလိုပင်။

မတူညီသည့်ဘဝ/မတူညီသည့်အတွေ့အကြုံ/ တူညီသည့် ခံစားချက်များဖြင့် သီးခြားကမ္ဘာတစ်ခုတွင် မိမိစိတ်ကို ပျော်ရွှင်အောင်နေရင်း ပြင်ပကမ္ဘာကို ထွက်လာကြချိန် နောင်တတရားနှင့် ပြန်လာကြမှာလား။ နာကျည်းချက် ထပ်ဆင့်ကာ ထွက်လာကြမှာလား ဆိုသည့် မေးခွန်းများနှင့် ပြတင်းပေါက်နားမှ ခွာလာချိန်ထိ အတွေးအချို့က လိုက်လံ စိုးမိုးဆဲပင်။

thukyiကိုကိုကြီး သည် ရမ်းဗြဲမြို့၊ အတွင်းပြင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ဝါသနာပါသော ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ကာ စာပေကို မြတ်နိုးသည့်အလျောက် ဆောင်းပါးများ/ဝတ္တုတိုများကို မျိုးခိုင်အောင်၊ သူကြီး စသည့် ကလောင်အမည်များဖြင့် ရေးသားနေသူ ဖြစ်သည်။

Related Post

Comments

comments

Root Agency