ကညင်ချောင်းစီးပွားရေးဇုန်က ပြည်သူတွေရဲ့ အခွင့်အလမ်းကို ဘယ်လောက်ထိ အကောင်ထည်ဖော်ဆောင်လာနိုင်မလဲ

By Admin | Posted on January 27, 2018 | Also posted in Business, Feature | | Tagged , |

245 Views

၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ (၃)၊ အမှတ် (၁) The Root Magazine မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။

KNC_ Md zone (1)

နောင်နောင် ရေးသားသည်

ပဋိပက္ခ၊ အကြမ်းဖက်မှုတွေနဲ့ စီးပွားရေးကျဆင်းနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အစိုးရက စီးပွားရေးထူထောင်ရေးတွေ စတင်လာတာ တွေ့ရပါတယ်။

အထူးသဖြင့် ပဋိပက္ခရဲ့ ဗဟိုချက်မ မောင်တောဒေသကို အဓိကထားပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုရဲ့ အရေးပါ အရာရောက်လာမယ့် ကညင်ချောင်း အထူးစီးပွားရေးဇုန်ကို အကောင်ထည်ဖော် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နတ်မြစ်အလင်းတန်းကုမ္ပဏီတို့က နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က ကျပ်သန်းပေါင်း ၁၅၀၀ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ကျပ်သန်း ၇၀၀၀ ထည့်ဝင်ထားတဲ့၊ စုစုပေါင်း ကျပ်သန်းပေါင်း ၂၂၀၀ ကုန်ကျခံ တည်ဆောက်မယ့် အဆိုပါ စီးပွားရေးဇုန် တည်ဆောက်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီ ကညင်ချောင်းစီးပွားရေးဇုန်ဟာ ဆိုရင် မောင်တောမြို့နယ်နဲ့ (၂) မိုင်ခန့်သာ ကွာဝေးတဲ့ နတ်မြစ်နဲ့ ကညင်ချောင်း ဆုံရာ အရပ်မှာ ဆောက်လုပ်နေတာလဲဖြစ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် ရေလမ်းခရီး (၄) မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။

စီမံကိန်း အဆောက်အဦတွေ တည်ဆောက်ပြီးတဲ့အခါ တန်ချိန် ၅၀၀ နှင့် ၈၀၀ ကြား ကုန်ပစ္စည်းတွေ သယ်ဆောင်နိုင်တဲ့ သဘောင်္ာကြီးများ ၂၄ နာရီ ဝင်ထွက်သွားလာနိုင်မှာ ဖြစ်သလို ကုန်စည် လည်ပတ်စီးဆင်းမှု ပိုမို မြန်ဆန်လာမှာဖြစ်ပြီး မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ တည်ဆောက်နေတာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ယခု တည်ဆောက်နေတဲ့ ကညင်ချောင်းစီးပွားရေးဇုန် မတိုင်မီ ကညင်ချောင်းကုန်သွယ်ရေးစခန်း (မောင်တော နယ်စပ်ကုန်သွယ်ရေးဇုန်) အဖြစ် ၁၉၉၁ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် နယ်စပ်စီးပွားရေးကို ထင်သလောက် အကောင်ထည် မဖော်ဆောင်နိုင်ခဲ့ပါဘူး။

၂၀၁၅ ခုနှစ်မှာတော့ အဆိုပါ နယ်စပ်ကုန်သွယ်ရေးဇုန်ကို ပြည်နယ်အစိုးရအဖွဲ့က ထည့်ဝင်တဲ့ ငွေကျပ်သိန်း ၆၀၀၀ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ထည့်ဝင်တဲ့ ငွေကျပ်သိန်း ၄၀၀၀ တို့ နှစ်ရပ်ပေါင်းပြီး စုစုပေါင်း ကျပ်သိန်း ၁၀၀၀၀ အကုန်ကျခံပြီးတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးလှမောင်တင် လက်ထက်မှာ ကုန်သွယ်ရေးဇုန်ကို ပြန်လည် တည်ဆောက်မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးခန်းတွေထဲ ပိုကုန့် ၉၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ၁၀ ရာခိုင်နှုန်းထိ ရှိလာတဲ့ စခန်းတစ်ခုဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံက ထွက်ကုန်ပစ္စည်းအမျိုးအမျိုးကို အဓိကတင်သွင်းနေတဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ လူဦးရေပေါင်း သိန်း ၁၆၀ ရှိပြီးတော့ မြန်မာနိုင်ငံလူဦးရေထက် ၃ ဆက်လောက်ပိုများကာ ဧရိယာအကျယ်အ၀န်းအားဖြင့် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ရှမ်းပြည်နယ်လောက်သာ ကျယ်ဝန်းတယ်လို့ သိရပါတယ်။

အဲဒီလိုမြေနေရာတွေ ကျဉ်းကျပ်ပြီးတော့ လူဦးရေ များပြားထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ သီးနှံတွေ စိုက်ပျိုးဖို့အတွက် မြေနေရာ ရှားပါးတဲ့အခါ မြန်မာနိုင်ငံအတွင်းက ထွက်တဲ့ အခြေခံစားကုန်တွေကို အဓိကထားပြီးတော့ ၀ယ်ယူနေတာ ဖြစ်တယ်လို့ ဆိုရမှာပါ။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှု ပမာဏာဟာ ၆၀ ရာခိုင်နှုန်းထိ ထိုးကျနေတယ်လို့ ကုန်သွယ်ရေး မှတ်တမ်းတွေအရ သိရပါတယ်။

ရခိုင်နယ်စပ် မောင်တောဒေသဟာ အကြမ်းဖက်သမားတွေ စိမ့်ဝင်ဖို့ လွယ်ကူနေတဲ့ ဒေသတစ်ခုဖြစ်သလို အစိုးရရဲ့ တရားဥပဒေ စိုးမိုးမှုမှာလည်း ထင်သလောက် မသက်ရောက်နိုင်တာ တွေ့နေရပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေက မကြာခဏ ဆိုသလို ဖြစ်ပေါ်လာတာပါ။

ပဋိပက္ခတွေနဲ့ မငြိမ်သက်မှုတွေကြောင့်လည်း ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဟာ နာလန်မထူနိုင်သေးသလို ပြည်နယ် အတွင်းက အလုပ်လုပ်ကိုင်နိုင်သူ အရွယ်တွေကလည်း နေရပ်စွန့်ခွာပြီး ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြပါတယ်။

မကြာခင်ကမှ ဖြစ်ပေါ်ခဲ့တဲ့ မောင်တောနယ်စပ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ အပြီးမှာတော့ အစိုးရက မောင်တော ဒေသအတွင်း တိုင်းရင်းသား ကျေးရွာအများအပြား တည်ဆောက်ဖို့ စီမံကိန်းတွေ စတင်လာသလို၊ နေထိုင်သူတွေ အတွက် ခိုင်မာတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ဖို့ စီးပွားရေးဇုန် စီမံကိန်းကိုလည်း အကောင်ထည် ဖော်လာခဲ့တာ ဖြစ်ပါတယ်။

“ဒီကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက်ပြီးစီးလို့ရှိရင် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်ရေးက ပိုတိုးတက်လာပြီးတော့ ကုန်သွယ်ရေး တိုးတက်လာတာနဲ့အမျှ စီးပွားရေးတိုးတက်လာမယ်။ အလုပ်ကိုင်အခွင့်အလမ်းတွေ တိုးပွားလာမယ်။ ကုန်သွယ်ရေးကို အခြေခံပြီးတော့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သွားမှာပါ။” လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက Root ကို ပြောကြားထားပါတယ်။

ယခင်က နယ်စပ်ကုန်သွယ်ရေးစခန်းကို ရောက်ရှိလာတဲ့ ရေထွက်ပစ္စည်းများကို သိုလှောင်မထားဘဲ တစ်ဖက်နိုင်ငံကို ချက်ချင်း တင်ပို့ရောင်းချနေခဲ့ရတာကြောင့် တစ်ဖက်နိုင်ငံက စိတ်ကြိုက်ဝယ်ယူလို့ရမယ့် ၀ယ်သူဈေးကွက်အနေအထားကို ရောင်းသူ ဈေးကွက်ဖြစ်လာအောင် ပြောင်းလဲဖို့ထိ ကညင်ချောင်းစီးပွားရေးဇုန်စီမံကိန်းမှာ ပါရှိမယ်လို့ ဆိုပါတယ်။

မောင်တောဒေသမှာ ပုဇွန်မွေးမြူရေး ဧကပေါင်း ၁၅၀၀၀ ဧကရှိပြီး ပုဇွန်အထွက်နှုန်း တစ်ဧကကို ကီလို ၃၀ ဖြင့် တွက်ချက်မယ်ဆိုရင် ကီလိုပေါင်း ၄၅၀၀၀၀ ထွက်ရှိပြီးတော့ တန်ချိန်အားဖြင့်ဆိုလျှင် ၄၅၀ တန်ချိန်ထိ အနည်းဆုံး ထွက်လာတဲ့အတွက် ပြည်ပက လာစရာမလိုဘဲ ရခိုင်မြောက်ဘက်ပိုင်းနှင့်ပါဆို ပုဇွန်တန်ချိန်ပေါင်း ၉၀၀ အထိ ထွက်နိုင်တဲ့အတွက် အလုပ်ကိုင်အခွင့်လမ်းတွေ တိုးပွားဖို့ ဒီလုပ်ငန်းကို ဦးစားပေး လုပ်ကိုင်သင့်တယ်လို့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အစည်းဝေးမှာ မောင်တော ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ရှင်းပြခဲ့ပါတယ်။

ကညင်ချောင်းဇုန်မှာ ဘင်္ဂလားဒေ့ရှ့်ကို တင်ပို့မဲ့ ရေထွက်ပစ္စည်းမွေးမြူရေးငါးများကို တဖက်နိုင်ငံကို ချက်ချင်းမရောင်းချဘဲ အအေးခန်းတွင် သိုလှောင်ထားကာ ဈေးကွက်အနေအထားပေါ် မူတည်ပြီးမှ တဖက်နိုင်ငံကို တင်ပို့ရောင်းချနိုင်တဲ့အထိ တည်ဆောက် နေတာလဲ ဖြစ်ပါတယ်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံကို တင်ပို့နေတဲ့ ပို့ကုန်များမှာ ရေထွက်ပစ္စည်း အမျိုးမျိုး၊ ဆန်အမျိုးမျိုးနှင့် အခြားလူသုံးကုန် ပစ္စည်းအမျိုးမျိုးကို နှစ်စဉ် တင်ပို့ရောင်းချနေရပါတယ်။

ရေထွက် ပစ္စည်းများဖြစ်တဲ့ ငါးစိမ်း၊ ငါးခြောက်အစရှိသော ငါးအမျိုးမျိုးကို ၉၀ ရာခိုင်နှုန်းဝယ်လိုအား အများဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၏ ဒုတိယအများဆုံး ၀ယ်ယူနေသည်မှာ ဆန်စပါး အမျိုးမျိုးတို့ဖြစ်ကာ ဂျင်းစိမ်းမှာလဲ ၈၀ ရာခိုင်နှုန်းထိ ၀ယ်ယူမှု များပြားတယ်လို့ သိရပါတယ်။

တကယ်တော့ ဂျင်းစိမ်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကနေ ၈၀ ရာခိုင်နှုန်းထိ တင်သွင်းနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဂျင်းစိမ်းကို ရှမ်းပြည်နယ်တောင်ပိုင်းဘက်မှာ စိုက်ပျိုးနေတာဖြစ်ပြီး လုံလောက်စွာ တင်ပို့နိုင်မှု မရှိသေးတဲ့အပြင် ကုန်စည် သယ်ယူပို့ဆောင်ရေး စရိတ်ကလည်း မြင့်မားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျင်းစိမ်းကို တင်ပို့တဲ့နေရာမှာ ကုန်သွယ်ရေး စရိတ်သာဖို့နဲ့ ဖူလုံစွာ တင်ပို့နိုင်ပြီးတော့ ပြည်နယ်အတွင်းမှာ အလုပ်ကိုင်တွေ ရရှိလာစေဖို့အတွက် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဂျင်းစိုက်ပျိုးဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စတင် အကောင်ထည်ဖော်နေပါတယ်။

မြေပြင်ပထ၀ီ အနေထားအရ အောင်မြင်နိုင်တဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွေမှာ စတင် စမ်းသပ်စိုက်ပျိုးသွားမှာလဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့အခါ မောင်တောနယ်စပ် ကုန်သွယ်ရေးဇုန်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ဖို့ထိ မျှော်မှန်း ထားတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ယခု အဆင့်မြှင့်တင်နေတဲ့ ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်နေတဲ့ ဆိပ်ကမ်းမှာ ကုန်ပစ္စည်းတွေကို သိုလှောင်ဖို့ အတွက် အအေးပေးခန်း၊ ဂိုဒေါင်နှင့် ဆိပ်ကမ်းကို အခြေခံတဲ့ အဆောက်အအုံတွေ ပါဝင်ပြီးတော့ ယင်းဇုန် အောင်မြင်လာပါက အထည်ချုပ်စက်ရုံတွေကို နောက်တစ်ဆင့်မှာ အကောင်ထည်ဖော်ဆောင်မှာလို့လဲ သိရပါတယ်။

လက်ရှိမှာ စတင်အကောင်ထည်ဖော်ဆောင်ဖို့အတွက် အစိုးရအဖွဲ့က ၆၀ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ၄၀  ရာခိုင်နှုန်း ထည့်ဝင်ပြီး အကောင်ထည်ဖော်ဆောင်နေတာ ဖြစ်သလို လုပ်ငန်းအောင်မြင်လာပါက အစိုးရ အစု ရှယ်ယာတွေကို ဖယ်ထုတ်ယူပြီး စီးပွားရေးလုပ်ငန်းရှင်တွေကပဲ ဦးစီးလုပ်ကိုင်သွားစေမှာလို့ ဝန်ကြီး ဦးကျော်အေးသိန်းက ပြောထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုလက်ထက်မှတော့ စီးပွားရေး ကျဆင်းနေတဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးဇုန်ကို ပြန်လည် အဆင့်မြှင့်တင်နိုင်ဖို့ ယခင်က ကုန်သွယ်ရေးဇုန်ထက် မြေနေရာဧက ၁၀၀ တိုးချဲ့ပြီး ကျပ်သိန်းပေါင်း ၁,၂၀၀ ပိုကုန်ကျခံကာ ကညင်ချောင်းစီးပွားရေးဇုန်ကို တည်ဆောက်လာနေပါပြီ။

ယခင်အစိုးရလက်ထက်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ကျောက်ဖြူစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်းစက်မှုဇုန် အပါအဝင် စစ်တွေမြို့ ဆတ်ရိုးကျ စက်မှုဇုန်များကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း ဒေသတည်ငြိမ်မူကို မထိန်းချုပ် နိုင်သလို စီးပွားရေး လုပ်ငန်းရှင်းများကို ဖိတ်ခေါ်ခြင်း မပြုနိုင်တဲ့အတွက် ယင်းစီးမံကိန်းများမှာ လက်ရှိအချိန်ထိ အကောင်ထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် ရခိုင်ပြည်နယ်မှာ ယခုတည်ဆောက်နေတဲ့ ကညင်ချောင်းစီးပွားရေးဇုန်ဟာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လောက်ထိ အကောင်အထည်ဖော်ဆောင်ပေးနိုင်မလဲဆိုတာကို စောင့်ကြည့်နေရဦးမှာပါ။

——–

DSC_0831နောင်နောင် သည် စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် မြန်မာစာကျောင်းသားဖြစ်ပြီး ၂၀၁၇ ခုနှစ်က စတင်ကာ RiA သတင်းအေဂျင်စီတွင် သတင်းထောက်အဖြစ် လုပ်ကိုင်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝသယံဇာတများနှင့် ဆိုင်သည့် သတင်းများကို ရေးသားလျက်ရှိသည်။

Related Post

Comments

comments

Root Agency