အကြမ်းဖက်ခံ စာပေလူကြမ်းမင်းသားတို့ဘဝ ဘယ်လိုကုစားမလဲ

By မင်းမင်း | Posted on January 27, 2018 | Also posted in Feature | | Tagged , |

708 Views

၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ် အတွဲ (၃)၊ အမှတ် (၁) The Root Magazine မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

Ko Kyaw Linn

မင်းမင်း ရေးသားသည်

လေက ငြိမ်သက်နေသော်လည်း နေက တဖြည်းဖြည်းပူလာသည်။ ဒီဇင်ဘာ၏ နှင်းမြူများကို မြင်တွေ့ရမည့်အစား သဲမြူများကိုသာ မျက်လုံးထဲ မဝင်မိအောင် ကြိုးစားနေကြရသည်။ မျက်မှန်အနက်၊ နှာခေါင်းစည်းတပ်ထားလျက် ဘွတ်ဖိနပ် အရှည်စီးထားသော ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေပြား အပ်တစ်ထောက်စာမျှ မပေါ်အောင် ဝတ်ဆင် ထားသည့် လေမှုတ်စက် ကိုင်ထားသူတစ်ဦးနှင့် ဝါးခမောက် ဆောင်းထားသော အသက် အစိတ်အရွယ်ခန့်ရှိ အမျိုးသမီးတချို့က တံမြက်စည်း လှည်းနေကြသည်။

လမ်းမတစ်ခုလုံး သဲမြူများ လွင့်စင်လျက်၊ အင်ဂျင်စက်သံ ကျယ်လောင်လှသည့် သုံးဘီးမော်တော်ယာဉ်များ၊ သဲကျောက်စရစ် တင်ဆောင်လာကြသော တေဗာယာဉ်များမှ ဆူညံသံက ကွမ်းတစ်ယာညက်ခန့်အကြာစီတွင် အလှည့်ကျ ထွက်ပေါ်နေသည်။

အချိန်ကား နံနက် ၁၁ နာရီခွဲဝန်းကျင်။ နေရာက ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော်၊ စစ်တွေမြို့။ ဝေသာလီ အားကစားကွင်းရှေ့၊ မေယုလမ်းမကြီး။

ကိုကျော်လင်းတို့ သူငယ်ချင်းနှစ်ဦး ထိုမြူများနှင့် ဆူညံသည့်စက်သံများကြား မော်တော်ဆိုင်ကယ်ကို မနှေးမမြန် မောင်းနှင်လာကြသည်။ စကားတပြောပြော ဆိုသော်လည်း ဆိုင်ကယ်လေတိုးမှု၊ ပတ်ဝန်းကျင်၏ ဆူညံသော စက်သံများကြောင့် အာရုံစိုက်၍ နားထောင်နေကြရသည်။

သည်လိုနှင့် အနီးမှ ဆိုင်ကယ်တစ်စီးက ကိုကျော်လင်းတို့ ဆိုင်ကယ်နှင့် ကပ်လျက် တိုက်မိလုသဖွယ် ဖြစ်သွားသည်။ ဆိုင်ကယ် လဲမကျစေရန် ပြည့်ဖြိုးက သူ့၏ ဟန်းဒရိုးလ်ကို ကောင်းမွန်စွာ ထိန်းနိုင်လိုက်သည်။

“ကျနော် အထိုးခံလိုက်ရပြီ။ ဆေးရုံကို ပို့ပါ” ဟု ကိုကျော်လင်း၏ မပီမသပြောစကားသံနှင့်အတူ ခန္ဓကိုယ်ရင်ဘတ် တစ်ခုလုံးကို ပြည့်ဖြိုး၏ ကျောတွင် မှီလာသည်။ ဆိုင်ကယ်ပေါ်မှ ပြုတ်မကျဖို့ ပြည့်ဖြိုး၏ ပုခုံးနှင့် ခါးကို သေချာစွာ သူ ထိန်းကိုင်ရင်း စစ်တွေပြည်သူ့ ဆေးရုံသို့ ရောက်လာခဲ့သည်။

“ကိုကျော်လင်း ဓါးထိုးခံရ၍ ဆေးရုံတက်သွားပြီ” ဟူသော သတင်းစကားသည် တမုဟုတ်ချင်း ရခိုင်ပြည်နယ်၏ နေရာအနှံ့အပြားရှိ ဖေ့စဘုတ် အသုံးပြုသူတို့ကြား ရောက်ရှိသွားသည်။

ကိုကျော်လင်းသည် စာဖတ်ဝါသနာကြီးသူ တစ်ဦးဖြစ်သည်။ သူနှင့် မည်သည့်အချိန်တွင် ဆုံသည်ဖြစ်စေ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်က အမြဲ ပါတတ်သည်။ တစ်ခါတစ်ရံ မြို့လယ်ချောင်းတံတားမှသည် သူ့နေအိမ်ရှိရာ မင်းဂံရပ်ကွက်သို့ စာဖတ်ရင်း လမ်းလျှောက်တတ်သည်။ စာဖတ်ချိန်ကို မရမက ရှာဖွေ၍ အမိအရ အသုံးချတတ်သူလည်း ဖြစ်သည်။

လွန်ခဲ့သည့် ၃ နှစ်။ ၂၀၁၅ ခုနှစ်၏ မိုးရာသီတစ်နေ့တွင် သူနှင့် ကျနော် စတွေ့ခဲ့သည်။ အက်ဆေးနှင့် သတင်းဆောင်းပါးကို ကောင်းစွာ ရေးနိုင်သူ တစ်ဦးဖြစ်သည်။

ဤသို့ပင် အမှတ်ထားခဲ့သည်။ တစ်နှစ်အကြာတွင် ဝေဖန်ရေးဆောင်းပါးများ ရေးသားရသည်ကို သူ ကြိုက်နှစ်သက်လာသည်ဟု ထင်သည်။

ရခိုင်ပြည်နယ်အတွင်း သူကိုယ်တိုင် တည်ထောင်၍ အယ်ဒီတာချူပ်အဖြစ် တာဝန်ယူထားသည့် “ရိုးမတိုင်းမ်” မဂ္ဂဇင်းတွင် ဝေဖန်ရေး ဆောင်းပါးများ ဦးစားပေး ဖော်ပြလာသည်ကို သတိပြုမိသည်။

ကိုကျော်လင်းကား ခန့်မှန်းရခက်သူ။ သူ ရေးသော စာပေလက်ရာများက သူ ဘာလဲဆိုတာ ပြောလာသည်။ စာစုံရေးနိုင်သူဟု မှတ်ချက်ပြုရမည်ထင်။

ချစ်ခြင်းမေတ္တာ ဖွဲ့သီမှုများမှသည် ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် သတင်းစာ နယ်ပယ်စုံတို့၏ အဓိပတိများ လွဲချော်နေမှုများအပေါ် ခြုံငုံသုံးသပ်၍ ဝေဖန်ထောက်ပြသူပင်။

သူ့လို စာရေးသူကား ရှာမှ ရှားသည်။

မျိုးချစ်စိတ် ပြင်းထန်လွန်းသည့် ရခိုင်စာဖတ်ပရိသတ်တို့ အနေဖြင့် ဤလို ဝေဖန်ရေးသမား၏ ရေးသားချက်များသည် သူတို့အတွက် လူကြမ်းပင်။ လူကြမ်းထဲတွင်မှ စာပေလူကြမ်းပင် ဖြစ်သည်ဟု ဆိုရမည်။

ထိုကြောင့် ထင်သည်။ ကိုကျော်လင်း၏ အသက်ကို လုပ်ကြံလာရသည့်အထိ နေ့ရက်မျိုး ရှိလာခဲ့ခြင်း ဖြစ်ချေမည်။

သို့သော် ကိုကျော်လင်း မသေခဲ့ပါ။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လုပ်ကြံခံရ၍ ဆေးရုံတက်ရသည်။ ယင်းနှစ်၏ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆေးရုံက ကျန်းမာစွာဖြင့် ဆင်းနိုင်ခဲ့သည်။

 

kyaw liinnn

လုပ်ကြံခံရသည့် ဆောင်းပါးရှင် ကိုကျော်လင်းအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေပြည်သူ့ဆေးရုံတွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ – RiA)

 

သို့ရာတွင် ထပ်မံလုပ်ကြံတိုက်ခိုက်မှုများ ရှိလာမည်ကို စိုးရိမ်၍ ပုန်းအောင်းနေရသည်ဟု ကိုကျော်လင်းက ပြောသည်။

“လုပ်ကြံသူတွေကတော့ ကျွန်တော်သွားလာတဲ့ အိမ်လမ်းကြောင်းတွေကို သိနေတယ်။ ရဲကလဲ အခုချိန်ထိ ဖမ်းမမိသေး။ သူတို့က ထပ်ပြီး စောင့်ကြည့်နေဟန် ရှိတယ်။ ဒါကြောင့် ကျွန်တော်က စိုးရိမ်တာထက် သတိထားတဲ့အနေနှင့် တခြားနေရာတစ်ခုမှာ တိမ်းရှောင်နေတဲ့ သဘောပါ။”

ကျွန်တော်တို့သည် နိုင်ငံရေးစနစ်တစ်ခု၏ အောက်တွင် ဘာတစ်ခုမှ မပြောရဲ၊ မဆိုရဲလောက်တော့အောင်ထိ ကြောက်လန့်ခဲ့ကြရသည်။

လွန်ခဲ့သော ၁၀ နှစ်ကို ပြန်၍ သွားကြည့်လျှင် အုပ်ချူပ်သူ (သို့မဟုတ်) အုပ်ချူပ်သူနှင့် ရင်းနှီးသူတို့အပေါ် ဝေဖန်ရေးဟူသည် မစားကောင်းသည့် အသီး ၊ မပြောကောင်းသည့် စကားပင်။

ယခု ပြောခွင့်ရလာကြသည်။ ဝေဖန်ခွင့်ရလာကြသည်။ အပြည့်အဝတော့ မဟုတ်သေး။ သို့သော် ခံစားရသည်က ဝေဖန်မှုကို လုံးဝ မကြိုက်လာကြသူများမှာ ဒီမိုကရေစီကို ချစ်မြတ်နိုးပါသည် ဆိုသော၊ စစ်အာဏာရှင်အောက်တွင် အကြောက်တရားများစွာဖြင့် နေခဲ့ကြရသူတို့ ဖြစ်နေကြခြင်းပင်။

စစ်တွေမြို့လယ်ကောင်တွင် နေ့ခင်းကြောင်တောင် ဝေဖန်ရေးသမားတစ်ဦးကို လုပ်ကြံရဲသည်အထိ သတ္တိရှိနေခြင်း၏ နောက်ကွယ်က အစိုင်အခဲသည် မည်မျှ ထုထည်ရှိမည်ကို စိုးရိမ်မိသည်။

သို့သော် ရှာမတွေ့နိုင်သေး။ သဲလွန်စပင် မရသေးဟု လုံခြုံရေးတာဝန်ရှိသူက ဆိုသည်။

“သူတို့ ပြောပြတဲ့ ပုံသဏ္ဍာန်တွေကို လိုက်ပြီး စုံစမ်းနေပါတယ်။ သူတို့ကလဲ လုပ်ကြံတဲ့သူကို အတိကျမသိ၊ မပြောနိုင်ဆိုတော့ ဖမ်းဆီးဖို့ အတွက် နည်းနည်းအခက်ခဲ ရှိနေတယ်။ အစွမ်းကုန်တော့ ကြိုးစားနေပါတယ်။” ဟု ကိုကျော်လင်းအား လုပ်ကြံသူကို ရှာဖွေစုံစမ်းနေသည့် မင်းဂံရဲစခန်း စခန်းမှူး ရဲအုပ်ထွန်းရွှေက ပြောသည်။

ပြည်နယ်၏ အမြင့်ဆုံး အစိုးရတာဝန်ရှိသူများ ရုံးစိုက်ရာ အုပ်ချူပ်ရေးမြို့တော် စစ်တွေတွင် ယခုလို လုပ်ကြံ တိုက်ခိုက်မှုများ ရှိလာခြင်းသည် ပြည်နယ် ရဲတပ်ဖွဲ့ကို တိုက်ရိုက် စိန်ခေါ်နေခြင်းဖြစ်သလို အရပ်သားအစိုးရကိုလည်း အရှက်ရစေသည့် ကိစ္စပင် ဖြစ်သည်။

ယခု ကိုကျော်လင်း လုပ်ကြံခံရမှု မတိုင်မီကလည်း ဝေဖန်ရေးသမားတစ်ဦးနှင့် စာနယ်ဇင်းသမားတစ်ဦးတို့ ဤသို့ပင် ကြုံတွေ့ခဲ့ဖူးသည်။

၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ညသန်းခေါင်ယံတွင် RiA သတင်းအေဂျင်စီ တည်ထောင်သူ၏ မိသားစု နေအိမ်ကို ဗုံးဖြင့် လုပ်ကြံတိုက်ခိုက်ခံခဲ့ရခြင်းနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေအချိန် စစ်တွေမြို့ လမ်းမကြီး၊ ဦးဥတ္တမပန်းခြံရှေ့တွင် လူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ် ဝေဖန်စာများရေးနေသူ ဦးအေးထွန်းအား လူပုံအလယ် ထိုးကြိတ်၍ အသက်သေစေရန်ထိ ကြံစည် ခံခဲ့ရမှုများပင် ဖြစ်သည်။

ဤ ဖြစ်ရပ် ၃ ခု စလုံးတွင် လုပ်ကြံပုံချင်း မတူသော်လည်း ရည်ရွယ်ချက်ကား တူသည်ဟု ဆိုရမည်။

ထို ရည်ရွယ်ချက်ကား ရခိုင်နိုင်ငံရေးခေါင်းဆောင်များ လွဲချော်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့၏ နောက်ကွယ်က အကြောင်းအရာတို့ကို ပြင်းထန်စွာ ဝေဖန်ရေးသားသူတို့ကို သေစေလိုသည့် ရည်ရွယ်ချက်ပင် ဖြစ်သည်။

ရည်ရွယ်ချက်ကို အကောင်အထည် ဖော်မှုတို့သည်လည်း နီးစပ်ကြသည်။

လုပ်ကြံမှု မစတင်မီ လူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှတဆင့် အမည်မသိ အကောင့် အများအပြားမှနေ၍ ထိုဝေဖန်ရေးသမားတို့ အပေါ် အမျိုးသားသစ္စာဖောက်ဟု တံဆိပ်ကပ်ခြင်း၊ တွေ့သည်နေရာတွင် သတ်မည်ဟု ခြိမ်းခြောက်ကြခြင်း၊ စစ်တပ် ကျောထောက် နောက်ခံပြုသည်ဟု သတင်းမှားလွှင့်ခြင်း စသည့် အမုန်းစကားများ ဖြန့်ဝေခြင်းပင် ဖြစ်သည်။

“မူးယစ်ဆေးဝါးလုပ်ပြီး တချို့လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူ့အကျိုး၊ ကိုယ့်အကျိုး ကူညီပေးတဲ့အတွက် နိုင်ငံရေး တော်လှန်ရေး တခုခုကို ထောက်ပြရင် သူတို့ အကျိုးစီးပွားထိခိုက် သွားသလိုဖြစ်ပြီး ဆတ်ဆတ်ခါ နာသွားတာပါ။” ဟု ကိုကျော်လင်းက ဆိုသည်။ “အဲဒီလို လူတွေက ပိုပြီး သေစေချင်တာပေါ့။ တချို့စွပ်စွဲသလို အစိုးရနဲ့ပေါင်း၊ မပေါင်းကတော့ ကျနော် မလုံခြုံတာကို ကြည့်ရင် သိမှာပါ။”

သို့သော် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ထို ကျူးလွန်သူတို့ကို ဖော်ထုတ်နိုင်ခြင်း မရှိသလို ပြည်နယ် အစိုးရအနေဖြင့်လည်း ဤသို့ မင်းမဲ့စရိုက် ဆန်ဆန် အကြမ်းဖက် တိုက်ခိုက်မှုများကို မြို့ပေါ်တွင် ကျူးလွန်နေမှုများ ပပျောက်စေရန် ဖိအားပေးခဲ့ခြင်း မရှိပါ။

တကယ်တော့ ယခု ကိုကျော်လင်း အသက်လုပ်ကြံခံရမှုသည် စစ်တွေမြို့၌ ဝေဖန်ရေးဆောင်းပါးရှင်နှင့် စာနယ်ဇင်းသမားတို့ကို သားကောင်သဖွယ် ပစ်မှတ်ထား၍ တိုက်ခိုက်ခံရမှုဖြစ်စဉ်တို့၏ တတိယအကြိမ်မြောက်ပင် ရှိခဲ့ပြီ ဖြစ်သည်။

mm
မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Related Post

Comments

comments

Root Agency