စစ်တွေရှုခင်းသာလမ်းက တံတား ၂ စင်းကို အဆင့်မြင့် ကွန်ကရစ်တံတားအဖြစ် တည်ဆောက်နေ

By Admin | Posted on February 2, 2018 | Also posted in News, North Rakhine | | Tagged , , |

218 Views

Sittwe Strant Road - Kannar Street _RiA

နောင်နောင်/ RiA ၊

စစ်တွေ၊ ဖေဖော်ဝါရီလ ၂ ရက်။ စစ်တွေမြို့ ရှုခင်းသာလမ်းတွင် တည်ရှိသည့် သစ်သားတံတား (၂) စင်းကို အဆင့်မြင့် ကွန်ကရစ် တံတားအဖြစ် ဇန်နဝါရီလအတွင်းက စတင်ပြီး ပြန်လည်ပြုပြင် ဆောက်လုပ်နေပြီဖြစ်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးကျော်မိုးက RiA သို့ ပြောသည်။

အဆိုပါတံတား (၂) စင်းကို ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျတ်ငွေ ကျပ်သိန်းပေါင်း ၈၀၀ ကျော် အကုန် ကျခံကာ ဆောက်လုပ်နေခြင်းဖြစ်ပြီး ယခုနှစ် မတ်လအတွင်းမှာ အပြီးသတ် ဆောက်လုပ်ရန် လျာထားသည်ဟုလည်း မြို့နယ်စည်ပင်က ဆိုသည်။

“အခုလုပ်နေတဲ့ တံတားနှစ်စင်းဟာ အာဆီ၊ ဆလပ်လောင်း တံတားတွေဖြစ်ပါတယ်။ အယင်ကတော့ သစ်သား တံတားတွေပေါ့။ အခု တံတားကို အသစ်ပြန်ပြီးတော့ အဆင့်မြှင့်တင်တာပါ။ ဒီတံတား နှစ်စင်းကို ဒီနှစ်မတ်လ အတွင်းမှာ အပြီးသတ်လုပ်မယ်လို့တော့ တွက်ချက်ထားပါတယ်။ ”

ယင်းတံတားနှစ်စင်းကို ကွန်ကရစ်တံတားအဖြစ် ပြန်လည် တည်ဆောက်ရာတွင် အပန်းဖြေသူများ သွားလာနေလို့ရအောင် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့က လမ်းတစ်ဖက်ပိတ် စနစ်ကို အသုံးပြုကာ တည်ဆောက်နေခြင်းလည်း ဖြစ်သည်။

အဆိုပါ ရှုခင်းသာလမ်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင် လက်ထက်က ငွေကျပ် ၁ ဒသမ ၈ သန်းဘီလီယံ အကုန်ကျခံပြီး ကတ္တရာလမ်းကနေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ရာတွင် ယင်းတံတား (၂) စင်းမှာ ကြံခိုင်မှု ရှိနေသေးသည့်အတွက် မပြုလုပ်ဘဲ ထားခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးကျော်မိုးက ပြောသည်။

လက်ရှိမှာ ၎င်းသစ်သား တံတား (၂) စင်း၏ အခင်းအကျင်းများသည် ခိုင်ခံမှု မရှိတော့သည့်အတွက် ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျတ်ငွေအပေါ် မူတည်ပြီး ပွင့်လင်းရာသီတွင် ယခုလို ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရခြင်းဖြစ်သည်ဟု အဆိုပါ စည်ပင်အရာရှိက ဆိုသည်။

Related Post

Comments

comments

Root Agency