မြောက်ဦးမြို့မှာ လက်လုပ် သေနပ်အများအပြား ရှိနေသည်ကို ရဲတပ်ဖွဲ့မှ ပိုက်စိပ်တိုက်ရှာဖွေ

By Admin | Posted on February 4, 2018 | Also posted in News, North Rakhine | | Tagged , , |

1735 Views

Tin Nyo Village _ RiA _ logo

နောင်နောင်/RiA

စစ်တွေ၊ ဖေဖေါ်ဝါရီ ၄ ရက်။   မြောက်ဦးမြို့နယ်အတွင်းမှာ လက်လုပ် သေနပ်အများအပြား ရှိနေသည်ဟု သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ ပိုက်စိပ်တိုက် ရှာဖွေမှုများကို ပြုလုပ်လျက် ရှိသည်။

မြောက်ဦးခရိုင် အထွေထွေအုပ်ချူပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံသေဆုံးစေခဲ့မှုဖြစ်စဉ်၏ နောက်ဆက်တွဲ စုံစမ်း ဖော်ထုတ်မှုများအရ ထိုဒေသရှိ တိမ်ညိုကျေးရွာတွင် လက်လုပ်သေနပ်အများအပြား ရှိနေသည်ဟု ဆိုကာ ရဲတပ်ဖွဲ့မှ ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်နေခြင်းဟု သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ပြည်နယ်ရဲတပ်ဖွဲ့ကမူ အတည်မပြုလိုသေးဟု ဆိုသည်။

ဦးဘိုဘိုမင်းသိုက်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးရှိ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းမဘေးတွင် ကားတိမ်းမှောက်ပြီး ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးလျှက်တွေ့ရှိခဲ့ခြင်း ဖြစ်သလို ၎င်း၏ ကားမှာလည်း အဆိုပါနေ့ ည ၈ နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ သံသယရှိသူဟု ယူဆရသည့် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နှင့် ၎င်း၏ မိသားစုဝင် ၄ ဦးကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တွင် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းချက်များအရ အဆိုပါ ကျေးရွာ အတွင်း လက်လုပ်သေနပ် အမြောက်အမြားရှိနေသည်ဟု ဆိုကာ ရဲတပ်ဖွဲ့မှ လာရောက် ရှာဖွေခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ဝေဖန်မှု ရှိနေသည်။

“မနေ့က ရှာမတွေ့ခဲ့လို့ ဒီနေ့မှာ ရေငုတ်သားတွေနဲ့ ပြန်လာရှာကြတာ။ အခုရေငုတ်သားတွေ ရေငုတ်ပြီး ရှာနေကြပါတယ်။ တိမ်ညိုနားက တိမ်ညိုတံတားအောက်က ချောင်းမှာ ရှာနေကြတာပါ။ ဒါပေမယ့် ဘာတစ်ခုမှ သူတို့ ရှာမတွေ့ခဲ့ပါဘူး။ နေအိမ်တွေကိုတော့ တက်လို့မရှာပါ။” ဟု မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် – တိမ်ညိုကျေးရွာ ဆယ်အိမ်ခေါင်း ဦးမောင်သန်းက RiA သို့ ပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသူ တိမ်ညိုကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်မြင့်၏ နေအိမ်ကို ချိတ်ပိတ်ထားသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်များကို ရှာဖွေနိုင်ရေး ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် တစ်ကြိမ်၊ ယနေ့ ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် တစ်ကြိမ် လာရောက် ရှာဖွေနေခြင်းလည်း ဖြစ်သည်။

တိမ်ညိုကျေးရွာ ဆယ်အိမ်ခေါင်း ဦးမောင်သန်း၏ ပြောကြားချက်အရ မောင်တောမြို့တွင် မတည်မငြိမ်မှုများ ဖြစ်ပေါ် နေစဉ် (၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ARSA ၏ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍) ဒေသကို ကာကွယ်ရန်အလို့ငှာ လက်လုပ်သေနပ်များကို ကျေးရွာသားများက လုပ်ခဲ့ခြင်းသာ ဖြစ်ပြီး လက်ရှိတွင် ဒေသ တည်ငြိမ် လာပြီဖြစ်သောကြောင့် ထိုလက်နက်များကို ဆာလာအိတ်တွင် ထည့်၍ တိမ်ညိုတံတားအောက်ရှိ ရမ်းချောင်းထဲသို့ စွန့်ပစ်လိုက်ကြပြီဟု သိရသည်။

စွန့်ပစ်လိုက်ခဲ့သည့်အချိန်နှင့် ဆာလာအိတ်ထဲရှိ လက်နက်အရေအတွက်ကိုမူ ၎င်းအနေဖြင့် အတည်ပြုခဲ့ခြင်း မရှိပါ။

ယင်းသို့ ချောင်းသို့ စွန့်ပစ်လိုက်ပြီဟု ဖြေဆိုပြောကြားချက်များကြောင့်လည်း ရဲတပ်ဖွဲ့ဝင်များက ချောင်းကြောတလျှောက် ရေငုတ်၍ ရှာဖွေမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ဒေသခံများက ယခုလို တိမ်ညိုကျေးရွာအတွင်း လက်နက်များ လာရောက်ရှာဖွေမှုကို ဦးဘိုဘိုမင်းသိုက် သေဆုံးမှု ဖြစ်စဉ်နှင့် ဆက်စပ်သည်ဟု မှတ်ချက်ပြုနေကြသော်လည်း ကျေးရွာဆယ်အိမ်ခေါင်း ဦးမောင်သန်းကမူ လုံးဝဆက်စပ်မှုမရှိဟု ဆိုသည်။

“အခုလာရှာတာက လက်လုပ်သေနတ်တွေကို ချောင်းမှာ စွန့်ပစ်လိုက်တယ်ဆိုပြီး သတင်းရလို့ လာရှာတာပါ။ ဦးဘိုဘိုမင်းသိုက် ကိစ္စနဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ ဦးဘိုဘိုမင်းသိုက် သေဆုံးပြီး နောက်တစ်နေ့မှာ ရွာက လူငယ် သုံးဦးကို ဖမ်းခေါ်သွားပါတယ်။ အခုထိ ပြန်မရောက်သေးပါဘူး။ အချုပ်ထဲမှာ ထည့်ထားတယ်လို့ သတင်းရပါတယ်။”

ယခုလို လက်နက်များ ရှိနေသည်ဟု သတင်းအရ ရှာဖွေမှုများပြုလုပ်ခြင်းနှင့် မြောက်ဦးခရိုင်အုပ်ချူပ်ရေးမှူးဟောင်း လုပ်ကြံသတ်ဖြတ်ခံရမှုတို့ ဆက်စပ်မှု ရှိမရှိ၊ ရှာဖွေမှုများပြုလုပ်နေမှုတို့ အပေါ် သိရှိနိုင်ရန် မြောက်ဦးမြို့မ ရဲစခန်း စခန်းမှူး ဒုရဲအုပ် သိန်းနိုင်အေးကို ဆက်သွယ်မေးမြန်းရာတွင် “အဲဒီကိစ္စ လောလောစဉ် ကျွန်တော်တို့ ပြောလို့မရသေးပါဘူး။” ဟုသာ ဖြေကြားခဲ့သည်။

မြောက်ဦးမြို့နယ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ညက ကျင်းပပြုလုပ်ရန် စီစဉ်ထားသော ရခိုင်နိုင်ငံတော် အချူပ် အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနားကို ခွင့်မပြုဟု ဆိုကာ ဆန္ဒပြတောင်းဆိုမှုမှ တဆင့် ဆူပူမှုအသွင် ဆောင်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖြေရှင်းခဲ့ရာတွင် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုနှိမ်နင်းဖြေရှင်းမှုနှင့် ပတ်သက်၍ မြောက်ဦးခရိုင် အထွေထွေအုပ်ချူပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် တာဝန်ရှိသူဟု လူမှုကွန်ရက်အင်တာနက်အသုံးပြုသူ ရခိုင်အသိုင်းအဝန်းကြားတွင် ဝေဖန်မှုများရှိနေစဉ် ယခုလို ရုတ်တရက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်၍လည်း ထိုဖြစ်ရပ်နှစ်ခုမှာ ဆက်စပ်နေနိုင်သည်ဟု ဝေဖန်မှုများလည်း ရှိလာကြသည်။

သတင်းဓာတ်ပုံ – လက်လုပ်သေနပ်များ စွန့်ပစ်ထားသည်ဟုဆိုသော မြောက်ဦးမြို့၊ တိမ်ညိုကျေးရွာအနီးရှိ၊ ရမ်းချောင်း ချောင်းကြောတလျှောက် ရဲတပ်ဖွဲ့ဝင်များမှ ရှာဖွေမှုများ ပြုလုပ်နေသည်ကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နံနက်က တွေ့ရစဉ် (ဓာတ်ပုံ – RiA)

Related Post

Comments

comments

Root Agency