မြောက်ဦးဒေသခံအချို့အား AA နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးအမှုဖွင့်လာ

By Admin | Posted on February 10, 2018 | Also posted in News, North Rakhine | | Tagged , , , |

835 Views

 

မြောက်ဦးမြို့မှာ လက်လုပ် သေနပ်အများအပြား ရှိနေသည်ကို ရဲတပ်ဖွဲ့မှ ပိုက်စိပ်တိုက်ရှာဖွေ

နောင်နောင်/RiA ၊

တိမ်ညို၊ ဖေဖော်ဝါရီလ ၁၀ ရက်။ မြောက်ဦးမြို့နယ် အုပ်ချူပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ AA မှ ကြိုတင်ကြံစည်ခဲ့မှုများဟု ပြည်ထဲရေးမှ သတင်းထုတ်ပြန်ပြီးနောက် မြောက်ဦးဒေသခံ ၄ ဦးကို မတရားအသင်းအက်ဥပဒေပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်လိုက်သည်။

“မတရားဆက်နွယ်မှုအသင်းနဲ့ အမှုဖွင့်ထားတယ်လို့ ကျနော်တို့ သိရတယ်။ မချိုချိုဦးကိုတော့ ဘာကြောင့် ဖမ်းထားတယ် ဆိုတာတော့ မသိဘူး။ သူတို့အဖမ်းခံရတာက ဦးဘိုဘိုမင်းသိုက်နဲ့ မသက်ဆိုင်ပါဘူး။”ဟု မြောက်ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က RiA သို့ ပြောသည်။

ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီ ၃၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပြီး ၎င်း စီးနင်းလာသည့် မော်တော်ယာဉ်ကိုပါ မီးရှို့ဖျက်စီးခံခဲ့ရသည်။

ထိုလုပ်ကြံမှုနှင့် ပတ်သက်၍ ရခိုင့်တပ်မတော် AA ၏ ကြိုတင်ကြံစည် သတ်ဖြတ်ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့သည်ဟု ဆိုကာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်အပါဝင် ၎င်း၏ ဇနီး၊ သား၊ ချွေးမတို့ ၄ ဦးကို ဖမ်းဆီး စစ်ဆေးချက်အရ သိရကြောင်း ပြည်ထဲရေးက ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် တိမ်ညိုကျေးရွာတွင် လက်လုပ်သေနပ်အမြောက်အမြား ရှိနေသည်ဟု နောက်ဆက်တွဲ သတင်းအရ ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ကျေးရွာသားများက မောင်တောဆူပူမှုများအတွင်း ကျေးရွာလုံခြုံရေးနှင့် ၎င်းတို့၏ အသက်အိုးအိမ်ကို ကာကွယ်ရန် ထို သေနပ်များကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ တည်ငြိမ်မှု ရလာချိန်ကတည်းက ရမ်းချောင်းထဲသို့ စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ဆိုကြသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်ရက်ကြာ ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိပါ။

ယင်းနောက် ဦးဘိုဘိုမင်းသိုက် သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ကျေးရွာသား (၇) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ကျန် ၃ ဦးကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) (၂) တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး နောက်ဆုံးတစ်ဦးကိုမူ မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးပါ။

၎င်းတို့ကို လက်ရှိတွင် မြောက်ဦးမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသူ သုံးဦးမှာ ဦးအေးကျော်ထွန်း၊ ဦးကျော်မြင့်နှင့် ဦးမောင်ဝင်းလှိုင်တို့နှင့် ဖြစ်ပြီး ကျန်တစ်ဦးမှာ မချိုချိုဦး ဖြစ်သည်။

အဆိုပါ ၄ ဦးအပြင် ဇန်နဝါရီ ၃၁ ရက်နေ့က ရန်ကုန်မြို့ သန်လျင်တွင်လည်း ဦးဘိုဘိုမင်းသိုက် သေဆုံးမှုနှင့် ပတ်သက်သူများဟု ဆိုကာ တိမ်ညိုကျေးရွာအုပ်ချူပ်ရေးမှူးဟောင်း ဦးကျော်မြင့်ပါ ၄ ဦးကို ဖမ်းဆီးထားခြင်းဖြစ်ပြီး ယခုအမှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူမှာ ၈ ဦး ဖြစ်လာသည်။

မြောက်ဦးမြို့မ ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါ။

သတင်းဓာတ်ပုံ – လက်လုပ်သေနပ်များ စွန့်ပစ်ထားသည်ဟုဆိုသော မြောက်ဦးမြို့၊ တိမ်ညိုကျေးရွာအနီးရှိ၊ ရမ်းချောင်း ချောင်းကြောတလျှောက် ရဲတပ်ဖွဲ့ဝင်များမှ ရှာဖွေမှုများ ပြုလုပ်နေသည်ကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နံနက်က တွေ့ရစဉ် (ဓာတ်ပုံ – RiA)

Related Post

Comments

comments

Root Agency