UNFC ၏ နိဂုံး

By Admin | Posted on February 17, 2018 | Also posted in Opinion | | Tagged |

2328 Views

အစိုးရတရပ် ငြိမ်းချမ်းရေးဖော်ဆောင်တိုင်း တပ်ပေါင်းစုတွေ နိဂုံးချုပ်ခဲ့ရတယ်

EAOs-meeting-flags

EAOs-meeting-flags (photo: Shan Herald Agency for News)

ဝင်းဇော်နိုင် ရေးသားသည်

 

မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) မှာ အစိုးရ၊ တပ်မတော်တို့ ပါဝင်ပြီးတော့ အသိသက်သေတွေနဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အခုဆိုရင် (၁၀) ဖွဲ့ဖြစ်သွားပါပြီ။

တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်ရေးမူကို စွဲကိုင်ပြီးတော့ မွန်ပြည်သစ်ပါတီဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ဦးဆောင်နေပြီး NCA စာချုပ်ကို လက်မှတ်မထိုးဘဲ နေခဲ့တုန်းက ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ တရားဝင်ဆွေးနွေးပွဲ (၈) ကြိမ်နဲ့ အလွတ်သဘော ဆွေးနွေးမှု (၁၅) ကြိမ်လောက်ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုတွေ ပြီးတဲ့ အချိန်မှာတော့ NMSP နဲ့ LDU တို့ NCA လက်မှတ်ထိုးလိုက်ကြပြီး ကျန်ရှိနေခဲ့တဲ့ UNFC အဖွဲ့ဝင် (၂) ဖွဲ့ကိုတော့ တစ်ဖွဲ့ခြင်းအနေနဲ့ပဲ ငြိမ်းချမ်းရေးအတွက် စကားပြောကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအလိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အောင်မြင်မှုမရှိခဲ့ပါဘူး။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့အခါ အစုအဖွဲ့ကို ကိုယ်စားပြုပြီး ပြောနေကြပေမယ့် တကယ်တမ်းအစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့တော့ တစ်ဖွဲ့ခြင်း ပူးပေါင်း ဆောင်ရွက်သွားကြတာဟာ ခေတ်အဆက်ဆက်ဖြစ်နေပါပြီ။

၂၀၁၄ ခုနှစ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့တွင်း သဘောထား ကွဲလွဲမှုများရှိခဲ့တဲ့အတွက်  UNFC အဖွဲ့ပါဝင်မှုကနေ ယာယီရပ်ဆိုင်းထားခဲ့ပြီးတော့ အပြီးအပိုင် ထွက်သွားခဲ့ပါတယ်။ အဲဒီနောက်၂၀၁၅ ခုနှစ်ထဲမှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့ကို UNFC က အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့တာတွေ ဖြစ်သွားခဲ့ပါတယ်။

တချိန်က အင်အားကောင်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုကြီးဖြစ်တဲ့ UNFC  မှာ အရင်က KIO၊ KNU၊ SSPP/SSA၊ NMSP၊ KNPP ၊ WNO ၊ MNDAA ၊ TNLA စတဲ့ အဖွဲ့အစည်းတွေဟာ အခုတော့ တစ်နေရာစီမှာ ကိုယ့်ရပ်တည်ချက်၊ ယုံကြည်ချက်တွေနဲ့အတူ ရှင်သန်နေကြပါတယ်။ UNFC  အဖွဲ့ကြီးကတော့ နိဂုံးချုပ်ချိန်ကို ရောက်ရှိသွားပါပြီ။ UNFC မတိုင်ခင် အရင်က လက်နက်ကိုင်တပ်ပေါင်းစုတွေ ရှိခဲ့ပါသေးတယ်။ အဲဒီအဖွဲ့အစည်းတွေဟာလည်း UNFC မှာ ပါဝင်ခဲ့ဖူးတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

အစိုးရတရပ်က ငြိမ်းချမ်းရေး တခါဖော်ဆောင်တိုင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုတွေ နိဂုံး ချုပ်ခဲ့ရပါတယ်။

၁၉၇၉ ခုနှစ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်တဲ့ အင်အားကြီးမားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) ရှိခဲ့ပါတယ်။ ဒီတပ်ပေါင်းစု အဖွဲ့ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ (တပ်မတော်) NMSP ၊ ကရင်နီအမျိုးသားအစည်းအရုံး (KNPP)၊ ပလောင်လွတ်မြောက်ရေးအဖွဲ့ (PSLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ “ဝ” အမျိုးသားအဖွဲ့ချုပ် (WNO) ၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO) တို့ ပါဝင်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် ဦးနေဝင်း ဦးဆောင်တဲ့ တစ်ပါတီအာဏာရှင်စနစ်ကို လက်နက်ကိုင်နည်းလမ်းနဲ့သာ ညီညွတ်စွာ တိုက်ပွဲဝင်သွားမယ်ဆိုတာမျိုး (မဒတ) နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့ ပူးပေါင်းပြီး တိုင်းပြည်ကို ၁၉၈၆ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့ရတဲ့အထိ ခေါင်းဆောင်တွေရဲ့ စွမ်းဆောင်မှုတွေ ကောင်းမွန်ခဲ့ပါတယ်။ မဒတရဲ့ ညီညွတ်မှု ၊ အောင်မြင်မှုတွေကြားမှာ မန်းဘဇံ၊ ဗိုလ်ချုပ်ဇော်မိုင်၊ ပဒိုမန်းရှာ၊ စဝ်ဆေထင်တို့ရဲ့ လုပ်ဆောင်မှုတွေက တိုင်းရင်းသားတန်းတူအခွင့်ရေးဆိုတဲ့ မူလရပိုင်ခွင့်တွေကို နှစ်ပေါင်းများစွာတောင်းဆိုကြပေမယ့် ဒီကနေ့ထိ ရုန်းကန်နေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်သမိုင်းမှာတော့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တစ်ပါတီအာဏာရှင်ကို တိုက်ထုတ်တဲ့ ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံကြီး အပြီးမှာတော့ အာဏာသိမ်းယူခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်မိပြားမှု တည်ဆောက်ရေး (နဝတ) အဖွဲ့ (အစိုးရ) က တိုင်းရင်းသား လက်နက်ကိုင်တွေကို ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းလိုက်တာနဲ့ မဒတရဲ့ လက်နက်ကိုင် နည်းလမ်းတွေကို ရှောင်ဖယ်သွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိခဲ့ပါတယ်။ အစိုးရတစ်ရပ်ပြောင်းလာပြီး ငြိမ်းချမ်းရေးအသံလေး ဟစ်ပေးလိုက်တာနဲ့ မဒတအဖွဲ့ကြီးဟာ ပြိုကွဲသွားရပြန်ပါပြီ။

ဒီကနေ့ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားများသာ ပြောနေပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ခြင်းမရှိတဲ့ လက်နက်ကိုင်အင်အားများနဲ့ နယ်မြေကျယ်ပြန့်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ SSPP/SSA၊ PSLO၊ PNO အဖွဲ့တွေက မဒတက ခွဲထွက်ပြီးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းဒေသမှာ အခြေခြလှုပ်ရှားကြတဲ့  KIO နဲ့ အပေါင်းအပါအဖွဲ့တွေက စစ်အာဏာသိမ်းအစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ယူပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး အကျိုးစီးပွားဖြစ်ထွန်းရေးတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ မြောက်ပိုင်းမှာ အခြေချနေထိုင်လှုပ်ရှားတဲ့ ဗကပ အဖွဲ့ကိုလည်း ဒေသခံ “ဝ” တပ်ဖွဲ့ဖြစ်တဲ့ ဒီကနေ့ UWSA  (“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) ဖြစ်လာတဲ့သူတွေက အာဏာသိမ်းခံလိုက်လို့ ဗကပလက်နက်ကိုင်လမ်းစဉ် ပျောက်ဆုံးလု နီးပါးထိ ဖြစ်သွားခဲ့ပါရတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေးစကားခံပြီး အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကလွဲရင် ၂၀၀၉ ခုနှစ်အထိ ရပ်တည်နိုင်ခဲ့တဲ့ KNU ဦးဆောင်တဲ့ မဒတအဖွဲ့ဝင်တွေဟာ အာဏာသိမ်းအစိုးရရဲ့ ထိုးစစ်ဆင်မှုပေါင်းမြောက်များစွာကို အပြင်းအထန်ခံခဲ့ရပါတယ်။ မဒတရဲ့နောက်ဆုံးပြုလုပ်ခဲ့တဲ့ ၁၉၉၇ ခုနှစ် စတုတ္ထအကြိမ် ညီလာခံမှာတော့ နဝတရဲ့ အပစ်ရပ်ရေး လမ်းစဉ်ဟာ မဒတဖြိုခွဲရေးအတွက်သာ ဖြစ်ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း မရှိဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

နဝတအစိုးရ လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြည်တွင်းငြိမ်းချမ်းရေးကို ပြောခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ နိုင်ငံကို ဦးဆောင်နေချိန်မှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာပါပဲ။ ကရင်တိုင်းရင်းသားများကလည်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး အစိုးရ တပ်မတော်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးအရ အသာယူမယ်ဆိုပြီး လုပ်ဆောင်ခဲ့ကြတာပါ။ နိုင်ငံရေးအရ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ကြသလို အစိုးရကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ငြိမ်းချမ်းရေးစကားတွေ ပြောခဲ့ကြတာပါပဲ။

မြန်မာနိုင်ငံ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ အစိုးရတပ်မတော်ကို ရင်ဆိုင်ဖြေရှင်းရာမှာသာ အသက်တွေ ဘဝတွေ ယုံကြည်ချက်အတွက် ရင်းလိုက်ကြရပေမယ့် နိုင်ငံရေးအရတော့ တိုင်းရင်းသား လက်နက်ကိုင်တွေက ခေတ်အဆက်ဆက် အနိုင်ရခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ဆိုတာ နိုင်ငံရေးယုံကြည်ချက် မရှိလို့မဖြစ်ပါဘူး။

ဗမာတိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား အစပြုပြီး မြန်မာ့နိုင်ငံရေးမှာ လက်နက်ကိုင်လမ်းစဉ်ကို ကြုံကြည်ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုဟာ ရည်မှန်းချက်၊ ရည်ရွယ်ချက် ပန်းတိုင်တူပေမယ့်လည်း လုပ်ကိုင်ဆောင်ရွက်ပုံတွေ ကွဲလွဲတာတွေရှိပါတယ်။ KIA အဖွဲ့ဟာ မဒတကနေ ခွဲထွက်ပြီးတော့ အစိုးရ၊ တပ်မတော်တို့နဲ့ နှစ်ပေါင်းများစွာ လက်နက်မစွန့်လွှတ်ဘဲ အပစ်ရပ်ထားပြီး ဖွံ့ဖြိုးရေးအမည်ခံတွေနဲ့ ပြုလုပ်သွားတာတွေရှိပါတယ်။ ကချင်လက်နက်ကိုင် ခေါင်းဆောင်တစ်ချို့နဲ့ “ဝ” အဖွဲ့က ခေါင်းဆောင်တစ်ချို့ ပါဝင်ပြီးတော့ လက်နက်ကိုင်တော်လှန်းရေး ခေါင်းဆောင်ကြီးတွေ သေနတ်ကိုင်ရင်း ချမ်းသာသွားကြားတာတွေလည်း အခုချိန်ထိရှိနေကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေးဟာ ဒီကနေထိ မြန်မာနိုင်ငံမှာ ရှင်သန်နေတုန်းပဲဖြစ်ပါတယ်။ KIA ခွဲထွက်သွားတဲ့ မဒတ အခန်းကဏ္ဍ ပြီးဆုံးသွားတဲ့နောက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်က နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခိုင်းချိန်မှာတော့ ကရင်လက်နက်ကိုင် တစ်ဖွဲ့ဖြစ်တဲ့ DKBA (ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်) က ခေါင်းဆောင်တစ်ချို့ကတော့ တပ်မတော်အလိုကျ နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲလိုက်ကြပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာတော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်ဟောင်းတွေလည်း ရှိနေပါတယ်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအပြီး အာဏာသိမ်းအစိုးရကို ဦးဆောင်တဲ့ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေဟာ တပ်မတော်ကို ဦးဆောင်ခဲ့ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့် မဖွဲ့စည်းတဲ့အတွက် (၁၇) နှစ်ကြာ အပစ်ရပ်ထားတဲ့ KIA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေဟာ ပြန်လည် စတင်ခဲ့သလို ကရင်ပြည်နယ်မှာရှိတဲ့ DKBA က BGF လက်မခံတဲ့ လက်နက်ကိုင်တွေကိုလည်း ၂၀၁၀ ခုနှစ်မှာ ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့ပါတယ်။

နိုင်ငံရေး အပြောင်းအလဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ရဲ့ အခန်းကဏ္ဍဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ အရင်နဲ့မတူတဲ့ အပြောင်းအလဲတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ အပြောင်းအလဲတွေထဲမှာ ငြိမ်းချမ်းရေးကဏ္ဍ ပါသလို နိုင်ငံရေးပါတီများ ထူထောင်လာကြသလို ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလို့ ပြောတဲ့ အရပ်ဝတ် တပ်မတော်သားဟောင်းတွေကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးတော့ အပြောင်းအလဲတွေကို အရှိန်အဟုန်နဲ့ လုပ်လာတာ တွေ့ရပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းတွေက UNFC တပ်ပေါင်းစုကြီးဖွဲ့ကြ၊ အစိုးရနဲ့တွေ့ကြ၊ အပစ်ရပ်စာချုပ်တွေ ရေးဆွဲကြ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြီးပဲ နယ်စပ်လွတ်မြောက်နယ်မြေမှာ အစည်းအဝေးတွေထိုင်ကြ၊ အငြင်းအခုံတွေဖြစ်ကြနဲ့ မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးကတော့ အရှန်အဟုန်နဲ့ပြေးနေသလို မြင်ရပေမယ့်လည်း ဦးသိန်းစိန်အစိုးရက တစ်ချို့ကို လက်မှတ်ထိုးကြမယ်။ တစ်ချို့တော့ လက်မခံနိုင်ဘူးဆိုပြီးတော့ ဆုံးဖြတ်ချက်တွေ ကြားထဲမှာ သဘောထားတွေကွဲသွားကြပြန်။

ဒီကနေ့အချိန်ထိတော့ သဘောထားတွေ၊ လုပ်ဟန်တွေကတော့ ကွဲလွဲနေဆဲပဲဖြစ်ပါတယ်။

NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပနေသလို တောထဲမှာလက်နက်ကိုင်နေတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့အစည်းတွေကလည်း ခြိမ့်ခြိမ့်သဲ ပစ်ခတ်နေကြတာ တွေ့နေရပါတယ်။ အမျိုးသားနိုင်ငံရေး တိုင်းရင်းသား တန်းတူ အခွင့်အရေးဆိုတဲ့ စကားလုံးတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွင်းမှာ ရိုးသားတဲ့ တောတောင်ထဲက ဒေသခံလူသားတွေမှာတော့ နှစ်ပေါင်း (၇၀) နီးပါး စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေရပါတယ်။

အပစ်အခတ်တွေကြားမှာ ဘယ်သူ့အတွက်မှန်း မသိဘဲ အသက်တွေ ပေးဆပ်သွားခဲ့ကြရတာ ဒီကနေ့အချိန်ထိ စာရင်းမရှိသေးဘူး။ ခေတ်အဆက်ဆက်က တိုင်ရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေသာ ရေတွက်လို့ ရချင်ရမယ်။ သေသွားတဲ့ ဒေသခံပြည်သူတွေကိုတော့ ရေတွက်ဖို့ ဘယ်သူမှလဲ အမှတ်မရကြသလို အသက်ရှင် ကျန်ရစ်တဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်တောင် ရေရေရာရာ တိတိကျကျ ဘာမှလုပ်ပေးကြတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးခရီးဟာ အစဉ်အလာအရ ဖြစ်ခဲ့သလိုပါပဲ။ ဒေသခံစစ်ဖြစ်နေတဲ့နေရာက ပြည်သူတွေလည်း ဒီကနေ့အချိန်ထိ အတည်တကျ မနေထိုင်နိုင်သေးသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာလည်း အတည်တကျ နေထိုင်လို့မရသေးဘဲ လက်နက်ကိုင်တိုက်ပွဲတွေကို ဆင်နွှဲနေဆဲဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာလည်း အစိုးရနဲ့ အဆင်မပြေလို့ ဒီကနေ့ထိ တန်းတူရေးကိုအခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်မတော်ရဲ့ ထိုးစစ်တွေကို ခံနေရတုန်းပါပဲ။

တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုအဖွဲ့တွေ ဖြစ်ခဲ့တဲ့၂၀၁၁ ခုနှစ်က လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ စုစည်းခဲ့တဲ့ UNFC ၊ ၁၉၉၀ မှာပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(မဒခမ – Democratic Alliance of Burma -DAB)၊ ၁၉၇၉ ခုနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ မဒတ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့တွေဟာ မြန်မာနိုင်ငံ အစိုးရ တပ်မတော်ကို ထိထိရောက်ရောက် နိုင်ငံရေးအရ ဒီကနေ့အချိန်ထိ ရည်မှန်းချက် ပန်းတိုင်ကို မရောက်မချင်း လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့တာဟာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

အခုဆိုရင် အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးဖောင်ဆောင်မှုတွေကို အတူတကွ လက်တွဲ လုပ်ဆောင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် NCA လက်မှတ်ထိုးပြီးသား KNU (ကရင်အမျိုးသား အစည်းအရုံး)၊ ABSDF (မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊  RCSS (သျှမ်းပြည်ပြန်လည် ထူထောင်ရေးကော်စီ)၊  ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)၊ DKBA (ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်)၊  PNLO (ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်)၊ KNU/KNLA-PC (ကရင် အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) NMSP (မွန်ပြည်သစ်ပါတီ)၊ LDU (လာဟူ ဒီမိုကရက်တစ်အစည်းအရုံး) အဖွဲ့တို့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံမှာ တက်ရောက်ဆွေးနွေးနေပါတယ်၊  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်နဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး စကားပြောနေဆဲ အဖွဲ့တွေတော့ မြောက်ပိုင်း မဟာမိတ်များဖြစ်တဲ့ UWSA (“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်)၊  KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)၊  AA (ရက္ခိုင့်တပ်မတော်)၊  TNLA (တအာင်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့)၊ MNDAA (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်)၊  SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)၊ NDAA (မိုင်းလား ဒီမိုကရက်တစ် တပ်မတော်) အဖွဲ့တို့ဟာ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ မြောက်ပိုင်းမှာ ယမ်းငွေ့တွေ ဝေနေပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့လည်း ဆွေးနွေးနေကြတုန်းဖြစ်သလိုပဲ တပ်မတော်နဲ့လည်း တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။ တိုက်ပွဲမဖြစ် NCA လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ UNFC အဖွဲ့ဝင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆိုတာက အပစ်အခတ်ရပ်စဲရေးပဲ။ ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ် အေးချမ်းရေးဖြစ်တယ် ဆိုတာ အားလုံး သိပြီးသားပါ။ စုပေါင်းနေထိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖော်ဆောင်မယ် ဆိုပြီးတော့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဆိုတဲ့ တိုင်းရင်းသား လူမျိုးစုကြီး (၈) မျိုးဟာ လွတ်လပ်ရေး မရခင်အတည်းက အင်္ဂလိပ် လက်အောက်မှာ နေထိုင်ခဲ့ကြရတာပါ။ အင်္ဂလိပ်တွေကလည်း လူမျိုးစုအလိုက် မတူအောင်ခွဲခြားပြီး အုပ်ချုပ်ခဲ့တာပါ။

မြန်မာနိုင်ငံ ပဒေသရာဇ် စနစ်အတွင်းမှာ ပထမ အင်္ဂလိပ် မြန်မာ စစ်မှာကတော့ ရခိုင်နဲ့ တနင်္သာရီကို သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယစစ်မှာတော့ ပဲခူးနဲ့ မုတ္တမအောက် မြန်မာပြည်ကို သိမ်းပိုက်ခဲ့ပြီးတော့ တတိယ အကြိမ်ဖြစ်တဲ့ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေမှာတော့ အထက်ဗမာပြည်ဆိုတဲ့ မန္တလေးကို သိမ်းပိုက်ပြီးတော့ တစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်မှာ ကျရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။ တနင်္သာရီကို အိန္ဒိယဘုရင်ခံ လက်အောက်မှာ ထားပြီးတော့ ရခိုင်ကို ဘင်္ဂလာား အစိုးရလက်အောက်ကို လွဲပြောင်းအုပ်ချုပ်ခဲ့ကြတာပါ။ ရှမ်းပြည် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို တစ်မျိုးစီ အုပ်ချုပ်ခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်မှာ ပုံသဏ္ဍာန်မတူတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ဒီကနေ့ တိုင်းရင်းသားအားလုံးကို ခွဲခြားထားခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက် မရောက်ခင် ကတည်းက မြန်မာနိုင်ငံဆိုတာ ဒီကနေ့ မြေပုံအတိုင်း မဖြစ်ခဲ့သေးပါဘူး။

အင်္ဂလိပ်လက်အောက်က လွတ်မြောက် သွားချိန်ကျမှသာ တိုင်းရင်းသား ခေါင်းဆောင်တွေ စုစည်းခဲ့လို့ အတူတကွ လွတ်လပ်ရေးယူခဲ့ကြလို့သာ တစုတည်း နေထိုင်တဲ့ တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို စနစ်တကျထူထောင်ဖို့ ကြိုးစားကြရင်း နှစ်ပေါင်း (၇၀) သာ ကျော်သွားတယ်။ တန်းတူမှုလည်း မရှိသေးဘူး။ တိုက်ပွဲတွေ ဆွေးနွေးပွဲတွေနဲ့သာ တန်းတူညီမျှရေး၊ ပြည်ထောင်စု တည်ဆောက်ရေးကို တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

အစိုးရနဲ့ အဆင်ပြေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တပ်မတော်ရဲ့ ဒို့တာဝန်အရေး (၃) ပါး၊ တပ်မတော်မူ (၆) ချက် အောက်ကနေ NCA စာချုပ်ကို အကောင်အထည်ဖော် နေပါတယ်။ ရည်မှန်းချက်နဲ့ ရည်ရွယ်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတွေ ရရှိအောင်ဆိုပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရလဒ်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းပြီးတော့ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း တစ်နှင့် နှစ်ခွဲပြီးတော့ လွှတ်တော်မှာ ဆုံးဖြတ်ချက် ရယူကြမှာ ဖြစ်ပါတယ်။

လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တန်းတူညီမျှရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) နီးပါး လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဖက်ဒရယ် မျှော်လင့်ချက်ဟာ အဆင်မပြေခဲ့ပါဘူး။ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ငြိမ်းချမ်းရေးတွေကလည်း ခဏတာပဲ ဖြစ်ခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်ကလည်း အမြင်မတူလို့ NCA မထိုးလို့ ထိုးစစ်ဆင်မှုတွေနဲ့ နယ်မြေရှင်းလင်းရေးတွေ ဆိုတာကလည်း အဖြေတစ်ခုတော့ မဟုတ်ပါဘူး။

အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ရည်ရွယ်ချက် မျှော်လင့်ချက်တွေနဲ့ ဖော်ဆောင်တဲ့ နေရာမှာ လက်နက်ကိုင်နည်းလမ်းတဲ့ အဖြေရှာတဲ့ ရာစုနှစ်တွေဟာ ကုန်ဆုံးခဲ့ပါပြီ။ ပြည်တွင်းစစ် ရပ်စဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာတွေကို ဒီကနေ့အချိန်မှာ ဆွေးနွေး အဖြေရှာမှသာ အောင်မြင်မှုရနိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ ပွင့်လင်းမြင်သာမှု ရှိလာတဲ့ ခေတ်စနစ် အောက်မှာ လွန်ခဲ့တဲ့ နှစ် (၇၀) က အခြေအနေကို သင်္ခန်းစာယူပြီးတော့ အစိုးရတပ်မတော် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေဟာ စစ်ပြေးဒုက္ခသည်တွေနဲ့ စစ်ကြောင့် ပျက်စီးသွားရတဲ့ မိသားစုတွေကို ကိုယ်ချင်းစာပြီးတော့ ငြိမ်းချမ်းရေးကို သေနတ်ပစ် ဖြေရှင်းနေတာတွေ ရပ်သင့်ပါပြီ။

မြန်မာနိုင်ငံဟာ မတည်ငြိမ်မှုတွေကြားထဲမှာ တစ်နိုင်ငံလုံး အမှောင်ဖုံးခဲ့ရတဲ့ နှစ်ပေါင်းများစွာကို ကျွန်တော်တို့ ပြန် မသွားလိုတော့ပါဘူး။ တစ်နိုင်ငံလုံးသော ပြည်သူတွေဟာလည်း ငြိမ်းချမ်းရေးကို လိုလား တောင့်တနေပါပြီ။ မငြိမ်းချမ်းသေးတဲ့ ပြည်တွင်းစစ်ကြီးကို ရပ်တန့်ဖို့ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ အဖြေရှာသင့်တဲ့အချိန်ကို ရောက်နေတဲ့အတွက် သေနတ်သံတွေ ရပ်ထားပြီးတော့ အားလုံးတန်းတူညီမျှတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို လျှောက်လှမ်းနိုင်ဖို့ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိရှိ ဝိုင်းဝန်းဆွေးနွေး အဖြေရှာသင့်တဲ့ ခေတ် စနစ်ထဲကို ရောက်နေပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ။

 

28117431_170220077096758_185745366_nဝင်းဇော်နိုင် သည် ရန်ကုန်အခြေစိုက် Venus News Weekly Journal, Shwe Myitmakha Media Group, Federal Journal တို့တွင် သတင်းအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်း၊ ဆောင်းပါးများကို ပြည်တွင်း သတင်းမီဒီယာများတွင် အထူးပြုရေးသားနေသူဖြစ်ဖြစ်သည်။

Related Post

Comments

comments

Root Agency