စစ်တွေတွင် ပေါက်ကွဲမှု ၄ နေရာ ဖြစ်ပွား၊ ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေး ထိပ်သီးများကို ပစ်မှတ်ထားလာ

By Admin | Posted on February 24, 2018 | Also posted in News, North Rakhine | | Tagged , , |

2738 Views

Sittwe Bombing

RiA

စစ်တွေ၊ ဖေဖေါ်ဝါရီ ၂၄ ရက်။ ယနေ့ နံနက် ၄ နာရီအချိန်ခန့်က ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော် စစ်တွေရှိ နေရာ ၃ ခုတွင် ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အထွေထွေအုပ်ချူပ်ရေး ဦစီးဌာန ဦးစီးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနီး၊ စစ်တွေ ခရိုင်တရားရုံးအနီး၊ ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံး အနီးတို့ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်။ မိုင်းပေါက်ကွဲတာ မှန်ပါတယ်။ သုံးနေရာ လေးလုံးပေါက်ကွဲတယ်။ မပေါက်ကွဲသေးတာ သုံးလုံး ကျန်သေးတယ်။ အခုက ဒီလောက်ပဲပြောလို့ရမယ်။ သတင်းအတိကျကို ပြောလို့မရသေးပါဘူး။” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက RiA သို့ အတည်ပြုပြောကြားသည်။

မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကို ရှင်းလင်းနေသော်လည်း ထိခိုက်ဒဏ်ရာရသူများနှင့် ပေါက်ကွဲခဲ့သည့် သတင်း အသေးစိပ် အချက်အလက်များကိုမူ ယခုအချိန်တွင် ထုတ်ဖော်ပြောကြား၍ မရသေးဟု ပြည်နယ်ရဲမှူးကြီးက ဆိုသည်။

စစ်တွေမြို့သည် အကြမ်းဖက်တိုက်ခိုက်သူများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေပြီး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မြို့၏ လုံခြုံရေးကို တင်းကြပ်ထားခြင်းဖြစ်သလို မြို့ဝင်မြို့ထွက် ဂိတ်များတွင် နေ့စဉ် စစ်ဆေးမှုများ ရှိနေခဲ့သည်ကြားက ယခုလို ပေါက်ကွဲမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှု မတိုင်မီ သီတင်းပတ် ၃ ခု အလိုကတည်းက ရခိုင်အင်တာနက် အသုံးပြုသူများ အသိုင်းအဝန်းတွင် ပြည်နယ် ထွေထွေအုပ်ချူပ်ရေးဦးစီးမှူး ဦးတင်မောင်ဆွေအပါအဝင် ပြည်နယ်အုပ်ချူပ်ရေးထိပ်သီးများကို ပစ်မှတ်ထား၍ လုပ်ကြံတိုက်ခိုက်မှုများ ရှိလာစေရန် လှုံဆော်မှုများ ရှိနေသည်။

ဇန်နဝါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဆူပူမှုတွင် အရပ်သား ၇ ဦး သေဆုံးစေခဲ့မှုသည် မြောက်ဦးမြို့နယ် အုပ်ချူပ်ရေးမှူး (ဟောင်း) ဦးဘိုဘိုမင်းသိုက်၏ တာဝန်မကင်းကြောင်းနှင့် ၎င်းအား အရေးယူအပြစ်ပေးသင့်ကြောင်းလည်း ရခိုင်အင်တာနက်အသုံးပြုသူများကြားတွင် ကျယ်ပြန့်စွာ ရေးသားမှုများ ရှိခဲ့ပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ယင်းအပြင် ကျူးလွန်သူတို့က ၎င်း၏ ကားကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ထိုသေဆုံးမှုများနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ ဒေသခံများကို ဖမ်းဆီးခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေချိန်လည်း ဖြစ်ပြီး ကျူးလွန်မှုများအား ရခိုင်တပ်မတော်မှ အကွက်ချစီမံခဲ့သည်ဟု ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း AA မှ တုံ့ပြန်ပြောကြားထားသည်။

ယနေ့တွင် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍မူ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်းကို လတ်တလောတွင် ပြည်ထဲရေးအပါအဝင် နိုင်ငံတော်မှ အတည်ပြု ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း စစ်တွေမြို့မ ရဲစခန်းအပါအဝင် တပ်မတော်၏ သတင်းတပ်ဖွဲ့ ယူနစ်အချို့မှ စစ်တွေမြို့တွင် နေထိုင်သော အရာရှိ နေအိမ်တချို့ကို ဗုံးဆင်တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများ ရှိခဲ့ပြီး အချိန်မီ ရှင်းလင်းနိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစုံတရာ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပါ။

သတင်းဓာတ်ပုံ – ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တွေမြို့၏ လမ်းမတချို့ကို ပိတ်ထားလိုက်သည် (ဓာတ်ပုံ – RiA)

Related Post

Comments

comments

Root Agency