ကမန်တိုင်းရင်းသားများကို အစိုးရက ဘင်္ဂလီဟု ရေးသားမှု ဖြေရှင်းပေးရန် တောင်းဆို

By Admin | Posted on February 26, 2018 | Also posted in News, South Rakhine | | Tagged , |

1516 Views

Kamannn

အောင်အောင်ထူး/ RiA ၊

သံတွဲ၊ ဖေဖော်ဝါရီ ၂၆ ရက်။ ကမန်တိုင်းရင်းသားများအား ဘင်္ဂလီဟု အစိုးရက ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ကမန်တိုင်းရင်းသားလူမှုကွန်ယက်က တောင်းဆိုလိုက်သည်။

၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ကျောင်းသားစာရင်းများအား စာစစ်ဦးစီးဌာနက ထုတ်ပြန်လာရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကမန်တိုင်းရင်းသား ကျောင်းသားများ၏ လူမျိုးအမည်ကို ဘင်္ဂလီဟု ဖေါ်ပြပါရှိလာမှုအပေါ် ဖြေရှင်းပေးဖို့ ယခုလို တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ ကျနော်တို့ ကမန်တိုင်းရင်းသားကွန်ယက်ကို ကျောင်းသားမိဖတွေက လက်မှတ်ထိုးပြီး စာပို့တယ်။ ကျနော်တို့က ဒါကို စာမေးပွဲမစစ်ခင် သီးသန့်ဖြေရတဲ့ ပုံစံမဖြစ်အောင် ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံကို ဒီနေ့ပဲ စာပို့ထားတယ်။” ဟု ကမန်တိုင်းရင်းသား လူမှုကွန်ယက် ဒုဥက္ကဌ ဦးမင်းနိုင်က RiA သို့ ပြောသည်။

အဆိုပါ ကျောင်းသားများမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က ဖြစ်ပြီး စာမေးပွဲကိုလည်း သီးခြားခွဲ၍ ဖြေဆိုရန် စီစဉ်ခံထားရသည်ဟု ဦးမင်းနိုင်က ဆိုသည်။

သို့ရာတွင် ပညာရေးဌာနအနေဖြင့် ကမန်တိုင်းရင်းသားများအား သီးသန့်ခွဲခြား၍ ဖြေဆိုရန် စီစဉ်ထားခြင်း လုံးဝမရှိသလို စာမေးပွဲစစ်ဆေးနေစဉ်တွင်လည်း လာရောက် ကြည့်ရှုနိုင်သည်ဟု သံတွဲမြို့နယ် ပညာရေးမှူး ဦးစိုးဝင်းက RiA သို့ ပြောသည်။

“ကျနော်တို့မှာ ခွဲပြီးဘာမှမထုတ်ဘူး။ အားလုံးပေါင်းဖြေရမှာပါ။ စာမေးပွဲစစ်တဲ့အခါ လာကြည့်ချင်ကြည့်။ ဘူးသီးတောင်၊ မောင်တောတောင် အဲလိုလုပ်လို့မရဘူး။”

အစ္စလမ်ဘာသာအား ကိုးကွယ်ယုံကြည်ကြသည့် တိုင်းရင်းသား ကမန်လူမျိုးများသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရခိုင်ပဋိပက္ခအတွင်း ရိုဟင်ဂျာအရေးလှုပ်ရှားကြသူများ (ဒေသအခေါ် ဘင်္ဂလီ) နှင့် ဗုဒ္ဓဘာသာဝင် ဒေသခံတို့ကြားတွင် ၎င်းတို့၏ မူလရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးလျက်ရှိသည်ဟု ကမန်တိုင်းရင်းသားများက ဆိုသည်။

ကမန်တိုင်းရင်းသားများသည် ၂၀၁၂ ခုနှစ်မတိုင်မီက ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် သွားလာခွင့်ကို ရရှိခဲ့သော်လည်း ပဋိပက္ခများအလွန်တွင် ဒုက္ခသည်စခန်းများတွင် နေရာချပေးထားခြင်းကို ခံခဲ့ကြရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ပညာရေး ပြည်ထောင်စု ဝန်ကြီးဌာနတို့ကြား ကမန်တို့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိဖို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားစာရင်းများကို ထုတ်ပြန်လာရာ၌ ကမန်လူမျိုးအစား ဘင်္ဂလီဟု ထည့်သွင်းလာသဖြင့် ယခုကိစ္စအပေါ် အဆောတလျင် ဖြေရှင်းပေးဖို့ ကမန်တိုင်းရင်းသားများက လိုလားနေကြသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား ဦးရေပေါင်း ၄၄၆၀၃ ဦးထိ ရှိပြီး စာမေးပွဲကို လာမည့် မတ်လ ၇ ရက်နေ့မှစတင်ကာ ၁၆ ရက်နေ့ထိ စစ်ဆေးသွားမည် ဖြစ်သည်။

သတင်းဓာတ်ပုံ – ကမန်တိုင်းရင်းသားများအား ဘင်္ဂလီဟု ထည့်သွင်းဖော်ပြလာသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားများစာရင်း

Related Post

Comments

comments

Root Agency