စစ်တွေ ဗုံးတိုက်ခိုက်မှု ANC နှင့် ဘယ်လို ပတ်သက်နေသလဲ

စစ်တွေ ဗုံးတိုက်ခိုက်မှု ANC နှင့် ဘယ်လို ပတ်သက်နေသလဲ

By Admin | Posted on February 27, 2018 | Also posted in Interview | | Tagged , , |

2127 Views

U Naing Soe

RiA

စစ်တွေ၊ ဖေဖေါ်ဝါရီ ၂၈ ရက်။

စစ်တွေ ဗုံးတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီ ANC က ဆိုသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရရုံး အဆောက်ဦများကို ဖောက်ခွဲရန် တပ်ဆင် ထားရှိသည့် အဝေးထိန်းမိုင်း ၆ လုံးတွင် ၃ လုံးပေါက်ကွဲခဲ့ပြီး ကျန် ၃ လုံးကို မပေါက်ကွဲမီ ရှင်းလင်းဖယ်ရှား နိုင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ကျူးလွန်ခဲ့သူများအဖြစ် ဒေသခံ ၅ ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူ ၅ ဦးတွင် ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး တစ်နိုင်ငံလုံး အပစ်အခတ် လက်မှတ်ရေးထိုးရေး NCA စာချူပ်တွင် ပါဝင်နိုင်ရေး ညှိနှိုင်းနေသော ရခိုင်ပြည်အမျိုးသား ကောင်စီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်း ပါဝင်နေသည်။

ထိုသို့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် ရခိုင်ပြည်အမျိုးသားကောင်စီ ANC မှ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် “စစ်တွေမြို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် မိမိတို့ ANC အနေဖြင့် ဖြစ်စေ၊ အဖွဲ့ဝင်များအနေဖြင့် ဖြစ်စေ ပါဝင်ပတ်သက်မှု မရှိပါကြောင်း အတိအလင်းဖော်ပြပါလိုပါသည်” ဟု ရေးသား ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ RiA မှ ရခိုင်ပြည်အမျိုးသားကောင်စီ ၏ ဗဟိုအထွေထွေအတွင်းရေးမှူးကို ယခုလို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

RiA ။ ။ ကိုထွန်းဇော်တို့ ANC က ထိပ်သီးတစ်ဦးကို စစ်တွေ ဗုံးတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတယ် ဆိုတော့ ဒီကိစ္စအပေါ် ထုတ်ပြန်ချက် ကြေညာထားတာတော့ ဒီကနေ့မှာ တွေ့ရပါတယ်။ ဒီအပြင် ဘာတွေများ သီးခြား ဆောင်ရွက်နေတာ ရှိပါသလဲ။

TZ/ANC ။ ။ ဒီကနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေးကော်မရှင်ကို ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်စာပို့ပြီး မေတ္တာရပ်ခံထားတာ ရှိပါတယ်။

RiA ။ ။ ဟုတ်ကဲ့။ မေတ္တာရပ်ခံစာ ပေးပို့တာက ဖမ်းဆီးခံထားရသူတွေ အားလုံး လွတ်မြောက်ပေးဖို့ အတွက်လား။ ဒီလိုမှမဟုတ်ရင် ANC အဖွဲ့ဝင်အတွက်ပဲလား ခင်ဗျား။

TZ/ANC ။ ။ ကျနော်တို့နဲ့ ကိုနိုင်စိုးနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒါကြောင့် ကိုနိုင်စိုးကိစ္စကိုပဲ အဓိက ပြောထားပါတယ်။ ကျန်တဲ့ လူကိစ္စတွေကတော့ သဘောထား ထုတ်ပြန်ချက်အတိုင်းပဲ ဖြစ်ပါတယ်။

RiA ။ ။ ဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ငြိမ်းချမ်းရေးကော်မရှင်ဆီကို မေတ္တာရပ်ခံထားချက်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။

TZ/ANC ။ ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမှန်တကယ် လက်တွေ့ကျကျ ဖော်ဆောင်နေတယ်ဆိုရင်တော့ အပြစ်မရှိတဲ့လူကို လွှတ်ကို လွှတ်ပေးရမှာပဲ ဖြစ်ပါတယ်။

RiA ။ ။ ကိုထွန်းဇော်တို့ဘက်ကရော ကိုနိုင်စိုး အဲဒီအမှုနဲ့ လုံးဝကင်းလွတ်ကြောင်း ဘာအထောက်အထားနဲ့ ပြနိုင်ပါသလဲ။

TZ/ANC ။ ။ သူ ရောက်ရှိနေတဲ့ အခြေအနေနဲ့ မှုခင်းဖြစ်စဉ်ကြားမှာ သူပါဝင်မှု ရှိမရှိ၊ သူနဲ့ မသက်ဆိုင်ကြောင်း မြေပြင်အခြေအနေက အဓိက သက်သေပါ။ ထပ်လောင်း အာမခံနိုင်တာက ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက ပါဝင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီတိုင်းပြည်ရဲ့ နှစ် (၇၀) ကျော် ပြည်တွင်းစစ်မှာ နိုင်ငံရေးပြဿနာကြောင့် ဖြစ်တယ်။ အဲဒီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ သဘောထားကိုပဲ လက်ရှိအချိန်ထိ အခိုင်အမာ ကိုင်စွဲထားပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ စစ်တွေ ဗုံးပေါက်ကွဲမှု အဖြစ်အပျက်က ကျနော်တို့ ရပ်တည်ချက် မူဝါဒ လမ်းစဉ်နဲ့ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အဖွဲ့ဝင် ခေါင်းဆောင်တစ်ယောက်က မူဝါဒ ဆန့်ကျင်ဖက် ဖြစ်စေတဲံ လုပ်ငန်းတွေကို အကောင်ထည်ဖော်လို့ မရသလို ပါဝင်လို့လည်း မရပါ။ ကျနော်တို့ အဖွဲ့ဝင်တိုင်းက အဖွဲ့အစည်းက ချမှတ်ထားတဲ့ မူဝါဒ လမ်းစဉ်နဲ့ အညီပဲ ကျင့်ကြံလိုက်နာ လုပ်ဆောင်ရတာပါ။

RiA ။ ။ ဟုတ်ကဲ့။ ကိုနိုင်စိုးကို ခုလို စစ်တွေ ဗုံးတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ဖမ်းဆီးတယ်လို့များ ANC ပြောနိုင်မလဲ။ ကျနော်တို့ သိရသလောက် ကိုနိုင်စိုးကို ၂၀၀၉ ခုနှစ်တုန်းက သူ့နေအိမ်ကနေ ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးအပြစ်ပေးဖူးပါတယ်။ ကိုထွန်းဇော်တို့က ဒီကိစ္စအပေါ်ရော ဘာများ ပြောချင်ပါသလဲ။

TZ/ANC ။ ။ သံသယနဲ့ အထင်သက်သက်နဲ့ ဖမ်းဆီးသွားပါတယ်။ လာဖမ်းတဲ့ အာဏာပိုင်တွေကို မိသားစုဝင်တွေက မေးမြန်းတော့ တုံ့ပြန်ဖြေကြားတာက အထက်အမိန့်အရလို့ ဆိုပါတယ်။ ဒါကြောင့် ကိုနိုင်စိုးကို ဖမ်းဆီးရခြင်း အကြောင်းအရင်းက အထက်အမိန့်အရ ဖြစ်ပါတယ်။ အထက်အမိန့်ဆိုတော့ အထက်က ဘယ်အဆင့်ထိလဲ မသိ။ မြန်မာပြည်မှာ အထက်လို့ ပြောလိုက်ရင် အမြင့်ဆုံးက နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချူပ်တို့ပဲ ရှိပါတယ်။ အဲဒီအဆင့်က လာတာလား မပြောနိုင်ပါဘူး။

RiA ။ ။ သံသယနဲ့၊ အထင်သက်သက်နဲ့ ဖမ်းဆီးသွားတယ်ဆိုတော့၊ ကိုနိုင်စိုးကို ဘာကြောင့် သံသယ ဝင်ရတယ်လို့ ယူဆပါသလဲ။

TZ/ANC ။ ။ ကိုနိုင်စိုးက ANC ၏ အဖွဲ့ဝင် ခေါင်းဆောင်တစ်ဦး ဖြစ်တယ်။ ANC က NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးနေတာ ဒီနေ့ချိန်ထိ ပြေလည်မှု မရှိသေးပါဘူး။ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်း တစ်ခုမှာ အဖွဲ့ဝင်၊ အရင်က နိုင်ငံရေးအရ တက်ကြွလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရဖူးတဲ့ နောက်ကြောင်းရာဇဝင်တွေအပေါ်မှာ သံသယဝင်တာလား မဆိုနိုင်ပါဘူး။ အတိအကျကတော့ တစ်ဖက်အစိုးရ အာဏာပိုင်တွေကပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။

RiA ။ ။ ဆိုတော့ ကိုထွန်းဇော်တို့ ANC ရဲ့ ခေါင်းဆောင် ယခုလို ဖမ်းဆီးခံထားရမှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံနဲ့ ငြိမ်းချမ်းရေးကော်မရှင်တီကို မေတ္တာရပ်ခံစာပို့ တင်ပြထားမှုအပြင် တခြား ဘာတွေများ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

TZ/ANC ။ ။ သူ လွတ်မြောက်ရေးအတွက် ကျနော်တို့ တတ်နိုင်သလောက် ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ လတ်တလောမှာ သူ့အနေနဲ့ ကျန်းမာရေး မကောင်းတောာ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု ပုံမှန် ရရှိဖို့ သူ့အခြေအနေအပေါ်မှာ မူတည်ပြီး ကူညီဆောင်ရွက်ပေးသွားပါမယ်။ ဥပဒေကြောင်းအရလည်း အမှန်တရားနဲ့ တရားမျှတမှုရှိစေဖို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်။

Related Post

Comments

comments

Root Agency