ရခိုင်မြောက်ပိုင်းကို ရွေ့ပြောင်းဝင်ရောက်သူ မြန်မာ ၂၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်ဖွယ်ရှိ

By Admin | Posted on March 1, 2018 | Also posted in News, North Rakhine | | Tagged , , |

1840 Views

ThinbawGwe to Inndin to Kotangkout

အောင်အောင်ထူး/ RiA ၊

ရခိုင်မြောက်ပိုင်းသို့ ရွေ့ပြောင်းဝင်ရောက်လာကြသည့် မြန်မာ ၂၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာမှုများပြားခဲ့သည့် ထိုဒေသတွင် လာရောက် နေထိုင်သူများအနေဖြင့် အခွင့်အရေးများ ရရှိမည်ဟု သတင်းများအပေါ် အခြေပြု၍ လာရောက်ခဲ့ခြင်းဖြစ်သော်လည်း လက်တွေ့တွင် ယခုလို ဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လအလွန် မောင်တောဒေသသို့ မြန်မာနိုင်ငံရှိ မြို့နယ်အချို့က တိုင်းရင်းသားများ ဝင်ရောက်မှု ရှိနေပြီး ယင်းအထဲမှ လူဦးရေ (၂၀၀) နီးပါး ပါဝင်သည့် မိသားစု ၆၈ စုမှာ မောင်တောဒေသ တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ အခြေချခဲ့ကြသည်။

သံတွဲ၊ ကျောက်တော်၊ ရန်ကုန်၊ မော်လမြိုင်မြို့မှ ရွေ့ပြောင်းလာကြသည့် အဆိုပါ မိသားစု ၆၈ စုမှာ မူလက ကြုံရာကျပန်း လုပ်ကိုင်သူ အများစုဖြစ်ပြီး နေအိမ်ပိုင်ဆိုင်မှု မရှိသူများလည်း ဖြစ်ကာ ရခိုင်မြောက်ပိုင်းသို့ အခြေချရန် အပြီးတိုင် လာခဲ့ခြင်း ဖြစ်သည်ဟု ရွေ့ပြောင်းဝင်ရောက်သူများက ဆိုသည်။

“ဒီမှာနေလို့ရတယ်။ လယ်ယာမြေကွက်တွေနဲ့ လုပ်စားစရာတွေလည်း အများကြီးရှိတယ်။ ပင်လယ်နဲ့လည်း လုပ်စားလို့ ရတယ် ဆိုပြီးတော့ မိသားစုတစ်စုက သတင်းပို့ပါတယ်။ သံတွဲမှာလည်း အိမ်မရှိပါဘူး။ အလုပ်သမားရုံအောက်မှာ နေပြီးတော့ လုပ်စားနေခဲ့တာပါ” ဟု ရွေ့ပြောင်းဝင်ရောက်လာသူ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ဦးခင်မောင်သန်းက RiA သို့ ပြောသည်။

ထိုမိသားစုများအား ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ နောက်ဆုံးထားကာ ဖယ်ရှားပေးဖို့ မောင်တောခရိုင်အုပ်ချူပ်ရေးမှူးက ညွှန်ကြားခဲ့ပြီးနောက် မိသားစု ၄၀ ကျော်မှာ ထိုနေရာမှ ထွက်ခွာသွားပြီး ကျန် မိသားစု ၂၀ ကျော်မှာ ကျန်ရှိနေသေးသည်။

“ဒီနေရာက လုံးဝကို မပြောင်းချင်ဘူး။ ဘာလို့လည်းဆိုရင် ဒီမှာ နေသားကျပါပြီ။” ဟု ဦးခင်မောင်သန်းက ဆိုသည်။

သင်္ဘောကွေ့ကျေးရွာမှ ထွက်ခွာသွားကြသည့် မိသားစုများမှာ အင်းဒင်ကျေးရွာအနီးသို့ ရွေ့ပြောင်းခဲ့ကြသည်။

လူဦးရေ ၆ သိန်းထက်မနည်း နေရပ်စွန့်ခွာခဲ့သည့် ရခိုင်မြောက်ပိုင်းသို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် လာရောက် အခြေချ နေထိုင်မည်ဆိုပါက မြေနှင့် အိမ်အပါအဝင် လုပ်ကိုင်စားသောက်စရာ အခွင့်အလမ်းများ ရရှိမည်ဟု လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ရေးသားမှုများ ရှိနေသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အစိုးရ အပါအဝင် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များကလည်း ၎င်းတို့ အစီစဉ်ဖြင့် လုပ်ကိုင်နေကြရာတွင် ရခိုင်အမျိုးသား နယ်မြေပြန်လည် ထူထောင်ရေး (CRR) လည်း ပါဝင်သည်။

CRR ကို ဒေသ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြောင်းရွေ့နေထိုင်သူ လူဦးရေ ၁၀၀ နီးပါကို ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာတွင် နေအိမ်များ ဆောက်လုပ်ပေးထားသည်။

လက်ရှိတွင် သင်္ဘောကွေ့ ကျေးရွာမှ မိသားစု ၆၈ စုကို အစိုးရမှ ဖယ်ရှားပေးရန် ညွှန်ကြားထားရာ CRR အနေဖြင့် အဆိုပါ ရွှေ့ပြောင်းသူများ နေထိုင်လိုပါက ၎င်းတို့က စီစဉ်ပေးနိုင်သည်ဟု အဖွဲ့၏ ဥက္ကဌ ဒေါက်တာ အေးချမ်းက ပြောသည်။

“သူတို့က အခု ကျနော်တို့လဲ ဒီမှာနေချင်တယ်ဆိုပြီး လာပြီး ပေါင်းပြီးနေကြတယ်။ ကျနော်တို့မှာက ကျနော်တို့ ဆက်သွယ်ပြီးတော့ စနစ်တကျလက်ခံထားတဲ့ သူတွေ။ ဒါကြောင့် သူတို့ကို ဦးစားပေး အိမ်ဆောက်ပေးထားတယ်။ ဟိုဖက်ရွာက ပြောင်းလာသူတွေက ကျနော်တို့နဲ့ ဆက်စပ်မှုမရှိ။ ကျနော်တို့ ခေါ်ထားတာမဟုတ်။ ကျနော်တို့ကို ပြောထားတာလဲမရှိ။ ဒီမှာနေတာကလဲ ကျနော်တို့ ဘာမှကန့်ကွက်စရာမလို။ သူတို့က ဒီမှာနေချင်တယ်လို့ ပြောလာ ရင်တော့ ကျနော်တို့ အိမ်ဆောက်ပေးသွားမယ်။” ဟု CRR အဖွဲ့၏ ဥက္ကဌ ဒေါက်တာ အေးချမ်းက RiA သို့ ပြောသည်။

CRR ၏ အစီစဉ်ဖြင့် ဝင်ရောက်လာသူများအား RiA မှ ဇန်နဝါရီလအတွင်းက သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် နေထိုင် စားသောက်ရမှုသည် အဆင်မပြေဖြစ်နေကြောင်းနှင့် အလုပ်အကိုင်များလည်း ဖန်တီးပေးလာခြင်း မရှိဟု ဆိုသည်။

သတင်းမြေပုံ – သင်္ဘောကွဲရွာမှ ကိုးတန်ကောက်ကျေးရွာသို့ ပြောင်းရွေ့ထွက်ခွာလာရသည့် ရွေ့ပြောင်းမြန်မာလူမျိုးများ၏ သွားရာလမ်းကြောင်း (File: RiA)

Related Post

Comments

comments

Root Agency